ရခိုင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ကုလ အထူး ကိုယ်စားလှယ်ကို တင်ပြ

ရခိုင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ကုလ အထူး ကိုယ်စားလှယ်ကို တင်ပြ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မူများ ဆက်လက် ရှိနေသေးကြောင်းကို မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ ရောက်ရှိလာခဲ့သာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်းတားနားကို ရခိုင် ခေါင်းဆောင် ဦးအေးသာအောင်က တင်ပြခဲ့သည်ဟု သိရသည်။

U-Aye-Tha-Aung--Tomas-Ojea
ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက တိုင်းရင်းသား ကိုယ် စားလှယ်များနှင့် တွေ့ဆုံစဉ် ထိုသို့ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ရှိနေသေးကြောင်းကို ဦးအေးသာအောင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က သူတင်ပြခဲ့သည့် အပေါ် နိရဥ္စရာကို ယခုလို ပြောပြသည်။

" ဘကြီးအနေနဲ့ ရခိုင်ပြည်မှာ နဝတ၊ နအဖ လက်ထက်ကတည်းကနေ အခုအချိန်ထိ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေဟာ နည်းမျိုးစုံနဲ့ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အကြောင်းတွေကို သူ့ကို ပြောပြတယ်။ အထူးသဖြင့် လယ်ယာမြေတွေ အသိမ်းခံနေရတာတွေဟာ အဆိုးရွားဆုံး ဖြစ်တယ်။ အခုလို လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ အတွက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ လူမူရေး၊ စီးပွားရေး၊ ပညာရေးပိုင်းမှာ အဆိုးရွားဆုံး ထိခိုက်နေတယ် ဆိုတဲ့အကြောင်းကို တင်ပြ ပြောဆို ခဲ့ပါတယ်။"

မစ္စတာကင်တားနားနှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံစဉ် ဦးအေးသာအောင် အပါအဝင် တိုင်းရင်း သား ခေါင်းဆောင်များ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီး အမျိုး သားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်တို့လည်း ပါ၀င်သည်။

အဓိက တိုင်းရင်းသား ခေါင်းဆောင်များက တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖေါက် ခံနေရမှုများကို အသီးသီး ဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပင်လုံ သဘောတူညီချက် အပေါ် အခြေခံ ဆွေးနွေးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

" အခု လတ်တလော ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဆွေးနွေးနေ ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ် ရပ်စဲရုံနဲ့ မပြီးတဲ့ အကြောင်း ။ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးဖို့လိုတယ်။ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါမှာလည်း တိုင်းရင်းသား တွေရဲ့ အစဉ်အဆက် တင်ပြနေတဲ့ ပင်လုံညီလာခံ၊ ပင်လုံသဘောတူညီချက် အခြေခံအပေါ်မှာ ဆွေးနွေးဖို့ လို အပ်တဲ့အကြောင်းကို ဆွေးနွေး ပြခဲ့ပါတယ်" ဟု ပြောသည်။

မစ္စတာကင်တားနားသည် သူ၏ မြန်မာ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို လာမည့် မတ်လအတွင်း လူ့အခွင့်အရေး ကောင်စီတွင် တင်ပြမည်ဖြစ်ပြီး အောက်တိုဘာလ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အစီရင် ခံစာ တင်သွင်းသွားမည်ဟု သိရသည်။

မစ္စတာကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် အချိန်မှ စ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်ခဲ့ပြီ ဖြစ်သည်။

Most read this week