အပစ်ရပ်၍ တပ်ဆုတ်ရန် ၂ ဖက်စလုံး ညွှန်ကြားခြင်းမရှိသေးသဖြင့် သံလွင်အရှေ့ခြမ်းတိုက်ပွဲမှာကြာရှည်ပြင်း ထန်လာ နိုင်ဖွယ်ရှိကြောင်း SSA အရာရှိများအသိုင်းအဝိုင်းကပြောသည်။
“မွန်းတည့်ချိန်ခဏလေးလောက်ဘဲ သေနတ်သံငြိမ်သွားတယ်။ ညနေပိုင်းအထိ တိုက်ပွဲကမနားဘူး။ အသေ အပျောက်များမယ့်ပုံဘဲ။ မြန်မာစစ်တပ်ဖက်က မဆုတ်ပေးသေးသလို ကျနော်တို့ဘက်ကလဲ တပ်ဆုတ်ဖို့ မညွှန်ကြားသေးတော့တိုက်ပွဲက ကြာရှည်နိုင်ပါတယ်” ဟု ကျိုင်းတုံစစ်ဒေသ တပ်မှူးကြီးက သျှမ်းသံတော်ဆင့် အားပြောပြ သည်။
ယမန်နေ့က မြန်မာစစ်တပ် ခလရ ၂၂၁ နှင့် ခမရ ၅၇၀ ပူးပေါင်းတပ်က တာချီလိတ်မြောက်ဖက်၌ လှုပ်ရှားနေ သော သျှမ်းပြည်တပ်မတော် နယ်မြေခံလှုပ်ရှားရေးအဖွဲ့ တပ်ရင်း ၃၄ အား ထိုင်းနယ်စပ်ရှိ ကျိုင်းတုံစစ်ဒေသ ဌာနချုပ်ဖက်သို့ ပြောင်းရွှေ့ရန် ဖိအားပေးလိုက်လံတိုက်ထုတ်ရာ တာချီလိတ်အနောက်မြောက်ဖက် နောင်ကန်တောင်ကြောနှင့် မိုင်းဟိုင်းကြား၌ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွါးခဲ့ရာမှ ယနေ့မနက်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နေကြကြောင်း ပြောသည်။
“မိုင်းဟိုင်းအုပ်စု ဟွေ့အက်ရွာသူကြီးကို ကျနော်တို့ဆီလွှတ်ပြီး နယ်စပ်ဖက်ပြောင်းပေးဖို့ ပြောခိုင်းတယ်။ ဒီမြေဟာ ကျနော်တို့မွေးရပ်မြေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က အိမ်ရှင်ဖြစ်တယ်။ မြန်မာစစ်တပ်ကသာ ဧည့်သည်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့လုံးဝတပ်ဆုတ်ပေးမှာမဟုတ်ဘူး လို့အကြောင်းပြန်တယ်။ ဟွေ့အက်ရွာသူကြီးက ကျနော်တို့ဆီကို တတိယအကြိမ်ရောက်လာတော့ မြန်မာစစ်တပ်ပူးပေါင်းတပ်ကလဲ ကပ်ပြီးလိုက်ပါလာတာနဲ့ ကျနော်တို့လဲ ခုခံတိုက်ခိုက်ရ တော့တာဖြစ်ပါတယ်” ဟု ဆိုပါသည်။
ယနေ့မနက်ပိုင်းအထိ မြန်မာစစ်တပ်အားဝိုင်းထားသည့် သျှမ်းပြည်တပ်မတော် လွယ်ကော်ဝမ်းဌာနချုပ်မှ တိုက်ခိုက်ရေး စစ်ကူ ထပ်မံပို့ဆောင်ထားကြောင်း တဖက်တွင်လည်း မြန်မာစစ်တပ်၏ လက်နက်၊ အင်အား ဖြည့် ယာဉ်တန်းအား ဖြတ်တိုက်ခြင်းများ ပြုလုပ်နေကြောင်း အဆိုပါတပ်မှူးကပြော၏။
“ မြန်မာစစ်တပ်က ထွက်ပေါက်ရှာနေတယ်။ မီးခိုးတွေပိန်းနေတာကြောင့်ရော၊ နယ်မြေမကျွမ်းတာကြောင့် ရော သူတို့တွေ ဒီတရက် ၂ ရက်အတွင်း ရိက္ခာပြတ်နေတယ်။ အဲဒါကြောင့် သူတို့ ထွက်ချင်နေကြတာ။ ကျနော်တို့တော့ ငြိမ်းချမ်းရေးလိုချင်လို့ အပစ်ရပ်ရေးဆွေးနွေးတာဘဲလေ။ ခုလို ကျနော်တို့နောက်ကိုလိုက်ပြီး အနှောင့် အယှက်ပေးနေဦးမယ် ဆိုရင်တော့ တိုက်ပွဲက ကြာရှည်ပြီး ပြင်းထန်လာဖို့ဘဲရှိတော့တယ်” ဟု ဆက်လက်ပြောပြသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရကိုယ်စားလှယ်တို့ ဂျန္နဝါရီ ၁၆ ရက်က တောင်ကြီး၌ ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေး ရာ သဘောတူညီချက် ၁၁ ချက်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအချက် ၁၁ ချက်အနက် ဟိုမိန်းနှင့် မိုင်းထား(မုန်းထား) အား သျှမ်းပြည်တပ်မတော်ဌာနချုပ်ထားရှိရန် ဟုဆိုသော်လည်း ထိုဒေသအခြေစိုက် မြန်မာစစ်တပ်များ တပ်ရုပ်ရေး ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း၊ သျှမ်းတပ်များ သတ်မှတ်ဌာနချုပ်သို့ တပ်ရုပ်သိမ်း ရေး မရုပ်သိမ်းရေး ထည့်သွင်းရေးသားထားခြင်းမရှိ သောကြောင့် လောလောဆယ် ရောက်ရာအရပ်တွင် တာဝန်ယူ မည် ဆိုသည့် အဓိပ္ပါယ်ရောက်ကြောင်း၊ ဤသည်ကို သဘောမတူပါကတိုက်ခိုက်မည့်အစား ပြန်လည်ဆွေးနွေးဖြေရှင်းဖို့လို ကြောင်း သုံးသပ်သူများက ဆိုသည်။