ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင် နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်

ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင် နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်
by -
ကေအိုင်စီ

ပဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် အင်းစိန်ထောင်ပိုင်နှစ်ဦးကို ဆင့်ခေါ်ပေးမည်ဖြစ်ကြောင်း ယနေ့တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။

DSC07778ယနေ့ နေ့လည် ၁၂နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်းမောင်အမှုကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ယခင် အင်းစိန်ထောင်ပိုင် ဦးဇော်မိုးနှင့် လက်ရှိ အင်းစိန်ထောင်ပိုင် ဦးသက်ရှည်တို့ကိုတရားခံပြသက်သေ အဖြစ် ခေါ်ဆောင်ပေးမည် ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်ဘက်က တရားခံပြသက်သေများ၏ အမည်အတိအကျ မတင်ပြနိုင်ခြင်းနှင့် အမှုကြန့် ကြာနိုင်ခြင်းတို့ကြောင့် ၈ဦးအနက် ၂ဦးကိုသာ ခေါ်ဆောင်ပေးသွားမည်ဟု တရားရုံးမှဆုံးဖြတ်ချက်ချ ခဲ့သည်ဟု ရှေ့နေဦးကြီးမြင့်က ပြောသည်။

“ကျနော်တို့က နေပြည်တော်က အရာရှိဆိုတာပဲပြောတော့ နာမည်အတိအကျ မဖော်ပြထားလို့ဆိုပြီး အကြောင်းပြတယ်။ ကျနော်တို့က လည်း မပြောနိုင်ဘူးဆိုတာက သူတို့ကလည်း မပြောဘူး။ ပဒိုက လည်း မေးပိုင်ခွင့်မရှိဘူးဆိုတော့ သူတို့ပြောတဲ့ဟာကိုပဲ အတည်ပြုပြီး သက်သေစာရင်းတင်ရတာပါ။”ဟု ပြောသည်။

တရားခံပြသက်သေပြ ထောင်ပိုင်နှစ်ဦးသည် ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ နေပြည်တော်မှ အရာရှိကြီးများ ပဒိုမန်းငြိမ်းမောင်အား လာရောက် အကြံဉာဏ် တောင်းဆိုခဲ့သည်များကို ၎င်းတို့၏ မှတ်တမ်းများဖြင့် သက်သေပေးနိုင်လိမ့်မည်ဟု ရှေ့နေဦးကြီးမြင့်က ဆက် ပြောသည်။

၎င်းက “နေပြည်တော်က အရာရှိကြီးတွေ လာခဲ့တယ်ဆိုတာမှန်ရင် ကျနော်တို့ဘက်က သက်သေပြထား တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းက ပို အားကောင်းတာပေါ့ဗျာ”ဟု ပြောသည်။

ယခင်အပတ် ရုံးထုတ်စစ်ဆေးမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်း အပါအဝင် နေပြည်တော် အရာရှိ ၈ဦးကို တရားခံပြသက်သေအဖြစ် ဆင့်ခေါ်ပေးရန် ပဒိုမန်းငြိမ်းမောင်ဘက်မှ လျှောက်ထားခဲ့သည်။

ပဒိုမန်းငြိမ်းမောင်၏ အမှုကို နောက်တစ်ပတ် ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။

လက်ရှိ KNU ဘက်မှ ပြုစုထားသည့် စာရင်းများအရ ကရင်နိုင်ငံရေး အကျဉ်းသား (၅၀)၀န်းကျင် ရှိသေးကြောင်းနှင့် ကျန်ရှိအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ကရင့်အမျိုးသားအစည်းအရုံးက  ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

၂၀၁၁ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့တွင် တရုတ်လေကြောင်းလိုင်းဖြင့် ကူမင်မှရန်ကုန်သို့ ရောက်ရှိစဉ် ပဒိုမန်းငြိမ်းမောင်၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုပြီး အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။

စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၆လ စီ ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံတရားရုံးမှ ချမှတ်ခဲ့သည်။

ထို့အပြင် မတရားသင်းဟု ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟုဆိုကာ နိုင်ငံတော် ပုန်ကုန်မှု ဥပဒေ ပုဒ်မ ၁၂၂(၁)ဖြင့် သေဒဏ်(သို့) တစ်သက်တစ်ကျွန်းနှင့် မတရားအသင်း ပုဒ်မ ၁၇ ထောင်ဒဏ် ၂နှစ်မှ ၃နှစ်တို့ဖြင့် ထပ်မံစွဲချက်တင်ခံခဲ့ရသည်။