ကချင်အမျိုးသမီး ဒေါ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိဟု မပခ ငြင်းဆို

ကချင်အမျိုးသမီး ဒေါ်ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိဟု မပခ ငြင်းဆို
by -
မဇ္စျိမ

တဖက်မှ စွပ်စွဲထားသည့်အတိုင်း ကချင်အမျိုးသမီး ဒေါ်ဆွမ်းလွတ် ရွယ်ဂျာကို ဖမ်းဆီးထားခြင်း မရှိကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)မှ နေပြည်တော် ပြည်ထောင်စု လွှတ်တော်တရားရုံးသို့ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က လျှောက်လဲခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ ခိုင်ဗန်ကျေးရွာမှ ကလေးတဦး မိခင် ဒေါ်ရွယ်ဂျာ၏ အဖြစ်မျိုး မရှိကြောင်း မပခ လက်အောက်ခံ ခမရ ၃၂၁ နှင့် ခလရ ၃၇ တို့မှ ဗိုလ်ကြီးတဦးနှင့် ဗိုလ်မှူးတဦးတို့က ထိုသို့ လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ရွယ်ရဂျာ၏ ရှေ့နေ ဦးမားခါး က မဇ္စျိမကို ပြောသည်။

“ဒေါ်ရွယ်ဂျာကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေ ထွက်ပေါ်လာမှ သူတို့သိတယ်။ အရင်တုန်းက သူတို့ကို လာပြီး တိုင်ကြားတာ မရှိသေးဘူး။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ခုံအဖွဲ့ဖွဲ့ပြီးတော့ စုံစမ်းစစ်ဆေးတယ်။ ဒါပေမယ့် မပခ ကနေ အဲဒီလိုအဖြစ်အပျက်မျိုး မရှိဖူးဘူး၊ မရှိဘူးဆိုပြီး စစ်တပ်ဘက်က လျှောက်လဲချက်ပေး တယ်”ဟု ပြောသည်။

ထိုနေ့ရုံးချိန်းသို့ ခမရ ၃၂၁ မှ ဗိုလ်ကြီးကျော်ကျော်ဌေးနှင့် ခလရ ၃၇ မှ ဗိုလ်မှူးဇေယျာအောင်တို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွယ်ဂျာ အား မပခ လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ လေးလကြာ ဖမ်းဆီးထား သည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းများအား တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ကျနော်တို့ဘက်က ပြန်လျှောက်လဲတာက အဲဒီလို မဖမ်းဆီးဘူးဆိုပြီး ဆုံးဖြတ်ချက် ချမယ်ဆိုရင် ကျနော်တို့ ဘက်က အရမ်းနစ်နာတယ်။ တကယ် ဖမ်းဆီးတယ်။ မဖမ်းဆီးဘူးဆိုတာ ခုံဖွဲ့ပြီးတော့ စစ်ဆေးပေးဖို့၊ ဖမ်းဆီးခံရတဲ့လူကို လွှတ်ပေးဖို့ တရားရုံးကနေ အမိန့်ထုတ်ပေးဖို့ လျှောက်လဲခဲ့ပါတယ်”ဟု ဦးမားခါး က မဇ္စျိမကို ပြောသည်။

လာမည့် ရက်သတ္တပတ်အတွင်း တရားရုံးက အမိန့်ချဖွယ်ရှိပြီး ဒေါ်ရွယ်ဂျားအား အဖမ်းခံရခြင်း ရှိ၊ မရှိကို စစ်ဆေးရာ တွင် စစ်တပ်ဘက်မှ ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း အမိန့်ချမှတ်ပါက အမှုပိတ်သွားနိုင်သော်လည်း တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ရှေ့နေ ဦးမားခါး က ပြောသည်။

ဒေါ်ရွယ်ဂျားအား ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က သူ၏ ခင်ပွန်းနှင့် ဖခင်တို့နှင့်အတူ တောင်ယာသို့ အသွားတွင် အစိုးရ၏ ခမရ ၃၂၁ မှ တပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ ခင်ပွန်းနှင့်ဖခင် နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နေပြည်တော် တရားလွှတ်တော်ရုံးသို့ လျှောက်ထားရာမှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် စတင်ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒေါ်ရွယ်ဂျားနှင့်အတူ အမှုတွဲ ခလရ ၃၇ မှ ဖမ်းဆီးထားသော တာလောကြီးကျေးရွာမှ ကချင်အမျိုးသား ကိုဇော်ဆိုင်းနှင့် ကိုဘရန်ဆိုင်းတို့ကိုလည်း လုံခြံုရေးအရ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ ကိုယ်စားလှယ် များက လျှောက်ထားခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

၎င်းတို့နှစ်ဦးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကစ၍ ခြောက်ရက်ကြာ စစ်ဘက်ရေးရာ လုံခြံုရေးတပ်ဖွဲ့ - စရဖ မှ စစ်ဆေး ပြီးနောက် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခြင်း ခံထားရကြောင်း ရှေ့နေ ဦးမာခါးက ပြောသည်

Most read this week