ဂိုဏ်းဂဏမခွဲသည့် လူငယ်များ ခွန်ထွန်းဦးအား သွားရောက်ကန်တော့

ဂိုဏ်းဂဏမခွဲသည့် လူငယ်များ ခွန်ထွန်းဦးအား သွားရောက်ကန်တော့
by -
သျှမ်းသံတော်ဆင့်

မြို့နယ် ၂၀ နီးပါးက သျှမ်းလူငယ်များ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ခွန်ထွန်းဦးအား နေအိမ် သို့ သွားရောက်ဂါရဝပြုကန်တော့ကာ ဆုံးမဩဝါဒခံယူကြကြောင်း ရန်ကုန်သျှမ်းအသိုင်း အဝိုင်းက ပြော ပါသည်။

ခွန်ထွန်းဦးအား သျှမ်းလူငယ်များသွားရောက်ဂါရဝပြုကန်တော့ကြစဉ် (ဓါတ်ပုံ- Shan Youth)
"မြို့နယ် ၂၀ နီးနီးလောက်လာကျတယ်။ လူငယ်တွေဘဲ။  ပါတီ၊  အဖွဲ့စည်းရယ်လို့မခွဲပါဘူး။  ကျားဖြူပါတီ က လူငယ်တွေလဲပါတယ်။ မိုးညှင်း၊ မိုးကောင်း ဘက်က  လူငယ်တွေလဲ ပါတယ်" - ဟု ကျိုင်းတုံက စိုင်းလင်း က ပြောပါသည်။

ဖေဖေါ်ဝါရီ ၁၀ ရက် မနက်ပိုင်းက ရန်ကုန် မရမ်းကုန်းမြို့နယ် ပြည်လမ်းမ နှင့် စော်ဘွားလမ်းထောင့်ရှိ ခွန်ထွန်းဦး နေအိမ်သို့ လူငယ် ၅၀ ခန့် သွားရောက်  ဂါရဝပြု ကန်တော့ကြသည်ဟုဆို၏။

"တိုင်းပြည်ရဲ့  အနာဂတ် ဟာ လူငယ်တွေလက်ထဲမှာရှိတယ်၊ ကြိုးစားကြပါ။ တူညီတဲ့ဘုံရည်မှန်းချက်ဆီ တညီ တညွတ်ချီတက်ကြမယ်ရင် မျှော်လင့်ချက် ပန်းတိုင်က လက်ထဲရောက်လာမှာမလွဲဘူး" - ဟု ခွန်ထွန်းဦး က ဩဝါဒပေးခဲ့သည်ဟု မူစယ်ဒေသခံ လူငယ်တဦးက ပြောပြပါသည်။

SNLD ဥက္ကဌ ခွန်ထွန်းဦးအား သွားရောက်ဂါရဝပြု ကန်တော့ကြသည့် လူငယ်များသည် နမ့်ခမ်း၊ မူစယ်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ လဲချား၊ ကျေးသီး၊ မိုင်းရှူး၊ ပင်လုံ၊ နမ့်ဇန်၊ တောင်ကြီး နှင့် မိုးညှင်း၊ မိုးကောင်း၊ မန္တလေး ရန်ကုန်တို့ အပြင် တခြားမြို့နယ်မှ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင် လူငယ်များ၊ Shan Institute and Information Technology မှ လူငယ်များ နှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသား များ၊ တသီးပုဂ္ဂလ လူငယ်လူရွယ်များပါဝင်ကြသည်ဟု ဆို၏။