ပည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး

ပည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး
by -
မဇ္ဈိမ

မြောင်းမြမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအားလုံးတွင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲအနိုင်မရပါက အဆိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရာထူးမှ အနားယူဖို့ ပြင်ထားရန် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး က ပြောဆိုကြောင်းသိရသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အမှတ် ၄ ရပ်ကွက်ရှိ မြရွှေဝါ ခန်းမကြီးတွင် ကြာသာပတေးနေ့က ပြုလုပ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ် ကတက်ရောက် လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူး တရာကျော်ကို ယင်းသို့ပြောဆိုကြောင်း တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ရင် မနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာက လူတွေ ဖျာလိပ်ဖို့ ပြင်ထားလို့ ဦးကိုကိုလတ် က အစည်းအဝေးမှာ ဗြောင်ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ကျေးရွာစု အုပ်ချုပ်ရေးမှူး တဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ရပ်/ကျေး အစည်းအဝေးကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပထမအကြိမ် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးအဖြစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က မြောင်းမြမြို့ကို ရောက်ရှိခဲ့အပြီး တပါတ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်လုံးမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၁၆ စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးကိုကိုလတ် ၏ အဆိုပါ စကားကို မကျေနပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦးက ရာထူးမှ နှုတ်ထွက်ရန် ပြင်ဆင်နေကြပြီး မြောင်းမြမြို့ပေါ်ရှိ NLD ရုံးတွင် အဖွဲ့ဝင်လျှောက်လွှာများ သွားရောက်တင်ထားခဲ့ကြောင်း ကာယကံရှင်များ က ပြောသည်။

“လာမယ့် ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့ကျရင်တော့ ကျနော်တို့ ဒီကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်ကြမှာပါ NLD ရုံးမှာတော့ သွားတင်ထားတာပဲ။ သူတို့ကလည်း မေးမြန်းစုံစမ်းပြီးတော့ ကျနော်တို့ ဖေါင်(ပုံစံ)တွေ ဖြည့်ခဲ့ပြီးပါပြီ” ဟု အခြား ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မြောင်းမြမြို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းဆွေ ကလည်း “ဟုတ်တယ် အစည်းအဝေးပြီးတာနဲ့ သူတို့ ဒီမှာလာပြီး အဖွဲ့ဝင်ဖို့ဖောင်လာ ဖြည့်တယ် ကျနော်တို့ လုပ်ပေးလိုက်ပါတယ်။ ဒီရုံးက ထောက်ခံချက်လည်း ယူသွားတယ်။ နောက်တပတ် ရုံးဖွင့်ရက်မှာ အဲဒါကိုပြပြီးတော့ နှုတ်ထွက်စာ တင်မလို့တဲ့” ဟု သူက မဇ္စျိမကို ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းက မြောင်းမြမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ၏ မူဝါဒများဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြည်သူများအကျိုးအတွက် ပြင်ဆင်ရန်လိုအပ်နေသည့် ၂ဝဝ၈ အခြေခံဥပဒေတချို့ကို ပြင်ဆင်ရေး စသည့် ရည်ရွယ်ချက်များကို မြောင်းမြမြို့ခံများကို ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အတူ ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူလူထု အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးမှုများ လုပ်ဆောင်ပေးရန် ပါတီအနေဖြင့် ရည်ရွယ်ထားကြောင်း ဒေသခံတွေမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

NLD က မြောင်းမြမြို့နယ်တွင် ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်ဟောင်း ဦးဂျော်နီ က ပြန်လည်၍ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြို့နယ်နှင့် ကျေးရွာမဲအောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းကာ နယ်လှည့် မဲဆွယ် စည်းရုံးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း မြောင်းမြ မြို့နယ် NLD ရုံးမှ သိရှိရသည်။