၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။
(ဗကပ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း နှင့် အင်တာဗျူး)
၂၀၁၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်အာဏာသိမ်းမှု နှစ် ၅၀ ပြည့်သည့်နေ့ ဖြစ်သည်။ ဦးနေဝင်း ခေါင်းဆောင်သည့် မဆလ လမ်းစဉ်ပါတီခေတ်ကို ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုဖြင့် ဖျက်သိမ်းနိုင်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဦးစီးသည့် နဝတ၊ နအဖ စစ်အစိုးရများ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။
ယနေ့ကာလတွင် ၂ဝဝ၈ အခြေခံဥပဒေအရ ၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ် အုပ်ချုပ်နေသည်မှာ တနှစ်ပြည့်မြောက်ပြီးလည်း ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အမြင်တွင်မူ ယနေ့ သမ္မတ ဦးသိန်းစိန်အစိုးရထိပင် စစ်အုပ်စု၊ စစ်အစိုးရ နှင့် စစ်အာဏာရှင် စနစ်တို့သာ စိုးမိုးလျက်ရှိသည်ဟု ဆိုသည်။ မြန်မာပြည် နိုင်ငံရေးတွင် သက်တမ်းအရင့် ဆုံး ပါတီကြီးဖြစ်သည့် ဗကပ အဘယ့်ကြောင့် ဒီလိုပြောနိုင်သနည်း။ အစိုးရအဆက်ဆက်နှင့် ဗကပ ဆက်ဆံရေးအတွေ့အကြံုအပေါ်မူတည်၍ စစ်အာဏာရှင်စနစ်ဟူ၍ မည်သို့ဖွဲ့တည်လာပုံ၊ ထိုစနစ်ကြောင့် တိုင်းပြည်ထိခိုက်နစ်နာရပုံနှင့် လက်ရှိ ဦးသိန်းစိန် အစိုးရအပေါ် အမြင်တို့ကို သိရှိနိုင်ရန် ဗကပပြောရေးဆို ခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းအား မဇ္စျိမသတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။
ဗကပ ကို အင်္ဂလိပ်လက်ထက် ၁၉၃၉ ခုနှစ်က မြေအောက်ပါတီအဖြစ် စတင်ထူထောင်ပြီးချိန်မှစ၍ မြေပေါ်ပါတီအဖြစ် သုံးနှစ်သာ ရပ်တည်နိုင်ခဲ့သည်။ မြေအောက်ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။
စစ်အာဏာရှင်စနစ် ရှိနေဆဲလား။ ရှိဆဲဆိုရင် ဘာ့ကြောင့် ရှိနေဆဲလို့ ပြောနိုင်ရလဲ။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ရှိနေတယ်လို့ ပြောနိုင်မလဲခင်ဗျ။
ဒီနေ့ ဗမာနိုင်ငံမှာ အာဏာရယူထားတဲ့ ဗိုလ်ချုပ်ဦးသိန်းစိန်အစိုးရဟာ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဝတ်အစားတွေ၊ အခေါ်အဝေါ်အသုံးအနှုန်းတွေ ဘယ်လိုပဲ ပြောင်းလဲထားပါစေ အပေါ်ယံနဲ့ အတွင်းအနှစ်သာရကို ခွဲကြည့်တတ်ကြဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်သူတွေရဲ့ အရည်အချင်း၊ `ရိုးသားမှုစတာတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။
သူတို့ အာဏာတက်လာတာဟာ ရွေးကောက်ပွဲနဲ့တက်လာတာလို့ ပြောကောင်း ပြောပါမယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ အလိမ်အညာ၊ အညစ်အပတ်ဖြစ်တယ်ဆိုတာ ပြည်တွင်းပြည်ပက အားလုံးသိပါတယ်။ ဗမာပြည်သူလူထုကပိုသိ ပါတယ်။ အဲဒီလောက် ပြောင်ကျတဲ့ ညစ်ပတ်မှုတခုကို ဘာလို့ လုပ်လို့ရသွားတာ လဲဆိုတော့ ရှင်းပါတယ်။ သေနတ်ရှိလို့ပါ၊ တနည်းပြောရရင် ရွေးကောက်ပွဲဟာ သေနတ်အင်အားနဲ့ အဆုံးအဖြတ် ပေးသွားတဲ့ အာဏာသိမ်းမှုတမျိုးပါပဲ။
ပြဿနာတခုက တချို့လူတွေဟာ ဗိုလ်ချုပ်သိန်းစိန်ကနေ ဦးသိန်းစိန်လို့ အခေါ်အဝေါ် ပြောင်းလိုက်တာကို ထောက်ပြပြီး စစ်အစိုးရမဟုတ်တော့ဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်နေဝင်းကနေ ဦးနေဝင်း လုပ်လိုက် တုန်းက တော့ အဲဒီလို မပြောကြဘူး။ ဦးနေဝင်းရဲ့ မဆလ ဝန်ကြီးအဖွဲ့၊ လွှတ်တော်ထဲမှာလည်း ‘အရပ်သား’ မျိုးစုံ ပါတာပဲ မဟုတ်လား။
စစ်တပ်က အာဏာကို ထိန်းထားတယ်လို့ပြောတဲ့အကြောင်း တွေထဲမှာ စစ်တပ်နဲ့ အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေ က ရာခိုင်နှုန်း ၉၀ ကျော် ပါဝင်တဲ့ ကာ/လုံအဖွဲ့ ဆိုတာကြီး တည်ရှိနေတာလည်း ပါပါတယ်။ ဒီအဖွဲ့ကြီးဟာ အာဏာ သိမ်းခြင်းနဲ့ အရေးပေါ် အခြေအနေ ကြေညာခြင်းတို့လို အရေးကြီးတဲ့အရာတွေ ဆုံးဖြတ်နိုင်ပြီး အဲဒီအဖွဲ့ကို လွှတ်တော်က ဘာမှ ချုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။
“ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့ လက်ထက်မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက် လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ”
ဒီအစိုးရထဲမှာ ‘အရပ်သား’တွေလည်း ပါတယ် ဆိုပေမယ့် အရေးပါတဲ့ သမတ၊ ဝန်ကြီးချုပ်၊ ကာကွယ် ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးစတဲ့ နေရာတွေကို စစ်ဗိုလ်နဲ့စစ်ဗိုလ်‘ထွက်’ တွေကသာ စီးထားတယ်ဆိုတာ သတိထားသင့် ပါတယ်။ နောက်ပြီး ကာ/လုံထဲမှာ ပါခွင့်ရှိတဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန လိုဟာကိုလည်း အဲဒီလို လူတွေကသာ ချုပ်ကိုင်ထားပါတယ်။
ဦးသိန်းစိန်ရဲ့ အစိုးရဖွဲ့စည်းမှုမှာ စစ်တပ်နဲ့ မပတ်သက်သူ ဆိုတာဟာ ရုပ်ပြသာသာပဲ ပါပါတယ်။ အသုံးချတာ သက်သက် ဖြစ်ပါတယ်။
စစ်အုပ်စုမျိုးဆက် ဘယ်နှစ်ဆက် ရှိပြီလို့ ပြောနိုင်မလဲ။ ဒီမျိုးဆက်တွေကို ဘယ်ဗိုလ်/ဘယ်သူတွေက ကိုယ်စားပြု ခဲ့ကြလဲဗျာ။
ဗမာပြည်က စစ်တပ်မှာ စစ်အုပ်စု ဘယ်နှစ်ဆက်ရှိခဲ့ပြီလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ပြောရတာ နည်းနည်း ခက်ပါ လိမ့်မယ်။ လူတယောက်နဲ့တယောက် အမြင်ချင်း တူချင်မှ တူပါလိမ့်မယ်။ ဖဆပလ အဖွဲ့ကြီးထဲမှာ ကိုယ့်အစုလေးနဲ့ ကိုယ် အစုဖွဲ့တယ် ဆိုတာကတော့ ပြဿနာရှိပါတယ်။ အဲဒီဂိုဏ်းဂဏဖွဲ့မှုဟာ စစ်တပ်ထဲ မှာလည်း ရောင်ပြန်ဟပ်ပြီး ဗိုလ်နေဝင်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး စသူတွေက အဓိကခေါင်းဆောင် ခဲ့တဲ့ ပထမဆုံး စစ်အုပ်စု ပေါ်ပေါက် ခဲ့ပါတယ်။ ဒီစစ်အုပ်စုဟာ တပ်ထဲကနေ ဗိုလ်ချုပ်စမစ်ဒွန်းကို ထုတ်ပစ် တာ၊ ဗိုလ်မှူးချုပ်ကျော်ဇောကို ပ'ထုတ်တာ စတာတွေ လုပ်ပြီးနောက် တပ်ကို သူတို့ကောင်းကောင်းအုပ်စိုးမိ ပြီးလို့ ယူဆတာနဲ့တပြိုင်ထဲ ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းမှုကို လုပ်တော့တာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် လွတ်လပ်ရေးရပြီးလို့ ၁ဝ နှစ် ပြည့်တဲ့ အခါမှာ ပေါ်ပေါက်တဲ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပါတယ်။
ဒီ ပထမဆုံး စစ်အုပ်စုမျိုးဆက်ဟာ ဗမာပြည်မှာ စစ်တပ်က အာဏာယူတဲ့ အစဉ်အလာကို တည်ထောင်တဲ့ မျိုးဆက် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုနဲ့ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုက တည်မြဲဖဆပလ၊ ဆိုရှယ်လစ် အဆက်အနွယ်တွေကို လုံးဝ လက်မခံနိုင်ကြောင်း ခါးခါးသီးသီး ဖော်ပြလိုက်တော့ ဗိုလ်နေဝင်း ဟာ သူ့စစ်တပ်ထဲကနေ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းတုတ် စတဲ့ဆိုရှယ်လစ် ပါတီအနွယ် ထိပ်သီး ၁၃ ယေက်ကို တပ်ထဲက ထုတ်ပစ်လိုက်ပါတယ်။ ဒီ မဆလ ခရီးကြောင်းကိုလျှောက်ကြ သူတွေဟာ ဒုတိယ မျိုးဆက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
တတိယ မျိုးဆက်ကတော့ ဗိုလ်နေဝင်း၊ (သူခန့်အပ်တဲ့) ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့ကို ခြေလှမ်းတဆင့် ပြီးတဆင့် ဖယ်ရှားပြီး အာဏာချုပ်ကိုင်ခဲ့တဲ့ ဗိုလ်သန်းရွှေ အမှူးပြုတဲ့ မျိုးဆက် ဖြစ်ပါတယ်။ အဲဒီမျိုးဆက်ဟာ ဒီနေ့ ဗိုလ်သိန်းစိန် အထိပဲလို့ ဆိုချင်ပါတယ်။ ဗိုလ်သိန်းစိန်ဟာ ဗိုလ်သန်းရွှေက ယုံကြည်စိတ်ချစွာ တင် မြှောက်ခဲ့တဲ့ ဆက်ခံသူ (protege) ဖြစ်ပါတယ်။ သူ့ဖာသာ သီးခြားကင်းလွတ်စွာနဲ့ မိုးပေါ်က ကျလာသူ၊ ဒါမှမဟုတ် မြေကြီးထဲက ထွက်လာသူ မဟုတ်ပါဘူး။
စစ်အုပ်စုဝင်အချင်းချင်း ဘယ်လိုပဋိပက္ခတွေ ရှိခဲ့ဖူးလဲ။ ဒါတွေဟာ ဘာအပေါ်မှာ အခြေခံ ဖြစ်ကြလဲခင်ဗျ။
“စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီး စစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူအကြားက အကွဲအပြဲ ဆိုတာကတော့ မရှိသလောက် ရှားပါတယ်”
စစ်အုပ်စုတွင်း ကွဲတာတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်နိဂုံးချုပ်လိုက်ရင်တော့ ဓါးပါတဲ့ကုလား၊ တပ်ကို ကိုင်ထားနိုင်သူက စားသွားတာချည်း ဖြစ်ပါတယ်။ အစောဆုံး အကွဲဟာ ၁၉၄၈ ခုနှစ်မှာ ဗိုလ်ဇေယျ တို့တတွေ တောခိုတုန်းက ဖြစ်ပါတယ်။ ဗိုလ်ဇေယျတို့က လည်း လက်နက်ကိုင်ပြီး တောခိုသွားတာဆိုတော့ ဓားပါတဲ့ ကုလားက မစားလိုက်ရပါဘူး။ တပ်ထဲကနေ အစုလိုက်အပြံုလို်က် ထုတ်ပစ်တယ် ဆိုတာဟာ ကွဲတာပါပဲ။ တာဝန်သိပ်ကြီးတဲ့ ထိပ်သီးတဦးတည်းကို၊ ဥပမာ ဗိုလ်ခင်ညွန့်လိုလူကို ထုတ်ပစ်တာဟာလည်း တပ်ထိပ်သီးပိုင်းမှာ ကွဲတဲ့ အဓိပ္ပါယ်ပါပဲ။ သူတို့ချင်း ကွဲတာပြဲတာတွေမှာ အများစုဟာ ဂိုဏ်းဂဏကြောင့်ဖြစ် ပါတယ်။ စစ်အုပ်စုဆိုတာ သန္ဓေဘဝကတည်းက ဂိုဏ်းအုပ်စုအသွင် ဆောင်ခဲ့တာဆိုတော့ တလျှောက်လုံး အဲဒီလက္ခဏာရှိပါတယ်။ ဒါပေမယ့် ဗမာပြည် သမိုင်းမှာ အာဏာရ ထိပ်သီးစစ်ဗိုလ်တွေအကြား အာဏာကို အရပ်သားလက် လွှဲပြောင်း ပေးချင်သူနဲ့ လွှဲပြောင်းမပေးချင်သူ အကြားက အကွဲအပြဲဆိုတာကတော့ မရှိသလောက် ရှားပါတယ်။ အဲဒီလိုသဘော ထားရှိသူဟာ ထိပ်သီး ဖြစ်မလာနိုင်ပါဘူး။ သူတို့ စစ်တပ်တွင်းမှာ စိုင်ကော်လို့ ခြံုပေါ်ရောက်လာတယ်ဆိုတာမျိုး မရှိပါဘူး။ အောက်အဆင့်ဆင့်မှာ စမ်းသပ်ခံပြီးမှ ထိပ်ပိုင်း ရောက်လာ ကြတာတွေဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လို အနှောက်အယှက် အတားအဆီးတွေ ဖြစ်ခဲ့လဲခင်ဗျ။
အတိုပြောရရင် တိုင်းပြည်နာပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဖက်ဖက် ပါပဲ။ ကြာလွန်းတော့ ဒေါင့်စေ့တယ်လို့တောင် ပြောနိုင်ပါတယ်။ စစ်အရာရှိတွေက နေရာလပ် မကျန်အောင် ဝင်ပြီးနေရာယူခဲ့/ထားတော့ နေရာလပ် မကျန်အောင် နစ်နာပါတယ်။
စီးပွားရေးမှာ သူတို့အခြေခံတာဟာ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားဖြစ်ပြီး သူတို့ရဲ့ စစ်တပ်ကိုတောင့်တင်း သထက်တောင့်တင်းအောင် တည်ဆောက်ရေးကို ဦးတည်ပါတယ်။ နိုင်ငံတော် ကြွယ်ဝချမ်းသာရေး၊ ပြည်သူပြည်သားအကျိုး စတာတွေကို ဘယ်တုန်းကမှ အထက်မှာ မထားပါဘူး။ သူတို့ကိုယ်ကျိုးရဲ့ လက်အောက်မှာပဲ ထားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးမှာ ဆူလွယ်နပ်လွယ် အာဏာကလေး ရထားတုန်း ချမ်းသာအောင် လုပ်လိုက်ဦးမှ ဆိုတဲ့ သဘောထားမျိုးနဲ့ချည်း လုပ်ခဲ့တာတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ စစ်အာဏာရှင်နဲ့ မိုက်ဖော်ဆိုးဖက် စီးပွားရေးစနစ် (crony capitalism) ဆိုတာ ဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်းလို ခွဲလို့မရတဲ့ အချင်းအရာ ဖြစ်ပါတယ်။ တိုင်းပြည်တခုမှာ ဒီလိုစနစ် ထွန်းကားနေရင် စီးပွားရေးဟာ တကယ်တမ်း မကြီးထွား၊ မတိုးတက်နိုင်ပါဘူး။
အဲဒီလိုစီးပွားရေးကို မဏ္ဍိုင်ပြုပြီး ပေါ်လာတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေဟာ မလုံလောက်တဲ့ ဘတ်ဂျက်စရိတ်နဲ့ ဒီစီးပွားရေးစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဒုံးပျံကုန်စျေးနှုန်းတွေနဲ့ ဘယ်လိုမှ နာလံမထူနိုင် အောင် ဖြစ်သွားရပါတယ်။ ဒီနေ့လောက် တိုင်းပြည်က လူအင်အားအရင်းအမြစ်တွေ ပြည်ပကို ယိုဆင်းခဲ့တာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ဒါဟာ စစ်အာဏာရှင်စနစ်ကြောင့် ပေါ်ပေါက်လာတဲ့ ကျွန်ရောင်းချခြင်းတမျိုး လို့တောင် ခေါ်နိုင်မယ် ထင်ပါတယ်။
ဗမာပြည်ဟာ ဗိုလ်နေဝင်းလက်ထက်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သွားပြီး ဗိုလ်သန်းရွှေတို့လက်ထက် မှာ ကမ္ဘာပေါ်မှာ အကျင့်ပျက်လာဘ်စားမှု အများဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲ ပါသွားတာကိုပဲ ကြည့်ပါ။ တခြားလည်း AIDS ရောဂါဖြစ်ပွားမှု၊ ကလေးမွေးသေနှုန်း၊ မကောင်းတဲ့ဖက်တွေမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဖြစ်နေတာဟာ စစ်အာဏာရှင်စနစ် တာရှည်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။