လာမည့် ရက်ပိုင်းအတွင်း ဦးအောင်သောင်း ဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ နိုင်ငံ ရေးအဆင့် ဆွေးနွေးရန်ရှိပြီး တိုင်းရင်းသားအားလုံးပါ၀င်သည့် ဆွေးနွေးမှုပုံသဏ္ဍာန်ဖြစ်ပေါ်လာရန် မျှော်လင့်ထား ကြောင်း KIO အဖွဲ့ ပြောခွင့်ရ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးလနန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
KIO ၏ လက်နက်ကိုင်တပ်ဖြစ်သည့် KIA အဖွဲ့နှင့် အစိုးရစစ်တပ်များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများဖြစ်ပွားနေရာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် KIO တို့ တရုတ်နိုင်ငံတစ်နေ ရာ၌ လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးရန်ရှိကြောင်း သူက ပြောသည်။
“ဆွေးနွေးရေးကိစ္စ စီစဉ်နေတာတော့ကြာပါပြီ ဒီ ၃ ရက်လောက်အတောအတွင်းမှာ ဆွေးနွေးဖို့ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရဆွေးနွေးမယ်ဆိုရင် UNFC မှာလည်း ပြောဆိုပြီးသားဖြစ်တယ်။ UNFC အဖွဲ့ဝင်တွေ တိုင်းရင်းသားအား လုံး နိုင်ငံရေးဆွေးနွေးမှု ပုံသဏ္ဍာန်ဖြစ်လာမှာပါ။ အဲလိုမျှော်လင့်ပါတယ် ခင်ဗျ” - ဟု သူက ဆိုသည်။
အဆိုပါဆွေးနွေးပွဲမတိုင်မီ KIO ဘက်မှ ထည့်သွင်းဆွေးနွေးမည့် အသေးစိတ်အချက်အလက်ကို ပြောကြားအုံးမည် မဟုတ်ပဲ နှစ်ဘက်ဆွေးနွေးပြီးမှသာ ထုတ်ပြန်မည်ဟု သူက ဆက်ပြောသည်။
“ကျနော်တို့အမြဲတမ်းပြောဆိုနေတဲ့ကိစ္စတွေကိုပဲပြောဆိုမှာပါ။ အသေးစိတ်ကတော့ ကြိုပြီးပြောဆိုဖို့မကောင်း ဘူးလေ။ အစည်းအဝေးလုပ်ပြီးတဲ့အခါကျမှ အချိန်နဲ့တစ်ပြေးညီ အားလုံးသိအောင်လုပ်ပေးရမှာပဲ။ အပစ်အခတ် ရပ်ဆဲရေးဆိုတဲ့ ကိစ္စကိုပဲ ဦးစားပေးပြောဆိုဖို့တော့ မရှိဘူး။ ဒီအပစ်အခတ်ရပ်ဆဲရေး ဆိုတာ နိုင်ငံရေးကြောင့်ဖြစ်တဲ့ ကိစ္စတွေပါ။ ဒါ ကြောင့်မို့ ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းရမဲ့ ဆန္ဒကတော့ ရှိကိုရှိရပါတယ်။ ခံယူချက်လည်းအဲလိုရှိရ မယ်။ ဒါမှလည်း တိုက်တာခိုက်တာတွေက လျော့ပါးသွားမှာပါ” ဟု ဆိုသည်။
ယခုဆွေးနွေးပွဲအတွက် KIO ဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်ထားပြီး ဖြစ်သော်လည်း ပါ၀င်သူများ၏ အမည် စာရင်းကို ထုတ်ဖေါ်ပြောကြားခြင်း မရှိပေ။
KIO နှင့် ဆွေးနွေးရန် ဦးအောင်သောင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ယနေ့နံနက် ပိုင်းတွင် မန္တလေး - မူစယ်လမ်းအတိုင်း မူစယ်ဘက်သို့ ထွက်ခွာလာကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရသိရသည်။
လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက အပစ်အခတ်ရပ်ဆဲရေးကိစ္စ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ တရုတ် ယူနန်ပြည်နယ် ရွှေလီမြို့၌ တွေ့ဆုံခဲ့သေးပြီး ယခုတစ်ကြိမ် နိုင်ငံရေးအဆင့် ဆွေးနွေးရန် ထပ်မံတွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။