လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင် အယူခံဝင်မည်

လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောလှိုင် အယူခံဝင်မည်
by -
မဇ္စျိမ

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခြင်း ခံရသည့် စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် ရ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်၏အမှုကို တိုင်းကော်မရှင်သို့ တင်သွင်း အယူခံဝင် သွားမည်ဟု ရှေ့နေကြီး ဦးကိုနီက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ အမျိုးသားလွှတ်တော် အမှတ် ရ ကိုယ်စားလှယ်လောင်း ဦးစောလှိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဂူရဂေါင်းမြို့လေးတွင် အသဲအစားထိုးကုသမှု ခံယူရန်အတွက် ရောက်ရှိနေသည်ကို မတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
"တိုင်းဒေသကြီး ကော်မရှင်မှာ အယူခံလည်းတင်မယ်။ အထောက်အထားတွေလည်း တင်ပြီးတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုစားကြည့်မယ်" ဟု ဦးကိုနီက ပြောသည်။

ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ဦးစောလှိုင်၏ ဖခင်ဖြစ်သူသည် ဦးစောလှိုင် မွေးဖွားသည့် ၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံသား မဟုတ်ခဲ့ ဟူသည့် စွပ်စွဲချက်ဖြင့် ပယ်ချခံရခြင်းဟု ကြားသိနေရသော်လည်း ကာယကံရှင်ထံသို့ ကန့်ကွက်လွှာ ရောက်ရှိမလာသေးဟုလည်း ဦးကိုနီ က ပြောသည်။

သို့သော် ဦးစောလှိုင်၏ ဖခင်မှာ ၁၉၅၅ ခုနှစ် ကတည်းက တိုင်းရင်းသားလက်မှတ် ရရှိပြီးဖြစ်ပြီး အထောက် အထားများ လည်း ရှိပြီးဖြစ်သည်ဟုလည်း ဦးကိုနီက ပြောသည်။

"တကယ်ဆိုရင်တော့ ကိုစောလှိုင်ကို မွေးတဲ့အချိန်မှာ အဖေကော အမေကော တိုင်းရင်းသားတွေချည်းပဲ။ တရားဝင် စာရွက်စာတမ်းတွေက အင်းတော်မှာ ရှိပြီးသားပါ" ဟု မဇ္ဈိမကို ပြောသည်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ် လောင်း ဦးစောလှိုင်သည် ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း အင်းတော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူတဦးဖြစ် သည်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလက ကသာထောင်မှ ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

ဦးစောလှိုင်မှာ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းတွင် မဆလ အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခြင်းခံခဲ့ရသည်။

၁၉၉ဝ ရွေးကောက်ပွဲအပြီး စင်ပြိုင်အစိုးရဖွဲ့စည်းရေး လွှတ်တော်ကိုယ်စားလှယ်များး၏ လျို့ဝှက် အစည်းအဝေးများတွင် တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်အပြစ်ပေးခြင်းခံခဲ့ရသလို လွှတ်တော်ကိုယ်စား ပြု ကော်မတီအရေး တက်ကြွစွာ ပါဝင်မှု၊ ၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်း၊ ထို့နောက် ကွန်ပျူတာလက်ဝယ် ထားရှိမှု ပုံနှိပ်ဥပဒေ စသည်တို့ဖြင့် အစိုးရအဆက်ဆက်၏ ထောင်ချအပြစ်ပေးခြင်းအကြိမ်ကြိမ် ခဲ့ခဲ့ရသည့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး ဦးစောလှိုင်မှာ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်း ခံထားရ သူတဦးလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အနီး ဂူရဂေါင်းမြို့လေးသို့ အသဲအစားထိုးကုသမှု ခံယူရန် ရောက်ရှိနေသည့် ဦးစောလှိုင် က “အခုရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲများထက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပြီးတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ဖို့အတွက် စာရင်းပေးသွင်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

၁၉၉ဝ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသည် “နိုင်ငံသားဖြစ်ရမည်" ဟု ဖေါ်ပြထားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေတွင်မူ "နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ ဖြစ်ရမည်” ဟု တမူကွဲစွာ ဖေါ်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင် ၄၈ ဦးအနက် ၄၇ ဦးကို ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာပြီးဖြစ်သည်။