ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် အင်္ဂါနေ့က ပဏာမ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။
အပစ်ရပ်စာချုပ် ဖြစ်လာမည့် သဘောတူညီချက်ကို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သောအဖွဲ့နှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ နေပြည်တော်ရှိ အမရာဟိုတယ်၌ အင်္ဂါနေ့ နံနက် ၉ နာရီမှ မွန်လွဲ ၁ နာရီထိ တွေ့ဆုံဆွေးနွေးအပြီး လက်မှတ်ရေးထိုးခဲ့ရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းလည်း တက်ရောက်သည်ဟု သိရသည်။
“ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြတာ တွေ့ရတယ်။ သူတို့အဖွဲ့က တကယ်တမ်းတော့ အစိုးရနဲ့ တိုက်နေခိုက်နေတဲ့အဖွဲ့ မဟုတ်ပါဘူး။ သူတို့ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အစိုးရဘက်က သဘောတူပေးမယ် ဆိုတဲ့အချက်ကို ပဏာမ သဘောတူလိုက်တယ်”ဟု လက်မှတ်ထိုးပွဲသို့ ရောက်နေသည့် မြန်မာ့စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အတွင်းရေးမှူး ဦးကိုကို(စက်မှု)က ပြောသည်။
KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များအား မယ်လ၊ ထို့ကော်ပိုး ဒေသများတွင် နေထိုင်ရေး၊ အပစ်အခတ် ရပ်ဆိုင်းရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပေးရေး၊ တဖက်နှင့်တဖက် လက်နက်ကိုင်ဆောင် သွားလာရန် ကြိုတင် ညှိနိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရုံးဖွင့်လှစ်ပေးရေးအပါအဝင် အချက် ရ ချက်ကို ပြည်နယ်အဆင့်တွင် သဘောတူညီခဲ့သည်။
ဆက်ဆံရေးရုံးများကို ကော့သောင်း၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ မောတောင်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
ယခု နှစ်ဘက်တွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းထောက် ၁၀၀ ဝန်းကျင် တက်ရောက် သတင်းယူခဲ့သည်ဟု သိရသည်။
ဗိုလ်ချုပ်ထိန်မောင် တပ်ဖွဲ့သည့် ၂ဝဝ၇ ခုနှစ်တွင် KNU/KNLA မှ ခွဲထွက်၍ နအဖ အစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းရန် သဘောတူခဲ့သော်လည်း တရားဝင်စာချုပ် စာတမ်းနှင့် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့ပေ။
၂ဝ၁ဝ ခုနှစ်တွင် နအဖ အစိုးရဘက်မှ ထိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဖိအားပေးမှုကို ငြင်းဆန်
ခဲ့သဖြင့် ဆက်ဆံရေး ပြတ်တောက် သွားခဲ့သည်။
ယခုလက်မှတ်ရေးထိုးမှုမှသည် ကရင်ပြည်သူလူထုအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်လာရန် လိုကြောင်း ပင်မ KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။
“ကျမတို့အနေနဲ့ အစိုးရဘက်က လက်မှတ်လိုက်ထိုးဖို့ လုပ်နေတယ်ဆိုရင်လည်း ကရင်တမျိုးသားလုံးရဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ အဖွဲ့ငယ်ဖြစ်စေ၊ အဖွဲ့ကြီးဖြစ်စေ၊ လက်မှတ်ရေးထိုးထားတာရှိရင် နိုင်ငံတကာကို သူတို့က ငြိမ်းချမ်းရေး လုပ်ဆောင်နေတယ်လို့ဖော်ပြနေတာ ဖြစ်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလကတည်းက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်ဆိုင်းရေး ဆွေးနွေးမှုများပြုလုပ်လာရာ ဝ,ပြည်သွေးစည်းညီညွတ်ရေး (UWSA)၊ မိုင်းလား အဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တောင်ပိုင်းတပ် (SSA-S)၊ ရှမ်းပြည်မြောက်ပိုင်းတပ် (SSA-N)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့နှင့် အစိုးရအကြား ပဏမ တွေ့ဆုံ ခဲ့ကြသော်လည်း အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုး နိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအင်အားစုများ ဖြစ်ကြသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(NLD-LA)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တို့နှင့်လည်း မီးရထားဝန်ကြီး ဦးအောင်မင်းက တွေ့ဆုံပြီး ပြန်လာကြရန် ဖိတ်ခေါ်ခဲ့သည်။