RCSS/SSA ၏ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဇနီးအား အစိုးရတပ်ပစ်သတ်

RCSS/SSA ၏ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဇနီးအား အစိုးရတပ်ပစ်သတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ခေါ် RCSS/SSA ၏ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဇနီးအား အစိုးရတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများပြောပါသည်။

 RCSS/SSA အမှတ်တံဆိပ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)“သျှမ်းတပ်ရဲ့ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူးလေ၊ စစ်ယူနီဖေါင်းနဲ့ ဈေးသွားဝယ်တဲ့အချိန် ခလယ ၂၃ သီပေါ က ပစ်သတ် လိုက်တယ်၊ သူ့ဇနီးက  ယောကျာ်းရဲ့ အလောင်းကိုဖက်ပြီး အော်ငိုနေတဲ့အချိန်မှာဘဲ  သူ့ဇနီးကို ထပ်ပစ်သတ်လိုက်တာ။ လင်မယားနှစ်ယောက်စလုံး သေတာဘဲ” - ဟု ကျောက်မဲ ဒေသခံတဦးက ပြောပါ သည်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ကျောက်မဲမြို့နယ် ဟိုင်းကွီကျေးရွာအုပ်စု ဘက်ဈေးသွားဝယ်သည့် သျှမ်းပြည် တပ်မ တော် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူး ဗိုလ်စိုင်းတလုံ နှင့် ဇနီးဖြစ်သူအား သီပေါအခြေစိုက် အစိုးရတပ် ခလယ ၂၃ က ပစ်သတ်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ရဲ့အရာရှိ သီပေါမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့သူ့ဇနီးပါ။ သူတို့လင်မယားဈေးသွားဝယ်တဲ့အချိန် ပစ်သတ်ခံရတာ။ ကျနော်တို့လူလို့သိရက်နဲ့ပစ်သတ်လိုက်တာ။ ကျနော်တို့အရာရှိရဲ့ ပစ္စတိုသေနတ် တစ်လက်၊ ကိုယ်မှာပါသွားတဲ့ ရွှေတွေ ငွေတွေအကုန်လုံး အစိုးရတပ်က ယူဆောင်းသွားတယ်” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

ထို့အတူ ၁၈ ရက်နေ့ကလည်း သံလွင်အရှေ့ခြင်း တာချီလိတ်ခရိုင် မိုင်းဟိုင်းကျေးရွာအုပ်စု ဘက်လှုပ်ရှား သည့် သျှမ်းပြည်တပ်မတော် စစ်ကြောင်းနှင့် အစိုးရတပ်တို့အကြားတိုက်ပွဲဖြစ်ပွားသေးကြောင်း၊ မြန်မာဘက် မှ သုံးဦးသေဆုံးသည်ဟု နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသော်လည်း နှစ်ဘက်ကျဆုံးမှု အတိအကျ ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း နယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။

သမ္မတ ဦးသိန်းစိန်က တတိုင်းပြည်လုံးအပစ်ရပ်ရန်ပြောကြားသော်လည်း ၎င်း၏တပ်များက အမိန့်နာခံခြင်း မရှိ၊ နေပြည်တော်အစိုးရ ကိုယ်စားလှယ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ၆၅ နှစ်မြောက် ပြည် ထောင်စုနေ့ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟု ပြောသော်လည်း လာမည့်သုံးလ အပြီး လုပ် ဆောင်နိုင်မည်ဟု ပြောင်းလဲပြောဆိုကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ အစိုးရတပ်များ ထင်ရာစိုင်း တိုက်ခိုက်နေမည်ဆိုပါက သျှမ်းပြည်တပ်မတော်အနေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် အနေဖြင့် ပြန် လည်တိုက်ခိုက်မည်ဖြစ်ကြောင်း၊ အထက်လူကြီးမင်းများလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးကိစ္စ ထိခိုက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့်မကြာမှီအတွင်း နေပြည်တော်သို့သွား၍ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးရန်ကိစ္စလည်း ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားကြောင်း ဗိုလ်မှူးလောဝ်ဆိုင် က ပြောပါသည်။