CNF အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး

CNF အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး
by -
မဇ္ဈိမ

အစိုးရအား ၂၃ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့သော ချင်းအမျိုးသားတပ်ဦး CNF နှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။

နှစ်ရက်ကြာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သောကြာနေ့က ရေးထိုးလိုက်သည့် သဘောတူညီ ငါးချက်တွင် အပစ်အခတ်ရပ်စဲရေးလည်း ပါ၀င်ကြောင်း နှစ်ဖက်ဆွေးနွေးရေး ကြားဝင်ဆောင်ရွက်ပေး သူများတွင် တဦးအပါအဝင်ဖြစ်သည့် Shalom Foundation မှ ဆရာမ ဒေါ်ချင်းချင်းက မဇ္စျိမကို ပြောသည်။

“ဒီနေ့ လက်မှတ်ထိုးလိုက်ပါပြီ။ CNF စစ်ဒေသ သတ်မှတ်တာတွေ တီးတိန်နဲ့ မတူပီမှာပဲ တပ်နယ်မြေသတ်မှတ်တယ်။ ဒါပေမယ့် ပြန်ညှိဖို့ရှိတယ်။ ဆက်ဆံရေးရုံးက တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းလို့ သတ်မှတ်တယ်”ဟု သူမ က ပြောသည်။

CNF ၏ ဆက်ဆံရေးရုံးကို ချင်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းဟူ၍ မတူပီ၊ ထန်တလန်း၊ တီးတိန်မြို့နယ်များတွင် ဖွင့်လစ်ခွင့်ပြုလိုက်ပြီး CNF တပ်လှုပ်ရှားနယ်မြေများလည်း သတ်မှတ်ပေး
လိုက်သည်ဟု ပြောသည်။

ယခုကဲ့သို့ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီလိုက်သည့်အပေါ် ဆရာမ ချင်ချင်းက “ကျေနပ်ပါတယ်။ စိတ်ထဲမှာ ပီတိဖြစ်မိပါတယ်။ ဒီလိုမျိုး အပစ်အခတ် ရပ်စဲချင်နေတာပါ”ဟု မဇ္စျိမကို ပြောသည်။

နှစ်ရက်ကြာ ဆွေးနွေးပွဲတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါး ဦးဆောင်သော CNF ကိုယ်စားလှယ် ၁၀ ဦးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကော်မတီမှ ပြည်နယ် စပ်ဒေသလုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကိုကိုကြီးတို့ အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ပါ၀င်သည်။

အပစ်အခတ်ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးဖွင့်ရေး၊ နယ်မြေဖြတ်သန်းခွင့်ကို ကြိုတင်အကြောင်းကြားရေး၊
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် အချက် ၅ ချက်ကို သဘောတူညီမှု ရထားသည်ဟု သိရသည်။

လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင်အဖွဲ့များ ရှိနေခြင်းမှာ နိုင်ငံရေးပြဿနာ
ကြောင့်ဖြစ်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်းကို အကောင်းဆုံးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ဥက္ကဋ္ဌ ဦးဘန်လျန်းက မဇ္စျိမကို ပြောသည်။

“နိုင်ငံရေးဆိုတာ ဒီလို ဆွေးနွေးရမှာပေါ။ ကမ္ဘာ့စစ်မီးတောင်မှ နွေးဆွေးပြီးတော့ စာပွဲဝိုင်းနဲ့ပဲ နောက်ဆုံးမှာ စစ်ပြေငြိမ်းတာလေ။ ဒီလိုမလုပ်ရင် တသက်လုံး ဒီလို တိုက်ကြခိုက်ကြတာ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။
နိုင်ငံရေးကြောင့် ဒီလိုလက်နက်ကိုင်တွေ ဖြစ်နေတာ။ နိုင်ငံရေးဆိုတာ စာပွဲဝိုင်းမှာဖြေရှင်းရတယ်။ ဒီလို ဆွေးနွေးတာ ကောင်းပါတယ်”ဟု သူက ပြောသည်။ 

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် CNF ဥက္ကဌ ပူးဇင်ကျုံးနှင့် ဒေါက်တာ ရွှေခါးတို့ ပထမအကြိမ် ပဏာမတွေ့ဆုံခဲ့ပြီးနောက် ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု ရသွားကြခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် မေလအတွင်းက တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူအခွင့်အရေး ရရှိနေရးအတွက် CNF ကို စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသား တပ်မတော် CNA ထူထောင်ကာ အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည်။

၁၉၈၈ မှ ၂၀၁၂ ခုနှစ်အတွင်း နှစ်ဘက်တိုက်ခိုက်မှုကြောင့် CNF ရဲဘော် အနည်းဆုံး ရ၀ ကျော် ကျဆုံးသွားသည်ဟု CNF နှင့် နီးစပ်သူတဦးက ပြောသည်။ ၂၀၀၃ ခုနှစ်နောက်ပိုင်း အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ပေ။

CNF မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံခဲ့သော အဖွဲ့တဖွဲ့ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံတွေ့ဆုံခဲ့ရာ CNF မှာ စတုတ္ထမြောက် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရသွားခြင်း ဖြစ်သည်။