RCSS/SSA နှင့် ထိပ်တိုက်တိုက်ပွဲ အစိုးရတပ်အရာရှိအပါအဝင် လေးဦးသေ

RCSS/SSA နှင့် ထိပ်တိုက်တိုက်ပွဲ အစိုးရတပ်အရာရှိအပါအဝင် လေးဦးသေ
by -
သျှမ်းသံတော်ဆင့်

ဌာနချုပ်အဖြစ်သတ်မှတ်ပေးသည့် တောင်ပိုင်း ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့ရန် မြန်မာအစိုးရစစ်တပ်က သျှမ်းပြည်တပ် မတော်အား အင်အားသုံးဖိအားပေးသဖြင့်  တိုက်ပွဲများဖြစ်ပွါးရာ ယမန်နေ့ကဖြစ်ပွါး သောတိုက် ပွဲမှာ အစိုးရတပ်ဘက် သုံးဦးထက်မနည်း သေဆုံးဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် အသိုင်းအဝိုင်း မှသိရသည်။

RCSS/SSA တပ်သားများ (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ညနေ ၃ နာရီက RCSS/SSA  ၏ အမှတ် ၁ ကျိုင်းတုံစစ်ဒေသမှ စစ်ကြောင်း တကြောင်းနှင့် မြန်မာအစိုးရတပ် ခမရ ၅၇၂ မှ ဒုဗိုလ်မှူးကြီးစစ်နိုင်ဦးဆောင်သည့်တပ်ဖွဲ့တို့  တာချီလိတ်မြို့ အနောက်မြောက် ဘက် မိုင်းဟိုင်းကျေးရွာအုပ်စု တောတွင်းတစ်နေရာ၌ နာရီဝက်ကြာတိုက်ပွဲဖြစ်ပွါး၏။ မြန်မာစစ်တပ်ဖက်က  ဗိုလ်တဦး တပ်သား ၃ ဦး ကျဆုံးသည်ဟု သျှမ်းတပ်မှူးတဦးက ပြောပါသည်။

“ ဗမာစစ်ကြောင်းက ကျနော်တို့နဲ့ နီးနီးကပ်ကပ်ဝင်ရောက်လာလို့ ကျနော်တို့လဲ တောထဲရှောင်တိမ်းနေရာ ယူလိုက်တယ်။ သူတို့ပစ်ခတ်လာတာတော့ ကျနော်တို့က နေရာကောင်းရယူပြီး ပြန်လည်တိုက်ခိုက်ရတဲ့ တိုက်ပွဲလေ။ ကျနော်တို့တော့ ခုခံကာကွယ်တဲ့အနေနဲ့ပါဘဲ” ဟု ကျိုင်းတုံစစ်ဒေသတပ်မှူးကြီး ဗိုလ်မှူးကြီး စဝ်ကွဏ်းဇင့် က ပြောသည်။

ခမရ ၅၇၂ သည် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း သျှမ်းပြည်တပ်မတော်နှင့် တကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း တာချီလိတ်မြို့နယ် မိုင်းဟိုင်းအုပ်စုဖက်လှုပ်ရှားသည့် သျှမ်းပြည် တပ်မတော်  နှင့်မြန်မာစစ်တပ် ခမရ ၅၇၀ မှ ဒု-ဗိုလ်မှူးကြီး ထိန်ဝင်းအောင်၊ ခလရ ၂၂၁ ဗိုလ်မှူး မင်းဇော်ထွန်း ဦးဆောင်သည့် ပူးပေါင်း စစ်ကြောင်းတို့နှင့် တိုက်ပွဲဖြစ်ပွါးရာ မြန်မာစစ်တက်ဖက်က ၃ ယောက်ကျဆုံး ကြောင်း၊ ၆ ရက်နေ့ တိုက်ပွဲတွင် သျှမ်းပြည် တပ်မတော်ဘက်မှ နှစ်ယောက် ကျဆုံးပြီး သေနတ် တစ်လက် ဆုံးရှုံးသည်ဟု ဒေသခံများပြောသော်လည်း အဆိုပါ သေကြေဒဏ်ရာရသူများစာရင်းအား သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သျှမ်းပြည်တပ်မတော်နှင့် လတ်တလောတိုက်ပွဲဖြစ်ပွါးနေသော မြန်မာစစ်တပ်အနက် မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ နည်းဗျူဟာ အမှတ် ၂ က  ဗိုလ်မှူးကြီး သိုက်စိုးဦးဆောင်သည့် လက်အောင်ခံတပ်ရင်း များဖြစ်ကြောင်း သိရသည်။

၂၀၁၁ နိုဝင်ဘာလက ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၌ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် သျှမ်းပြည် တပ်မ တော်တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းဖြတ် တဝိုက်လှုပ်ရှားနေရာ ယူထားသော သျှမ်းပြည်တပ်မတော်တပ်ဖွဲ့များအား လွယ်ကော်ဝမ်း၊ မယ့်မော့ ဖက် ပြောင်းရွှေ့လှုပ်ရှားရန် မြန်မာ စစ် တပ်က အကြိမ်ကြိမ် ဖိအားပေးပြောဆိုခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်က - နိုဝင်ဘာ ၁၉ ရက် ပဏာမ အဆင့်တွေ့ဆုံရာ၌ သျှမ်းပြည်တပ်မတော်၏ လှုပ်ရှားတပ်ဖွဲ့များမှာ (ဌာနချုပ်သို့ တပ်ဆုတ်ပြန်မည်မဟုတ်) ရောက်ရာ အရပ်၌ ဒေသခံလူထုနှင့်နေထိုင် သွားရန် ဆွေးနွေးသဘောတူပြီးဖြစ်သဖြင့် လက်ရှိအခြေအနေတွင်လည်း တပ်ဆုတ်ပြန် မည်ဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ဖူးသည်ဟု  RCSS/SSA ၏ ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင် က သျှမ်းသံတော်ဆင့် အားပြောပြခဲ့ဖူးသည်။