အလွန်အကျွံ အကောင်းမြင်/အဆိုးမြင် မဖြစ်ဖို့ ဒေါ်စုပြော

အလွန်အကျွံ အကောင်းမြင်/အဆိုးမြင် မဖြစ်ဖို့ ဒေါ်စုပြော
by -
မဇ္ဈိမ

မြန်မာပြည် အခြေအနေအား အကောင်းမြင်လွန်းခြင်း၊ အဆိုးမြင်လွန်းခြင်း မပြုဘဲ ပကတိ အခြေအနေ အတိုင်း မြင်တတ်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ကနေဒါ ရုပ်သံလွှင့်ဌာန CBC မှ စီစဉ်သည့် Carleton University နှင့် စကားပြောဆို ရုပ်သံဆွေးနွေးခန်းတခု တွင် ရန်ကုန်မြို့နေအိမ်မှ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တချို့ဟာ အခြေအနေကို နည်းနည်း အကောင်းမြင်လွန်းနေကြတယ်။ ကျမတို့ဟာ သတိရှိရှိနဲ့ အကောင်း မြင်ပါ တယ်။ အကောင်းမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အဆိုးမြင်လွန်းတာလည်း မဖြစ်ပါစေနဲ့။ အခြေအနေကို ပကတိအတိုင်း မြင်နိုင်ဖို့ ကြိုးစားပါ။ နောက်ပြီး မြန်မာပြည်က သာမန်ပြည်သူတွေနဲ့ ဆက်သွယ်မှုတွေ ဆက်ရှိနေအောင် ကြိုးစားပါ။ ဒါဟာ အစိုးရသစ်အောက်မှာ တိုးတက်မှုရှိမရှိကို လေ့လာနိုင်မှာမို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က အင်တာနက်မှ ပြောဆိုလိုက်သည်။

ထို့အပြင် လက်ရှိပြုပြင်ပြောင်းလဲရေးများမှာ နောက်ကြောင်း ပြန်မသွားဘူးဟု ပြောရန်လည်း စောလွန်းနေ သေးကြောင်း ပြောသည်။

“အဆုံးစွန်အာဏာ ရယူကျင့်သုံးမှုဟာ စစ်တပ်ထဲမှာ ရှိနေတုန်းပါ။ ဒါကြောင့်မို့ စစ်တပ်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လုံးလုံးလျားလျား လုပ်ဆောင်လာတဲ့ အချိန် မရောက်မချင်း ဂငယ်ကွေ့ ပြန်ကွေ့မယ့် အန္တရာယ် မရှိတော့တဲ့ အခြေအနေကို ကျမတို့ ရောက်နေပြီလို့ ပြောလို့ မရသေးပါဘူး။ လူတော်တော်များများက ဒီက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ နောက်ပြန်မဆုတ်နိုင်တော့ ဘူးလို့ စတင်ပြောဆိုနေကြပါတယ်။ အဲလို မဟုတ်သေးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောဆိုသွားသည်။

CBC မှတဆင့် နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများသို့ ရည်ရွယ်ပြောဆိုလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များတွင် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားသည်။

တင်းကြပ်သည့် အရေးယူ ပိတ်ဆို့မှုများမှာ မြန်မာအစိုးရကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းဆော်ရာမှာ အထောက်အပံ့ ဖြစ်စေပြီး အစိုးရကို ပြုပြင်ရေးတွေလုပ်ဖို့ တွန်းအားပေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ကျမတို့ကို ကူညီနိုင်ဖို့ လုပ်နိုင်တဲ့နည်းလမ်းကတော့ မြန်မာပြည်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဆက်လက် သိရှိနားလည်နေဖို့ပါပဲ”ဟု ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး သန္နိဋ္ဌာန်မှာ “စိတ်ရင်းအတိုင်း”ဖြစ်သည်ဟု ယုံကြည်သော်လည်း အောင်မြင်ရန်မှာမူ တပ်မတော်၏ သဘောထားရှိမှုအပေါ် မူတည်မည်ဟု ဆိုသည်။

တပ်မတော်နှင့် ပြည်သူအကြားတွင် “အဟန့်အတားကြီး”တခု တည်ရှိနေဆဲဖြစ်ပြီး ဒါကိုကျော်လွှားနိုင်ခြင်း ဟာ ပြောင်းလဲရေး လမ်းကြောင်းပေါ်မှ  အဓိကကျသည့် ခြေလှမ်းတရပ် ဖြစ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ကျမတို့ဟာ လမ်းအစမှာပဲ ရှိပါသေးတယ်။ ကျမတို့ ပြည်သူတွေနဲ့ ပြန်လည် ဆက်သွယ်ထားနိုင်ပါပြီ” ဟု ပြောသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် ၄၈ နေရာလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိသည်ဖြစ်စေ လွှတ်တော်အတွင်း၌ နေရာအနည်းစုလေးမျှသာ ရရှိမည်ဖြစ်သော်လည်း မည်သည့် အောင်မြင် မှုမဆို ပြည်သူ၏အသံများ ကြားနိုင်ဖို့အတွက် အစပြုမှုဖြစ် လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။

ကနေဒါနိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ၂၀၁၁ ခုနှစ် နွေရာသီတွင် သံအမတ် ခန့်အပ်ခြင်း အပါအဝင် မဟာဗျူဟာ ကျသည့် ဆက်ဆံရေးများ ပြုလုပ်လာသော်လည်း တင်းကျပ်သည့် အရေးယူပိတ်ဆို့မှုများကိုမူ ဆက်လက် ထားရှိဆဲဖြစ်သည်။