ရေရှည်ငြိမ်းချမ်းရေးအတွက် ချင်းနှင့် ရှမ်းပါတီပြော

ရေရှည်ငြိမ်းချမ်းရေးအတွက် ချင်းနှင့် ရှမ်းပါတီပြော
by -
မဇ္ဈိမ

အပစ်အခတ် ရပ်စဲထားရုံနှင့်မပြီးဘဲ ရေရှည်ငြိမ်းချမ်းရေးအတွက် ကတိတည်ရန်နှင့် ယခင်အစိုးရကဲ့သို့ မပြုကျင့်ရန် ချင်းအမျိုးသားပါတီ CNP နှင့် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP တို့ကပြောဆိုလိုက်သည်။

၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ ‘ငြိမ်းချမ်းရေးယူသည်’ ဆိုသည်မှာ ယာယီသဘော သက်သက်ဖြစ်ကြောင်း နယူးဒေလီမြို့တွင် ရောက်ရှိနေသည့် CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါင် (ခ) ဦးဇိုဇမ် က မဇ္စျိမကို ပြောသည်။

“ဟိုးတုန်းက လုပ်လိုက်တာက တကယ့် temporary လုပ်လိုက်တဲ့အတွက် ယာယီပဲ ခံတယ်။ အပစ်ရပ် အဆင့်လောက်နဲ့ တင်းတိမ်နေရင် ဒုံရင်းဒုံရင်း ပြန်လာလိမ့်မယ်။ တကယ် တည်တံ့ချင်ရင် လက်နက်ကိုင် အဖွဲ့တွေက ဘာလိုချင်သလဲ။ သူတို့လိုချင်တာ equality နဲ့ equity ပဲ။ ပြည်ထောင်စုစစ်စစ်၊ ဖက်ဒရယ် ပုံစံမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းနိုင်မှ တည်ငြိမ်ပြီး ကြာရှည်ခံတဲ့ငြိမ်းချမ်းရေး ရမယ်။ အပစ်ရပ်စဲရေးလောက် တင်တော့ ကျနော်တို့ပရိုဂရမ်ထဲမှာ မရှိပါဘူး” ဟု ပြောသည်။

 အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ Jamia Millia Islamia တက္ကသိုလ်တွင် ပြုလုပ်သည့် Bridging South and South East Asia ဆွေးနွေးပွဲ၌ ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ပူးဇမ်ကျင့်ပေါင် (ခ) ပူးဇိုဇမ် ဆွေးနွေးနေစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရာတွင် ယခင်ကလည်း ‘အမျိုးသားညီလာခံ’ ဟူ၍ ကျင်းပခဲ့ဖူးသော်လည်းပြုပြင်မှုများစွာ လိုအပ်နေသည့် ၂ဝဝ၈ အခြေခံ ဥပဒေတခုသာ ရရှိလာခဲ့သဖြင့် ကျေနပ်ဖွယ်ရာမရှိကြောင်း ဆက်လက်ပြောဆိုသည်။

“အမျိုးသားညီလာခံကို ၈ နှစ်လောက် ကျင်းပတယ်။ ထွက်လာတဲ့အဖြေကလည်း အခြေခံဥပဒေတခုတော့ ရပါရဲ့။ အားရကျေနပ်လောက်အောင်တော့ မမြင်ဘူး။ မချစ်သော်လည်း အောင့်ကာနမ်းပေါ့။ (ပြုပြင် စရာတွေ) အမြောက် အများ လိုအပ်ပါတယ်။ လွှတ်တော်ထဲမှာတော့ စိတ်ပျက်ပျက်နဲ့ပဲ မျှော်လင့်တုန်းပါ”

မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားလူမျိုးစုများအရေး၊ ပြည်ထောင်စုအရေး အဖြေရှာကြရာတွင် ပင်လုံညီလာခံ (၁၉၄၇)၊ တောင်ကြီးညီလာခံ (၁၉၆၂)၊ အမျိုးသားညီလာခံ (၁၉၉၃) စသဖြင့် ရှိခဲ့ဖူးပြီး နိုင်ငံရေး အင်အားစု အချို့က ‘ဒုတိယ ပင်လုံညီလာခံ’၊ ‘နေပြည်တော် ညီလာခံ’ စသဖြင့် တောင်းဆို နေမှုများအပေါ် “ညီလာခံ ဆိုတဲ့ စကားလုံးကို ကျနော် စိုးရိမ်ပါတယ်။ ညီလာခံတွေကလည်း များလွန်းအား ကြီးနေပြီဆိုတော့။ တကယ့် အဓိပ္ပါယ်ရှိရှိနဲ့ ပေါင်းစုံ ပါဝင်နိုင်တဲ့ အစည်းအဝေးကြီးတခု ကျင်းပနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ” ဟု ဦးဇမ်ကျင့်ပေါင် က မဇ္စျိမကို ပြောသည်။

ထို့အတူ အပစ်အခတ်ရပ်စဲပြီးနောက် နိုင်ငံရေးဖြေရှင်းမှုများ တက်လှမ်းနိုင်ရန်အတွက် နှစ်ဘက်ယုံကြည် မှုရစေရန် အထူးအရေးကြီးကြောင်း SNDP ပါတီမှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ် က မဇ္စျိမကို ပြောသည်။

“အဓိကတော့ ကိုယ်ပေးတဲ့ကတိ တည်ဖို့လိုတယ်။ ဥပမာဆိုရင် တပ်မတော်ဘက်က တပ်တွေ ရုတ်သိမ်းပေးပါလို့ ပြောရင် အမှန်တကယ် ရုတ်သိမ်းပေးဖို့လိုတယ်။ ရုတ်သိမ်းပေးမယ်လို့ပြောပြီး ချန်ထားတဲ့နေရာတွေမှာ ချန်ထားသေး တယ်ဆိုရင် တဖက်က မယုံကြည်နိုင်သေးဘူး။ အဲလိုမျိုး မဖြစ်ဖို့ လိုတာပေါ့” ဟုပြောသည်။

စိုင်းသီဟကျော်နှင့် ဦးဇမ်ကျင့်ပေါင်တို့ နှစ်ဦးလုံးမှာ နယူးဒေလီမြို့တွင် ကျင်းပနေသည့် Bridging South and South East Asia ဆွေးနွေးပွဲသို့ အခြားပါတီ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်နေကြခြင်း ဖြစ်သည်။

Jamia Millia Islamia တက္ကသိုလ်၊ Tampadipa Institute နှင့် ဥရောပမြန်မာရုံး EBO တို့ ပူးပေါင်း စီစဉ်ကြသည့် အဆိုပါဆွေးနွေးပွဲ ပထမနေ့ကို Jamia Millia Islamia တက္ကသိုလ်တွင် တနင်္လာနေ့က စတင်ကျင်းပနေပြီး မြန်မာဘက်မှ နိုင်ငံရေးပါတီနှင့် အစိုးရမဟုတ်သောအဖွဲ့များမှ ကိုယ်စားလှယ် ၃ဝ ခန့် တက်ရောက်ဆွေးနွေးကြသည်။

မြန်မာပြည်မှ ဒေါက်တာခင်ဇော်ဝင်း (တမ္ပဒီပ)၊ ဒေါက်တာလျန်ဆာခေါင်း (EBO)၊ ဒေါက်တာကျော်သူအောင် (ပေါင်းကူး)၊ ဦးသိန်းထွန်း (တစည)၊ ဒေါ်ရွှေရွှေစိမ်းလတ် (ဖန်တီးအိမ်)၊ ကရင်အမျိုးသမီးအဖွဲ့မှ မလှလှစိုး တို့က ဦးဆောင်ဆွေးနွေးကြကာ လန်ဒန်တက္ကသိုလ်မှ Dr Marie Lall ၊ အိန္ဒိယ ပါမောက္ခ Baladas Ghosal ၊ အိန္ဒိယ ကာကွယ်ရေး လေ့လာရေးဌာန ဒါရိုက်တာ Dr Arvind Gupta တို့က ဦးဆောင် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသော် လည်း ဆွေးနွေးမှုအသေးစိတ်ကိုမူ မသိရှိရသေးပေ။

ဆွေးနွေးပွဲ ဒုတိယနေ့အား အိန္ဒိယအပြည်ပြည်ဆိုင်ရာဌာန IIC တွင် ပြောင်းရွှေ့ပြုလုပ်ကြမည်ဖြစ်သည်။