ပူတာအိုထောင်မှ တောင်ငူထောင်သို့ ပြောင်းရွှေ့ အကျဉ်းချထားသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်းဦးနေမကောင်း သဖြင့် ထောင်ဆေးရုံတက်နေရကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်း အဝိုင်းကပြောပါသည်။
“မနေ့တုန်းက မိသားစုက ထောင်ဝင်စာသွားတွေ့တယ် ။ မနက်ပိုင်းတောင်ငူထောင်ကိုရောက်သွားတယ်။ ထောင်စောင့် ကပေးမတွေ့ဘူး။ အန်ကယ်ဆေးရုံတက်နေတယ်လို့ပြောတယ်။ တနေကုန်ထိုင်စောင့်ရတယ်။ ညနေ ၃ နာရီလောက်မှ တွေ့ခွင့်ရတယ်” - ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောပါသည်။
ကချင်ပြည်မြောက်ဖျားပိုင်း ပူတာအိုအကျဉ်းထောင်မှ တောင်ငူထောင်တို့ ပြောင်းရွှေ့ ချုပ်နှောင်ခြင်းခံရသည့် သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးသည် ရာသီဥတုအပြောင်းအလဲကြောင့် နာမကျန်းပြန်ဖြစ်ရခြင်းဖြစ် ကြောင်း ပါတီ ပြောခွင့်ရ စိုင်းလိတ်က ဤကဲ့သို့ ပြောပါသည်။
“ပူတာအို ထောင်မှာတုန်းက သောက်လာတဲ့ဆေးကို တောင်ငူထောင်ရောက်တော့ ဆရာဝန်က ရာသီဥတု ကြောင့်ဖြစ်တာ သောက်ဆရာမလိုတော့ဘူးလို့ပြောတော့ အဲဒီအိပ်ဆေးကို ဖြတ်လိုက်တယ်။ ဆေးဖြတ် လိုက် တော့ အိပ်မရဘူး၊ စောချွေးပြန်တယ်။ အသက်ရှူကြပ်တယ်။ မောလာတယ်။ နှလုံးရောဂါဖေါက်တာလား heart attack လားဆိုပြီး တာဝန်ကျ ဝန်ထမ်းတွေကို ပြောတယ်။ အဲဒီကနေ ထောင်ပိုင်ကိုပြောတယ်။ ထောင်ဆေးရုံကို ပို့ပြီး ဒရစ်ပ် သွင်းပေးတယ်။ မနက် နှစ်နာရီလောက်တော့ နဲနဲပြန်ကောင်းလာတယ်။ မိသားစုနဲ့တွေ့တဲ့အချိန်အထိ ထောင်ဆေးရုံမှာပါဘဲ” ဟု ပြောပါသည်။
အသက် ရ၀ ခန့်ရှိ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးသည် ဆီးကျိတ်ရောင်၊ အစာအိမ်၊ နှလုံး၊ သွေးတိုး၊ အာရုံကြောအား နည်းပြီး နားအူရောဂါ ခံစားနေရပါသည်။
၂၀၀၅ ခုနှစ်က သျှမ်းခေါင်းဆောင် ၉ ဦးအား ပြည်ထောင်စုမှ ခွဲထွက်လိုမှုအပါအဝင် အခြားအမှုပေါင်းများစွာဖြင့် စစ်အစိုးရက စွပ်စွဲပြီးထောင်ဒဏ် ရ၉ နှစ် မှ ၁၀၆ နှစ် အထိ ပြစ်ဒဏ်ပေးခဲ့ပါသည်။
ဗိုလ်ချုပ်ဆေထဲန်ကို ၂၀၁၁ နိုဝင်ဘာ ၁၂ ရက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့၏။ ယခု အစိုးရသစ် ၏လွှတ်ငြိမ်းချမ်းသာ ခွင့်အရ ထောင်ဒဏ် နှစ်သုံးဆယ်အထက်ကျခံနေရသည့်အကျဉ်းသားများအားထောင်ဒဏ် နှစ်သုံးဆယ်စီ၊ နှစ်သုံးဆယ်နှင့် နှစ်သုံးဆယ်အောက်အကျဉ်းသားများအား ပြစ်ဒဏ်(ထောင်သက်) ၄ ပုံ တစ်ပုံ လျှော့ပေါ့ပေးကြောင်း ၆၄ နှစ် မြောက် လွတ်လပ်ရေးနေ့က ထုတ်ပြန် ကြေငြာခဲ့ပါသည်။