ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ

ဒေါ်အောင်ဆန်းစုကြည်၏ ရုတ်တရက်စကား လူထုသဘောကျ
by -
မဇ္ဈိမ

အင်္ဂါနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် လာရောက် နားထောင်ကြသော ပရိသတ်ထဲမှ ထိုင်ခုံ ကျိုးကျသည်ကို မြင်၍ ရုတ်တရက် ပြောဆိုလိုက်သော စကားကြောင့် လူထုပရိသတ် လက်ခုပ်သြဘာ ပေးခဲ့ကြသည်။

“ဒီလောက်အများကြီး ဒီခုံလေးပေါ်မှာ တက်နေရင် ပြုတ်ကျမှာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ရယ်ရွှန်း မှတ်ချက် ပေးလိုက်သည့်အတွက် ပရိသတ်က နှစ်သက် သဘောကျသွားခြင်း ဖြစ်သည်။

ဤသို့ ပရိသတ်သြဘာပေးကြသည်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ရိုးရိုးပြောတာပါ။ ပြည်သူတွေက ……. အရမ်းဉာဏ်ပြေးတာပဲ” ဟု ထပ်မံမှတ်ချက်ပြုလိုက်သေးသည်။

နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် မြို့နယ် ဆိုင်းဘုတ်တင်ပွဲတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ခန့်ကြာ အမှာစကား ပြောကြားခဲ့ရာ “ဒီလို မြို့နယ်ရုံးခန်းတွေ ဖွင့်တာဟာ ပြည်သူတွေနဲ့ နီးနီးစပ်စပ် ဆက်ဆံနိုင်ဖို့ ပါပဲ” ဟု ပြောသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် မဖြူဖြူသင်း အား NLD မှ ရွေးချယ်ထားခြင်းနှင့် ပတ်သက်၍လည်း “နေ့တိုင်းနေ့တိုင်း ကိုယ့်စရိတ်နဲ့ကိုယ် လာပြီးတော့ အလုပ်တွေ လုပ်သွားကြတဲ့ လူငယ်တွေထဲက တယောက်ပါပဲ” ဟု မိတ်ဆက်
ပေးပြီး ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်တဲ့ အရည်အချင်းနှင့် ပြည့်စုံသည့် အတွက်
ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ထားရှိသင့်သည့် သဘောထားမှာ “သူတို့ကံကြမ္မာ ဟာ ကိုယ့်လက်ထဲမှာရှိတယ်။ ကိုယ့်ကံကြမ္မာဟာ သူ့လက်ထဲမှာ ရှိတာမဟုတ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးနောက် ဗဟိုနှင့် မြို့နယ် NLD ပါတီရုံးခန်းများ ပြန်လည် ဖွင့်လှစ်လာခဲ့ကြသည်။

“အနယ်နယ် အရပ်ရပ်မှာ ရှိကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိမိတို့ရဲ့အလံတော်ကို မြို့နယ်အသီးသီးမှာ ဖွင့်လှစ်သွားမယ် ဆိုတဲ့အတိုင်း တနိုင်ငံလုံးဟာ နီရဲသွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု နာယက ဦးတင်ဦး က ပြောသည်။

ထို့နောက် “ကိုယ်စားလှယ်လောင်းတွေ ရွေးကြပြုကြတဲ့အခါ၊ နေရာ ပေါ်လာတဲ့အခါကျတော့ လူတို့ရဲ့သဘာဝ အတိုင်းပဲ ပူညံ ပူညံ ပူညံ ဖြစ်လာတာပဲ” ဟု ပါတီ နာယကကြီးက ပြောလိုက်ရာတွင်လည်း ပရိသတ် နှစ်သက် သဘောကျကြသည်။

ဇန်နဝါရီ ၁၇ ရက် နေ့စွဲဖြင့် ပြည်နယ်နှင့်တိုင်း ၆ ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း ၂၂ ဦးစာရင်းကို ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်ကြေညာလိုက်ရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာအတွက် ၄၄  နေရာ ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် NLD ပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကိုလည်း အင်္ဂါနေ့ နံနက်က ပြုလုပ်ခဲ့ရာ ဖိတ်စာ ၅၀၀ ဝေခဲ့သော်လည်း ပရိသတ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပါတီဝင် ကိုမင်းမင်း က မဇ္စျိမကို ပြောသည်။

“အရင်ပါတီ ရုံးနေရာမှာပဲ လုပ်ပါတယ်။ မင်းကင်း (ဒေါ်ခင်မွှေးလွင်) အောင်နိုင်ရေးအတွက် ကလေးမြို့၊ တမူး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝတို့က ပေါင်းပြီး ၂၁ ဦး စည်းအဖွဲ့ ဖွဲ့စည်းလှုပ်ရှားနေပါတယ်”

တမူးမြို့နယ် NLD ဆိုင်းဘုတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီ၊ တစည ပါတီ၊ ချင်းအမျိုးသား တိုးတက်ရေးပါတီတို့ကလည်း လှိုက်လှိုက်လှဲလှဲ တက်ရောက်ခဲ့ကြကြောင်း၊ စသုံးလုံး၊ SB နှင့် ရဲတပ်ဖွဲ့များက သတင်းလာရောက် ယူခဲ့သော်လည်း အနှောက်အယှက် တစုံတရာမရှိဘဲ ပြုလုပ်နိုင်ခဲ့ကြောင်း ကိုမင်းမင်းက ပြောသည်။