သောင်းကျန်းလွန်းသော အိန္ဒိယ အလုပ်သမားများ မြို့ပြင်တွင် နေထိုင်ရန် ညွှန်ကြားချက်ထုတ်ခံရ

သောင်းကျန်းလွန်းသော အိန္ဒိယ အလုပ်သမားများ မြို့ပြင်တွင် နေထိုင်ရန် ညွှန်ကြားချက်ထုတ်ခံရ
by -
နိရဥ္စရာ

လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် လာရောက် အလုပ် လုပ်ကိုင်နေကြသော အိန္ဒိယ အလုပ်သမားများအား ကျောက်ဖြူမြို့ထဲမှ ထွက်ခွာပြီး မြို့ပြင် နေရာများသို့ ပြောင်းရွေ့နေထိုင်ရန် ခရိုင်တာဝန်ရှိသူများက ညွှန်ကြားချက် ထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မှ နိုင်ငံခြား စီမံကိန်း တစ်ခု
" ခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင် က ဒီလ ၁၉ ရက်နေ့ကို နောက်ဆုံးထားပြီး မြို့ပြင်ကို ပြောင်းရွှေ့ဖို့အတွက် ညွှန်ကြားစာ ထုတ်ပါတယ်။ ဒါကို ကျောက်ဖြူ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီလည်း ပို့ပေးပါတယ်ယ်" ဟု အမည် မဖေါ်လိိုသူ ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

၎င်းစာထုတ်ပြီး နောက်ပိုင်းတွင် ကျောက်ဖြူမြို့ ရပ်ကွက်အတွင်းတွင် နိုင်ငံခြားသား အလုပ်သမားများကို ဆက်လက် အိမ်ဌားရမ်းခြင်းကို စိစစ် ဆောင်ရွက်သွားတော့မည် ဖြစ်ကြောင်း သူက ပြောသည်။

" နောက်ဆိုရင် နိုင်ငံခြားသားတွေကို အိမ်ဌားတဲ့ အပေါ် စိစစ် ကန့်သတ်မူတွေ လုပ်သွားပါတော့မယ်။ အခု အိန္ဒိယက လာတဲ့ သူတွေထဲက တချို့ဆိုရင် သိပ်ဆိုးတယ်ဗျာ။ ညကျရင် အရက်တွေ သောက်တယ်။ လျှောက်အော်တယ်။ ပြီးရင် မကောင်းမူ လုပ်စားတဲ့ အိမ်တွေကို သွားတယ်။ သွားရင်လည်း တိုးတိုးတိတ်တိတ် မဟုတ်တော့ ဆူညံပြီး ရပ်ကွက်နေ လူထုတွေကို ထိခိုက်နေပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ မြို့ခံ ကျောက်ဖြူ လူထုကို ထိခိုက်နေသဖြင့် ရပ်ကွက်သားများက အထက်ကို တိုင်းတန်းရာမှ ယခုကဲ့သို့ ခရိုင် ဥက္ကဌ ညွှန်ကြားချက် ထွက်လာခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တာဝန််ရှိသူ ဦးသန္တာမောင်က ပြောသည်။

" အခုလို လုပ်နေရင် နောက်ပိုင်းမှာ မြို့ခံ လူငယ်တွေနဲ့့ပါ ပတိပက္ခ ဖြစ်လာနိုင်တယ်။ ရိုက်ပွဲတွေ၊ ဓါးထိုးမူတွေတောင် ဖြစ်လာနိုင်တယ်။ လူတွေက မကျေနပ်မူတွေ တိုးပွားနေတယ်။ သူတို့ကြောင့် အေးအေးဆေးဆေး နေထိုင်နေတဲ့ ကျွန်တော် မြို့ခံ လူထုကိုလည်း အထူး ထိခိုက်နေတယ်။ ဒါကြောင့် မြို့ခံ လူတွေက အထက်ကို တိုင်ကြားတယ်။ ဒါကြောင့် အိန္ဒိယ အလုပ်သမားတွေကို မြို့ထဲကနေ မြို့ပြင်က သူတို့ရဲ့ လုပ်ငန်းခွင်တွေမှာ နေထိုင်ဖို့ ခရိုင် အုပ်ချုပ်ရေးမှူးက ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။"

အိန္ဒိယ အလုပ်သမားများမှာ မြို့ထဲ ရပ်ကွက်ရှိ အိမ်များတွင် ဌားရမ်းနေထိုင်နေကြပြီး နံနက်ပိုင်းတွင် ကားများဖြင့် အလုပ်ခွင်ကို ခေါ်ယူသွားပြီး ညနေပိုင်းတွင် မြို့ထဲရှိ သူတို့ နေထိုင်ရာ အိမ်များသို့ ပြန်ပို့ပေးကြောင်း သိရသည်။ သူတို့ အတွင်းတွင်လည်း လစာပုံမှန် မရသဖြင့် အချင်းချင်းကြားတွင် မကြာခဏ ရိုက်ပွဲများ ပေါ်ပေါက်နေကြောင်း ဦးသန္တာမောင်က ပြောသည်။

" အိန္ဒိယမှ အလုပ်သမားတွေက အချင်းချင်းလည်း ရန်ဖြစ်တယ်ဗျာ။ ဒါကြာင့် မြို့ထဲရပ်ကွက်တွေမှာ ညညဆိုရင် ဆူညံနေပါတယ်။ ကျောက်ဖြူက အရက်ဆိုင်တိုင်းမှာ သူတို့ ရောက်တယ်။ မကောင်းမူ လုပ်နေတဲ့ အိမ်တွေကို သွားတယ်။ မြင်မကောင်းအောင် ဖြစ်နေတယ်။ ခရိုင် ဥက္ကဌ စာထုတ်တာ လုပ်သင့် လုပ်ထိုက်လို့ လုပ်တာ ဖြစ်တဲ့ အတွက်် ကောင်းတယ်လို့ မြင်ပါတယ်" ဟု သူက ဆက်ပြောသည်။

အိန္ဒိယ အလုပ်သမားများ ဇန္နဝါရီလ ၁၉ ရက်နေ့ကို နောက်ဆုံးထားပြီး မြို့ထဲမှ ထွက်ခွာရန် ညွှန်ကြားထားသော်လည်း မြို့ပြင်တွင် သူတို့အတွက် ဆောက်လုပ်ထားသော နေအိမ်များမှာ အဆင့်မမှီဟု ဆိုကာ မပြောင်းရွှေ့ဘဲ ဆက်လက် နေထိုင်လျှက်ရှိကြောင်း ဒေသခံ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

" သူတို့က တော်တော်ပြဿနာရှာတဲ့ သူတွေဗျာ။ ကျောက််ဖြူက ၂၁ မိုင်ဝေးတဲ့ နေရာတစ်ခုမှာ သူတို့ နေထိုင်ဖို့အတွက် ဒေသ အင်ဂျင်နီယာ ဦးအောင်နိုင်က ကန်ထရိုက်ယူပြီး ယာယီ နေထိုင်လို့ရမယ့် အဆောင်တွေ ဆောက်တယ်။ ဒါကို အဆင့်မမှီဘူးဆိုပြီး မနေနိုင်ဘူးလို့ ပြောတဲ့ အတွက် ဦးအောင်နိုင်က ပိုက်ဆံလည်း မရဘဲ ဖြစ်နေတယ်။ သူက ဆောက်ပြီးမှ ပိုက်ဆံ ပေးမယ်စနစ်နဲ့ ဆောက်တာဆိုတော့ ဦးအောင်နိုင်ကလည်း ရှိတာလေးတွကို ပေါင်နှံ ရောင်းချပြီး ဆောက်တော့ အခု ပိုက်ဆံမရတော့ အခက်အခဲ ဖြစ်နေပါတယ်။ အထက်လူကြီးတွေကို ဖြေရှင်းပေးဖို့တော့ တိုင်ကြားထားပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့ထဲတွင် ဆက်လက် နေထိုင်လိုသော အိန္ဒိယ အလုပ်သမားများက သူတို့ နေထိုင်ရန် ဆောက်လုပ်ထားသော ယာယီအိမ်များမှာ သူတို့နေထိုင်ရန် အတွက် မသင့်တော်ဟု ဆိုကာ အကြောင်းပြနေသဖြင့် မြို့ခံများ အကြားတွင်လည်း မကျေနပ်မူများ တိုးပွားနေသည်ဟု သိရသည်။

ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် အစိုးရနှင့် သဘောတူညီထားချက်အရ အောက်ခြေ အလုပ်သမားများနေရာတွင် ဒေသခံများကိုသာ ခေါ်ယူ အလုပ်ပေးရမည်ဟု ပါရှိသော်လည်း လက်တွေ့တွင် နိုင်ငံခြားမှ အလုပ်လာလုပ်သည့် တရုတ်၊ ကိုရီးယားနှင့် အိန္ဒိယ ကုမ္ပဏီများသည် သူတို့နိုင်ငံမှ အလုပ်သမားများကို ကျွမ်းကျင် အလုပ်သမားများ ခေါင်းစဉ်ဖြင့် ခေါ်ယူလာပြီး ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် အလုပ်ခိုင်းစေနေကြောင်း သိရသည်။

Most read this week