မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စိတ်ကူးကို အကောင်အထည် ဖော်ရာတွင် ဗြိတိန်နိုင်ငံ အပါအဝင် နိုင်ငံတကာက အတူတကွလက်တွဲသွားမည်ဟု ယုံကြည်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ၀ီလျံဟိတ်နှင့် သောကြာနေ့က တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသိုု့ အလည်အပတ်ရောက်ရှိနေသည့် ဗြိတိန်နိုုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William Hague နှင့် အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓါတ်ပုံု။ မဇ္စျိမ)။
“ဗြိတိန်အပါအဝင် နိုင်ငံတကာက ကျမတို့ရဲ့ မိတ်ဆွေများဟာ ကျမတို့့ရဲ့ အိပ်မက်တွေကို အတူတကွ အကောင်အထည်ဖော်ကြမယ်လို့ ကျမ ယုံကြည်ပါတယ်။ အိပ်မက်တွေမှာ ပန်းတိုင်တွေ ရှိရပါမယ်။ ကျမတို့ အပြင်းအထန်ကြိုးစားရမှာ ဖြစ်သလို ကျမတို့ မိတ်ဆွေတွေကလည်း ကျမတို့ဘက်မှာ ရှိနေမယ်ဆိုရင် ပြည်သူတွေရဲ့ အိပ်မက်တွေကို အကောင်ထည် ပေါ်လာမှာ သေချာပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မစ္စတာ ဝီလျံဟိတ်၏ ခရီးစဉ် ဒုတိယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအား မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်။
မစ္စတာဟိတ်က မြန်မာ့ဒီမိုကရေစီအရေးတွင် ဗြိတိန်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့ထားမှုများ ပြန်ရုတ်သိမ်းရန် လက်ရှိတိုးတက်ပြောင်းလဲမှုများကို ရှေ့ဆက် ပိုမိုတိုးတက်ရေး ဆောင်ရွက်ရန် အရေးကြီးကြောင်း သတင်းထောက်များအား ဖြေကြားခဲ့သည်။
“ပိတ်ဆို့အရေးယူမှုကို ပြန်မစဉ်းစားခင်မှာ ကျနော်တို့ နောက်ထပ်တိုးတက်မှုတွေ တွေ့ချင်ပါသေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းတာတွေရှိနေတဲ့အတွက် လွတ်လပ်တဲ့ ဒီမိုကရက်တစ်နိုင်ငံလို့ မခေါ်နိုင်ပါဘူး” ဟု မစ္စတာဟိတ်က ပြောသည်။
တွေ့ဆုံရာတွင် NLD မှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာဒေါ်မေဝင်းမြင့် တို့နှင့်အတူ ဦးအေးသာအောင်၊ ဦးပူကျင့်ရှင်းထန်၊ နိုင်ငွေသိန်း၊ ဦးစိုးဝင်း၊ ဦးသိန်းဖေ၊ ဦးစိုင်းစောအောင်တို့လည်း ပါ၀င်သည်။
NLD ဘက်က ဥရောပသမဂ္ဂ EU က မြန်မာ့အရေးနှင့်ပတ်သက်ပြီး အကူ အညီပေးနိုင်ရေး တိုက်တွန်းမေးမြန်းခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအတွင်း တိုင်းရင်းသားအခွင့်အရေးအား အာမခံမှု အားနည်းကြောင်းတို့ ပြောဆိုသည်။
EU ရုံးခွဲတခု မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်တော့မည့်အကြောင်းလည်း မစ္စတာဟိတ်က အသိပေး ပြောဆိုသွားသည်ဟု ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
တိုင်းရင်းသားခေါင်းဆောင်များက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်စဲရန်နှင့် ၂၀၀၈ ခု ဖွဲ့စည်းပုံတွင် တိုင်းရင်းသားအခွင့်အရေး အားနည်းနေမှုများကို တင်ပြပြောဆိုခဲ့ပြီး မစ္စတာဟိတ်က ဗြိတိန်အစိုးရက ယင်းကိစ္စများကို သိထားပြီး သဘောပေါက်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
နေပြည်တော်၌ အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ တိုက်ပွဲများအမြန်ရပ်ဆဲပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် မစ္စတာဟိတ်က ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်ဟု သိရကြောင်း ဦးတင်ဦး ကပြောသည်။
နိုင်ငံပိုင်သတင်းစာများတွင်မူ “နှစ်နိုင်ငံနိုင်ငံရေးဖြစ်ပေါ်တိုး တက်မှုနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေး” ကိစ္စများ ဆွေးနွေးခဲ့သည်ဟုသာ ဖော်ပြသည်။
မစ္စတာဟိတ်သည် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ကြာသာပတေးနေ့ ညနှင့် သောကြာမနက် ၁၀ နာရီတို့တွင် နှစ်ကြိမ် သီးသန့် တွေ့ဆုံသေးသည်။ သို့သော် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို ထုတ်ပြန်ခြင်း မရှိပေ။