စစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၏ တောင်ပိုင်း၊ အရှေ့စံသာကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ မိသား စုဝင် ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့၊  ည ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်သည် အရှေ့စံသာကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိမ်ထဲတွင် အိပ်ပျော်နေကြ သော မိသားစုဝင်များ ထိမှန်ပြီး အငယ်ဆုံးသားဖြစ်သူ အသက် ၅ နှစ် အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးကာ ကျန်မိသားစုဝင်များမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီး ရမ်းသမ်းပစ်တော့ မိသားစုဝင်တွေ အိပ်ပျော်နေတဲ့ချိန် လက်နက်ကြီးကျတော့ အမေဖြစ်သူဆို ညာ ခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်ရတယ်။ သားတယောက်ဆိုရင် ဦးခေါင်းမှာ ဒဏ်ရာရထားတယ်။ စိုးရိမ် ရတဲ့ အနေအထားမှာရှိတယ်။ ပြီးရင် ၁၂ နှစ်အရွယ်ကလေးကလည်း ထိခိုက်ထားတယ်။ ဘယ်နေရာ ထိခိုက် လဲတော့ မသိဘူး။ မစိုးရိမ်ရဘူးလို့ပြောတယ်။ ပြီးတော့ အငယ်ဆုံးသားလေးကျတော့ ခေါင်းတောင် ပါမလာ တော့ဘူး။ တခါတည်း သေသွားတယ်” ဟု ပြောသည်။

ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာသား အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သေဆုံးခဲ့သေးသည်။

ကလေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညတိုင်းလိုလို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အရပ်သားပြည်သူ ထိခိုက်မှုလည်း ပိုများလာခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်တွင် ဇွန်လ အတွင်း အရပ်သား ၅ ဦး သေဆုံးပြီးဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ရှိနေပြီဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေဆိုတာက ကျွန်တော်တို့ထက် အများကြီး စီနီယာကျတယ်ကွာ၊ လက်နက်ကြီး ပစ်မယ်ဆိုရင် တောင်မှ ဒီဂရီတွေ ဘာတွေ အေးဆေးချိန်နိုင်တယ်ကွာ။ ပြီးရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်မှာ ရှိလဲ ဆိုတာ သူတို့ သိကောင်းသိနိုင်တယ်။ မသိရင်လဲ မသိဘူးပေါ့နော်။ ဒါပေမဲ့ ပစ်မယ်ဆိုလဲ ဘာလို့ဒီ ပြည်သူ တွေ ရှိတဲ့ရွာထဲကိုပဲ ပစ်ပြီးတော့ ပြည်သူတွေ ဒီလောက်ထိ သေဆုံး ထိခိုက်များနေတာလဲပေါ့။  ဒီလထဲမှာဆိုရင် စုစု ပေါင်း ပြည်သူသေဆုံးက ၅ ဦးရှိပြီ၊ အထိအခိုက်က ၂၀ ကျော် ၃၀ နီးပါးကပ်လာပြီ“ ဟု ကလေးမြို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်ပိုင်း ၉ နာရီခွဲ အချိန်ခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ် ၁၄ ကျောင်း အနီးတစ်ဝိုက်တွင် ဗုံးရှိသည်ဟုဆိုကာ ကင်းလှည့်ရင်း လက်နက်ကြီး လက်နက်ငယ်များ ဖြင့် အကြိမ်ပေါင်း ၃၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ်ရှိ လမ်းကြားများတွင် ကင်းပုန်းများချထားကာ လမ်းသွားလမ်းလာ ပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာနေသည်။

Most read this week

November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 7, 2024
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့်...