ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးသဘောတူ ညီချက် ရနိုင်သည့်အချိန်အထိ နယ်မြေရှင်းလင်းမှု ထပ်မလုပ် တော့ဟု တြိဂံတိုင်း ဦးစီးအရာရှိ ပထမတန်း ဂျီဝမ်းက ပြောကြားကြောင်း RCSS/SSA ကိုယ်စားလှယ်က ပြောပါသည်။
“ဟုတ်ပါတယ်။ မနေ့က ကျနော်တို့ ကျိုင်းတုံမှာရှိတဲ့ ကိုယ်စားလှယ်တချို့ တြိဂံ စစ်တိုင်းရုံးကိုသွားပြီး ပြော တယ်။ ပြည်ထောင်စုအဆင့် ထပ်မံဆွေးနွေးသဘောတူညီချက် ရတဲ့အချိန်ထိ နယ်မြေရှင်းလင်းရေးမလုပ်ဘဲ ရပ်ထားမယ်လို့ တြိဂံ တိုင်းဂျီဝမ်းကပြောတယ်။ အရင်တပတ်ထဲကဖြစ်တဲ့တိုက်ပွဲတွေက ရှောင်တခင် တိုက်ပွဲငယ်တွေပါ။ အစိုးရတပ်က နယ်မြေရှင်းလင်း ရေးလုပ် လို့ လေ ” - ကျိုင်းတုံရုံး RCSS/SSA ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်မောင်း ကပြောပါသည်။
ဖေဖေါ်ဝါရီ ၉ ရက်နေ့ ကျိုင်းတုံမြို့ အခြေစိုက် RCSS/SSA ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်မောင်း က သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ နှင့် သံလွင်အရှေ့ခြမ်းလှုပ်ရှားသည့် အစိုးရတပ်တို့အကြား ယခု လဆန်းပိုင်းအတွင်း တိုက်ပွဲ ၃-၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သောကြောင့် ဖြေရှင်းပေးပါရန် တြိဂံတိုင်းရုံးသို့ သွား၍ တြိဂံတိုင်း ဦးစီးအရာရှိ ပထမတန်းဂျီဝမ်း ဒု ဗိုလ်မှူးကြီးခင်မောင်ထွေး နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။
သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသည့်သတင်းအရ - ရှောင်တခင်တိုက်ပွဲမဟုတ်ကြောင်း၊ အစိုးရတပ် အင် အား ၃-၄ ရင်းက စုပြီး မိုင်းပြင်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စုဘက်ရှိ သျှမ်းပြည်တပ်မတော် စခန်း တခု အား သွားရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်တပ်မတော်သားများ အခြေချရာ တောတွင်း ယာယီစခန်းငယ်တခုအား အစိုးရတပ်က ၆၀ မမ ဖြင့် အချက်ပေါင်း ၅၀ ကျော်ပစ်ခတ်သောကြောင့် နှစ်ဘက် ဆွေးနွေးညှိနှိုင်းနေချိန်ကိုအရေးထား၍ ရှောင်တိမ်းပေးလိုက်ရကြောင်း၊ အစိုးရတပ် ဘက် ၃ ယောက် ဒဏ်ရာအပြင်းအထန် ရရှိသကဲ့သို့ သျှမ်းတပ်ဘက်ကလည်းသေနတ်တလက်ဆုံးရှုံးကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောပါသည်။
နိုဝင်ဘာ တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံးက မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းဖြတ် မြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အားလုံး ထိုင်းနယ်စပ် မယ့်မော့(လွယ်ကော်ဝမ်း) သို့ အားလုံးတပ်ရုပ်ပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်။ နိုဝင်ဘာ ၁၉ ရက် အပစ်ရပ်စဲရေး သဘောတူညီချက်တွင် အပစ်မရပ်မှီ လှုပ်ရှားရောက်ရှိရာအရပ်မှာ လူထုနှင့်အတူ တပ်စခန်း ချ နေထိုင်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သော ကြောင့် တပ်ရုပ်သိမ်းရေး ကိစ္စမဖြစ်နိုင် ကြောင်း RCSS က ပြောပါ သည်။
သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် က - လူထုတရပ်လုံး စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးပြီး နေထိုင်မှု ဘဝ မြင့်တင်ရေးအတွက် အပစ်ရပ်ခြင်းဖြစ်ကြောင်း၊ သို့သော် အစိုးရတပ်က လူထု အခြေခံအခွင့်အရေးနှင့် အသက်အိုးအိမ်စည်းဇိမ်အားထိပါးက ပြန်လည်ခုခံတိုက်ရန် အချိန်ဆိုင်းတွ မည် မဟုတ်ကြောင်း ၆၅ နှစ်မြောက် သျှမ်းပြည်နယ်နေ့(သျှမ်းပြည်အမျိုးသားနေ့)၌ ပြောကြားပါသည်။