အခြေခံဥပဒေ ပြင်ဆင်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေ ပြင်ဆင်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္စျိမ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပိုင်းကဏ္ဍအချို့သည် ပြည်သူလူထုအတွက် အကျိုးမရှိသည့်အတွက် ပြင်ဆင်ရမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quitana နှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်။
မြန်မာနိုင်ငံသို့ ပဥ္စမအကြိမ်မြောက် လာရောက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကြံခိုင်ရေးပါတီမှ ဦးဌေးဦး၏ အခြေခံဥပဒေအပေါ် သဘောထား မှတ်ချက်ကို တုန့်ပြန် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးတဲ့သူတွေကတော့ ပြင်ချင်တဲ့စိတ်နဲ့ ရေးတာမဟုတ်ဘူးလို့ပဲ ထင်ရမှာပေါ့နော်။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့။ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အပိုင်းတွေကို ပြင်သင့်တယ်ဆိုတာ အန်တီတို့ ယုံကြည်ချက်အရ ပြောတာပါပဲ” ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သို့သော် မည်သည့်အပိုင်းကဏ္ဍများ ပြင်ဆင်ရမည်ကိုမူ
ပြောဆိုမသွားပေ။

နှစ်ပေါင်းများစွာ ဆွေးနွေးပြုစုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ကဏ္ဍ သိပ်မပါဟု ကြံခိုင်ရေးပါတီမှ ဦးဌေးဦးက ဖေဖော်ဝါရီလ ၂ ရက်တွင်  ‘လွတ်လပ်တဲ့ အာရှအသံ’ RFA သတင်းဌာနသို့ပြောဆိုခဲ့သည်။

ကြံခိုင်ရေးပါတီဝင်အများစုနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေသည့် လွှတ်တော်အတွင်း ဥပဒေပြင်ဆင်ရေးအတွက် သဘောတူညီမှုရအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှု ရယူရန်လိုသဖြင့် ကြံခိုင်ရေး ပါတီဝင်နှင့် တပ်မတော်သား ကိုယ်စားလှယ် အများစု ဖြစ်နေသည့် လက်ရှိလွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ရန် မလွယ်ကူဟု ဝေဖန်မှုများ လည်း ရှိနေသည့်အပေါ် မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

NLD လွတ်မြောက်နယ်မြေ အပါအဝင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ပါတီဝင်ဟောင်းများ ပါတီဝင်အဖြစ် ပြန်လည်မှတ်ပုံတင်ရန်လည်း အစီအစဉ်များ ပြုလုပ်ထားသော်လည်း ယင်းအစီအစဉ်အကောင်အထည် ဖော်မည့် အချိန်ကာလကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အသင်းဝင်အားလုံးက ပြန်ပြီးတော့ လျှောက်လွှာတင်ရပါတယ်။ အန်တီအပါအဝင်ပေါ့နော်။  အဲ့ဒီမှာ အခြေခံလိုအပ်ချက်တွေက နိုင်ငံသားဖြစ်ရမယ်၊ နောက် အသက် သတ်မှတ်ချက် ၁၈ နှစ်
ကျော်ရမယ်ပေါ့နော်။ ၁၈ နှစ်လည်း ကျော်တယ် နိုင်ငံသားလည်း ဖြစ်တယ်ဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် အဖွဲ့ချုပ်ဝင်လို့ရအောင် အွန်လိုင်းတောင်မှ လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်” သူမက ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နှင့် မဖြူဖြူသင်းတို့ အပါအဝင် လူငယ်ကိုယ်စားလှယ် အများအပြား စာရင်းတင်သွင်းခဲ့ခြင်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ရှင်းလင်းပြောဆိုသွားခဲ့သေးသည်။

“လူငယ် ကိုယ်စားလှယ်လောင်းတွေက တခြားကိုယ်စားလှယ်လောင်းတွေနဲ့ အလုပ်လုပ်နိုင်စွမ်း ကွဲပြားခြားနားတယ်လို့ မထင်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံးက သူတို့ရဲ့ တာဝန်၊ ဝတ္တရားတွေနဲ့ ဒီမိုကရေစီတာဝန်တွေကို ထမ်းဆောင်နိုင်ပါလိမ့်မယ်။ လူငယ် ကိုယ်စားလှယ်လောင်းတွေကို တတ်နိုင်သမျှ
ရွေးချယ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့တွေကို ဒီမိုကရေစီရေးနဲ့ပတ်သတ်ပြီး အလေ့အကျင့်
ဖြစ်စေချင်လို့ပါပဲ” ဟု သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကော့မှူးမြို့နယ်သို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားကြောင်း၊ အနည်းဆုံး သုံးကြိမ်ထက်မနည်း ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်ပြီး သူမကိုယ်တိုင် မဲဆန္ဒပေးမည့် နေရာအဖြစ် ကော့မှူးမြို့နယ်ရှိ ကရင်တိုင်းရင်းသား အများစုနေထိုင်ရာ ကျေးရွာတခုကို ရွေးချယ်ထားကြောင်း သိရသည်။

“ကော့မှူးမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပဲ မဲထည့်ရမယ်လေ။ အန်တီက အဓိက အဲ့ဒီရွာကို ရွေးတာက ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။ ကရင်တိုင်းရင်းသားတွေနဲ့လည်း ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံနိုင်အောင်လို့ ဆိုပြီးတော့ အဲ့ဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မန္တလေးသို့ သွားရောက်မဲဆွယ်စည်းရုံးရန် စီစဉ်ထားသော်လည်း အစီအစဉ်ရွှေ့ဆိုင်းလိုက်ခဲ့ရခြင်းမှာ နေရာအခက်အခဲကြောင့်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ရ ရက်နေ့ ပုသိမ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုမူ သွားရောက်မည်ဖြစ်ကြောင်း သူမက ဆိုသည်။

Most read this week