ခေါင်းဆောင်ဖြစ်သူ စောတာကလယ် ကွယ်လွန်ပြီးနောက်ပိုင်း သျှမ်းပြည်လူမျိုးပေါင်း စုံလွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) ကို ပြန်လည်အသက်သွင်းထူထောင်လိုက်တဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင် တွေက ဝေဖန်သုံးသပ်ကြ ပါတယ်။
“ သေဆုံးနေတဲ့ကျားကို အသက်ပြန်မသွင်းစေချင်ဘူး။ မြန်မာအစိုးရက ဒီအဖွဲ့ကို ပြန်လည်ထူထောင်ဖို့ တွန်းအား ပေးတယ် ဆိုတာက ပအိုဝ်းအဖွဲ့အချင်းချင်းကို ခေါင်းတိုက်ပေးချင်သလိုတခြားအဖွဲ့အစည်း တွေနဲ့လဲ ထိပ်တိုက်ဖြစ်စေဖို့ အစိုးရ က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့ဘဲမြင်တယ်” - လို့ အမည်မ ဖော်လိုတဲ့ PNLO က အရာရှိတဦးက ပြောပါတယ်။
ဥက္ကဌကြီး တာကလယ်ကွယ်လွန်ပြီး( ဩဂတ်စ်လ ၁ ရက် ၂၀၁၁ ) နောက်ပိုင်း ဗဟို အလုပ်အမှုဆောင် တွေကိုပြန် လည်ရွေးချယ်တင်မြောက်ဖွဲ့ စည်း လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ခေါင်းဆောင်လဲမရှိတော့ဘူး။ တစစီဖြစ်သွားတဲ့ အဖွဲ့အစည်းကို ဘာလို့ရှင်သန်နေစေချင်တာလဲ။ ကျနော်တို့ PNO က အဲလောက်ထိ အစိုးရကိုလိုက်လျောလာတာ။ ပအိုဝ်းတဖွဲ့ရှိပြီးပြီဘဲ။ ဘာလို့ နောက်တဖွဲ့ရှိလာစေချင်တာလဲ။ နားမလည် ဘူး ” လို့ အမည်ဖော်လိုတဲ့ ပြည်သူ့စစ်အသွင်ပြောင်း PNO ခေါ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က အရာရှိတဦး ကပြောပါ တယ်။
ရလလဖ ( SNPLO) အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ခွန်စိန်ရွှေ (အသက် ရ၀) ၊ ဒု-ဥက္ကဌအဖြစ် စိုးအောင်လွင် (အသက် ရ၀ ကျော်) အတွင်းရေးမှူး ဆေပျံ (အသက် ၅၀ ကျော် )နဲ့ အဖွဲ့ဝင် ကြည်ဟန်( အသက် ၅၀ ကျော်) အောင် ကျော်ဆန်း (အသက် ၅၀ ကျော် ) အစရှိပုဂ္ဂိုလ် တွေပါဝင်တယ်လို့လဲ သိရပါတယ်။
တဖက်ကလည်း သျှမ်းပြည်အမျိုးသားရေးစောင့်ကြည့်လေ့လာတဲ့ ပုဂ္ဂိုလ်တဦးက - “ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးတည်ဆောက်နေတယ်လို့ပြောဆိုတာဟာ ကမ္ဘာကို မျက်နှာပြဖို့ မိတ်ကပ်လိမ်းတာဘဲ၊ တိုင်းရင်းသားတွေကို သွေးခွဲအုပ်ချုပ်တဲ့နည်း ဒီအစိုးရဆက်သုံး နေဆဲလို့မြင်တယ်” လို့ သုံးသပ်ပြော ဆိုပါ တယ်။
မြန်မာအစိုးရ ဖွဲ့စည်းပုံမှာ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံးမြို့နယ်တွေကို ပအိုဝ်းအမျိုး သားများ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ် ပေးထားပါတယ်။ အခုပြန်လည်ထူထောင် လိုက်တဲ့(SNPLO/ SSNPLO) ကို မောက်မယ်ဘက်ပြန်ပြီးလှုပ်ရှားခွင့်ပြုရင် မကြာခင်က အပစ်ရပ်သွားတဲ့ သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နဲ့ ထိပ်တိုက်ဖြစ်စေမှာမလွဲဘူးလို့ သုံးသပ်တဲ့သူတွေလဲရှိနေ ပါတယ်။
ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ချုပ် Shan State Nationalities Peoples Liberation Organization (SNPLO/ SSNPLO) ကို ၁၉၆၈ က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ခွဲထွက်ပြီးနောက်ပိုင်း ဦးတာကလယ် ကနေ ဖွဲ့စည်း တည်ထောင်လိုက်တာဖြစ်ပါတယ်။ ဒီလိုထူထောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပူးပေါင်းလိုက်တဲ့အတွက် “ ပအိုဝ်းနီအဖွဲ့” လို့လူသိများပါတယ်။ ၁၉၉၄ မှာ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ နောင်ထော်၊ မောက်မယ်ဖက်မှာ လှုပ်ရှားအခြေချနေထိုင်ရင်း ၂၀၀၇ ခုနှစ်မှာ ခွန်ချစ်မောင် ဦးဆောင်ပြီး စစ် အစိုးရကို လက်နက်ချပေး တဲ့အဖွဲ့၊ ခွန်သူရိန်ဦးဆောင်ပြီး တောခိုတဲ့အဖွဲ့၊ ဗိုလ်မှူးကြီးဆိုင်ဖ ဦးဆောင်တဲ့အဖွဲ့ဆိုပြီး ၃ ဖွဲ့ ကွဲ သွား ခဲ့ပါတယ်။ ဥက္ကဌကြီး ဦးဆောင်တဲ့ လက်ကျန်တပ်သားတွေကိုတော့ ဌာနချုပ်ကို မြန်မာစစ်တပ်က စီးနင်း သိမ်း ပိုက် လက်နက်ဖြုတ်လိုက် ပါတယ်။ ဗိုလ်မှူးကြီးဆိုင်ဖ ဦးဆောင်တဲ့အဖွဲ့က ဦးအောင်ခမ်းထီ (PNO ) ကိုသွားရောက်ပူး ပေါင်း လိုက်ကြ ပြီး ခွန်သူရိန် ဦးဆောင်တဲ့အဖွဲ့ကတော့ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်တဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက် ရေးအဖွဲ့ချုပ် (PPLO) နဲ့ပူးပေါင်းပြီး ပအိုဝ်းအမျိုးသာလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဖြစ်လာပါတယ်။