၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်

၂၀၁၀ အမတ်များလည်း NLD သို့ လျှောက်လွှာတင်
by -
မဇ္ဈိမ

၂၀၁၀ လွှတ်တော်အမတ်များ ဖြစ်သည့် လသာမြို့နယ် အောက်လွှတ်တော်အမတ် ဦးကြည်မြင့်နှင့် ရန်ကုန်တိုင်း အထက်လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးတို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ပါတီဝင် လျှောက်လွှာ တင်လိုက်ကြပြီ ဖြစ်သည်။

NLD singboard
အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးကြည်မြင့်မှာ NLD လသာမြို့နယ်ရုံးသို့ အင်္ဂါနေ့တွင် လျှောက်လွှာ တင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ရန်ကုန်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်ဟောင်း ဒေါက်တာ မြတ်ဉာဏစိုး မှာ တာမွေမြို့နယ် NLD ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြသည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် NLD ပါတီ၏ လသာ လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သူဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း NDF ပါတီမှ လသာမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံ အနိုင်ရခဲ့ ပြီးနောက် အမျိုးသားလွှတ်တော်အမတ် ဦးသိန်းညွန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်သို့ ကူးပြောင်း ခဲ့သည်။ ယင်းနောက် လက်ရှိပါတီမှ နုတ်ထွက်ပြီး NLD သို့ ပြန်လည် ဝင်ရောက်ရန် လျှောက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြတ်ဉာဏစိုးမှာလည်း NDF မှ နုတ်ထွက်ကာ NLD ပါတီ၏ ဦးဆောင်မှုကို ခံယူလိုခြင်းကြောင့် NLD သို့ လျှောက်လွှာတင်ခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။

"အကယ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြောင်းအမျိုးမျိုးကြောင့် ကျနော့်ကို လက်မခံခဲ့ဘူး ဆိုရင်လည်း ကျနော် တသီးပုဂ္ဂလ ကိုယ်စားလှယ် တယောက်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစဉ်တစိုက် ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

NLD မှ ခွဲထွက်ကာ ပါတီထောင်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ခဲ့သူများနှင့် ပါတီမှ အရေးယူခံထားရဖူးခြင်း ရှိသူများအတွက် NLD ပါတီ၏ သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ဦးဆောင်သည့် စိစစ်ရေးကော်မတီမှ စိစစ်လက်ခံသွားမည်ဖြစ်သော်လည်း အခြားပါတီဝင်အသစ်များ လက်ခံမှုနှင့်ပတ်သက်၍ ကန့်သတ်ချက် မရှိဟုလည်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

"သီးခြားမှတ်ချက် ရှိတဲ့လူတွေကို ကျနော်တို့ စိစစ်မယ်။ ဥပမာ ကိုကြည်မြင့်တို့ ပေါ့ဗျာ။ သူတို့က အဖွဲ့ချုပ်က ထွက်သွားတယ် သီးခြားပါတီ ထောင်တယ်ပေါ့။ ရွေးကောက်ပွဲ ဝင်တယ်ပေါ့။ နောက် တခုက ပါတီရဲ့ စည်းကမ်းချက်တွေနဲ့ မညီလို့ ထုတ်ထားတဲ့လူတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေကိုတော့ စိစစ်ပြီးတော့မှ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်" ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ယခုလ ၅ ရက်နေ့တွင် NLD ကို တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ခွင့်
ပြုခဲ့ပြီးနောက် ပါတီဝင်လျှောက်လွှာ တသိန်းကို ပြည်နယ်နှင့် တိုင်း အသီးသီးသို့ ဖြန့်ဝေပေးပြီး ဖြစ်သည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ပါတီသည် ၁၉၈၉ ခုနှစ်အတွင်း ပါတီဝင် တသန်းနီးပါးခန့် ရှိမည်ဟု ဦးအုန်းကြိုင်က ခန့်မှန်းပြီး၊ ယခုလည်း ထိုအရေအတွက်အတိုင်း ပါတီဝင်များ လက်ခံနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

တရားဝင်မှတ်ပုံတင်ပြီးသည့် NLD ပါတီသည် ပါတီစာစောင် "ဒီလှိုင်း" ကို ထုတ်ဝေရန် ပြင်ဆင်နေပြီး စာစောင် အတွင်း ပါတီမူဝါဒ၊ ပါတီဖွဲ့စည်းပုံများ ထည့်သွင်း ဖေါ်ပြမည်ဟု သိရသည်။

NLD ပါတီ၏ မူဝါဒများ တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကကရက်တစ် မြန်မာ့အသံ DVB နှင့် မေးမြန်းခန်းတခုတွင် ၂၀၁၂ ခုနှစ်အတွင်း NLD မှ အလေးထားဆောင်ရွက်မည့် ကိစ္စရပ်များမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၄၈ နေရာရှိသည် ဟု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာထားသည်။ NLD ပါတီမှ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့ပြီး စိစစ်နေသည်ဟု ဗဟိုအလုပ်အမှုဆောင် တဦး ဖြစ်သူ ဒေါ်မေဝင်းမြင့်က ပြောသည်။

NLD ၏ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဗဟန်းမြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ သဘာပတိအဖွဲ့ နာယက ဦးတင်ဦးနှင့်တူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

Most read this week