စစ်တွေ တက္ကသိုလ်ကျောင်းသားများ ကားခ စျေးတက်၍ လမ်းလျှောက် ဆန္ဒပြ

စစ်တွေ တက္ကသိုလ်ကျောင်းသားများ ကားခ စျေးတက်၍ လမ်းလျှောက် ဆန္ဒပြ
by -
နိရဥ္စရာ

ကျောင်းကားခကို တိုးမြှင့်လိုက်သည်ကို မကျေနပ်သဖြင့် စစ်တွေ တက္ကသိုလ် ကျောင်းသား ၃၀၀ ကျော်ခန့် သည် ယနေ့တွင် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။

formrar-Sittwe-university
" ကားခ တစ်ကြောင််းကို ကျပ် ၁၀၀ ကနေ ၂၀၀ ထိ တိုးလိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဆန္ဒပြတာပါ။ တောင်းဆိုတာကတော့ ပုံမှန်အတိုင်း ကားခကို ဆက်ထားဖို့ပါဘဲ" ဟု လမ်းလျှောက် ချီတက်ရာတွင် ပါ၀င်သူ ကျောင်းသား တစ်ဦးက ပြောသည်။

ကျောင်းသားများသည် စစ်တွေ တက္ကသိုလ်မှ နေ၍ ပြည်နယ် ၀န်ကြီးရုံးထိ ယနေ့့နေ့လည်ပိုင်းတွင် လမ်းလျှောက် ချီတက်ခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ အိမ်ရှေ့ကဘဲ သူတို့ အခု သွားနေကြတယ်။ ကျောင်းသား ကျောင်းသူ သုံးရာကျော် ပါမယ်ထင်တယ်။ အခု ပလုတ်တောင်ရဲစခန်းကို လွန်သွားပါပြီ" ဟု ပလုတ်တောင်ရပ်ကွက်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

ဆီစျေးနုုန်းတွေ မြင့်တက်နေတဲ့ အတွက် ကားခ တိုးတောင်းခြင်း ဖြစ်သဖြင့် ကားသမားများ တောင်းတာက တရားသဖြင့် မဖြစ်ဘူးလားဟု ကျောင်းသားကို ဆက်မေးရာ သူက ယခုလို ပြန်ပြောသည်။

" အခုလို ကျောင်းကားခကို တစ်ရာကျပ်ကနေ နှစ်ရာထိ တိုးလိုက်တဲ့ အတွက် တစ်နေ့ကို ကျပ် ၄၀၀ ဖြစ်သွားတော့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဒါကြောင့် ကျောင်းကားခကို မလျော့ဘူးဆိုရင် အများစုက ကျောင်းသားတွေက စာသင်နိုင်ကြတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျောင်းကားခကို ပုံမှန်အတိုင်းထားပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။"

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကိုု ချီတက်ရခြင်း အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။

" ဒီလိုကားခ တက်တာကို အစိုးရမှာ ဖြေရှင်းပေးဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အခက်အခဲကို အဲဒီမှာ တင်ပြဖို့ အစီအစဉ် ရှိတယ်။ ဒါကြောင့် ပြည်နယ်ရုံးကို ချီတက်ရတာ ဖြစ်ပါတယ်။ ကျောင်းကားတွေကို စီစဉ််ပေးရမယ့် တာဝန် အစိုးရမှာ ရှိတဲ့ အတွက် ကျွန်တော်တို့က ပြည်နယ်ရုံးကို ချီတက် နေကြတာ ဖြစ်ပါတယ်" ဟု သူကဆက်ပြောသည်။

ကျောင်းသားများ၏ အခက်အခဲကို ပြည်နယ် အစိုးရမှ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိလျှင် ဆက်လက် တိုက်ပွဲဝင် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

ကျောင်းသားများ ဆန္ဒပြနေစဉ် အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ နှောင့်ယှက်ခြင်းများ မရှိသော်လည်း အနီးကပ် ဓါတ်ပုံ လိုက်ရိုက်မူများ၊ မှတ်တမ်းတင်ခြင်း များရှိကြောင်း သိရသည်။

ကျောင်းသားများ ဆန္ဒပြသည့် သတင်းကြောင့် စစ်တွေ တက္ကသိုလ်တွင် လုံခြံုရေးကို တိုးမြှင့်ထားပြီး ကျောင်း အဝင်အထွက် တံခါးများကိုလည်း ပိ်တ်ထားခဲ့ကြောင်း ကျောင်းသားများက ပြောသည်။

လောကနန္ဒာ လမ်းဆုံ အရောက်တွင် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းနှင့် ဆရာ ဆရာမများ၏ ကြားဝင် ညှိနိုင်းပေးမူကြောင့် လူစုခွဲလိုက်ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေ တက္ကသိုလ်အား စစ်တွေမြို့ထဲမှ စစ်တွေမြို့ပြင်သို့ ပြောင်းရွှေ့ပြီးနောက် သက်ဆိုင်ရာမှ ကျောင်းကားများကို စနစ်တကျ စီစဉ် ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်းကားခတိုးမြှင့်မူနှင့် အတူ ကျောင်းသားများ ဆန္ဒပြမူများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

Most read this week