(ကယန်းပြည်သစ်ပါတီမှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်နှင့် အင်တာဗျူး)
သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ထုတ်ပြန်သော “လွတ်ငြိမ်းချမ်းသာခွင့်” အရ အင်္ဂါနေ့က လွတ်မြောက်လာခဲ့သူများထဲတွင် လွတ်ရက်စေ့ရန် တနှစ်သာ ကျန်တော့သည့် ကယန်းပြည်သစ် ပါတီ၏ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင် (ခ) ဦးဌေးအောင် တယောက်လည်း ပါဝင်သည်။
ကယန်းပြည်သစ်ပါတီသည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက် လှုပ်ရှားလျက် ရှိသည်။
ဗိုလ်မှူးကြီး စောလွင်သည် ၂ဝဝ၇ ခုနှစ်က တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ တရားမဝင် ကုန်ပစ္စည်း လက်ဝယ်တွေ့ရှိမှုတို့ဖြင့် ကယန်းပါတီဝင် ဗိုလ်မှူးရဲအောင်၊ ဗိုလ်မှူး ကျော်လွင် တို့အပါအဝင် အရပ်သား ၈ ဦးတို့မှာ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကျခံခဲ့ပြီး အင်္ဂါနေ့က အိုးဘိုထောင်က လွတ်မြောက်လာခဲ့ကြသည်။
ပြစ်မှုမကျူးလွန်ပဲ ဖမ်းဆီးခံခဲ့ရသည်ဟု အများပြောဆိုမှုများ ဖြစ်ခဲ့သည့် ထိုစဉ်က အဖြစ်အပျက် အပါအဝင် ကယန်းပြည်သစ် ပါတီ တာဝန်ရှိ အကြီးအကဲ တဦး၏ အပစ်ခတ်ရပ်စဲရေး အပေါ်အမြင်၊ လက်ရှိ နိုင်ငံရေးအပါ် အမြင်များကို လွတ်မြောက်လာသူ ဗိုလ်မှူးကြီး စောလွင် အား မဇ္စျိမ သတင်းထောက် ကျော်ခ က မေးမြန်းဖေါ်ပြ လိုက်သည်။
အသက်နဲ့ ရာထူးတာဝန် သိပါရစေခင်ဗျ။
လက်ရှိကျနော့်ရဲ့အသက်က ၅၉ နှစ်ပါ။ ကျနော့်ရဲ့ရာထူးတာဝန်ကတော့ ခုထက်ထိ ကယန်းပြည်သစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူးပါ။ စစ်ဘက်ရာထူးဆိုရင်တော့ ဗိုလ်မှူးကြီးအဆင့်ပေါ့။
အခုထောင်ကနေလွတ်လာတာ လျှော့ရက်နဲ့ လွတ်လာတာလား။ နှစ်ပြည့်လို့လား။ ဝန်ခံ ကတိတွေ ဘာတွေများ လက်မှတ်ထိုးခဲ့ရသေးလားခင်ဗျ။
လွတ်တာကတော့ လျှော့ရက်ကြောင့် လွတ်တာပေါ့ဗျာ။ ဒါပေမယ့် လျှော့ရက် မလာဘူးဆိုရင်လည်း ကျနော်က နောက်တနှစ်ဆိုရင်ပဲ လွတ်တော့မယ့် အခြေအနေ ဖြစ်နေပါပြီ။ လက်မှတ်ကတော့ ဘယ်သူမှ မထိုးခဲ့ရပါဘူး။ ဒီအတိုင်းပဲ လွှတ်လိုက်တာပါပဲ။ ဒါပေမယ့် တခုပြောချင်တာက အခု အိုးဘိုထောင်မှာဆိုရင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ရှိနေတယ်။ သူတို့ လွှတ်ပေးတဲ့ အထဲမှာ မပါခဲ့ဘူး။
ဗိုလ်မှူးတို့ ဘာကြောင့် အဖမ်းခံရပြီး ထောင်ကျခဲ့ရတယ်ဆိုတာကို သိပါရစေလားခင်ဗျ။
လိုရင်းပြောရရင်တော့ဗျာ။ ရမည်းသင်းမှာက ကျနော်တို့ပါတီနဲ့ ဆက်စပ်ပြီးတာ့ ရွှေတူးတဲ့ အလုပ်ကို လုပ်နေတဲ့ ကုမ္ပဏီ တခုရှိတယ်။ အဲဒါကို သွားပြီးတော့ စစ်ဆေးပါဆိုပြီးတော့ ဗဟိုက တာဝန်ပေးတဲ့အတွက် ကျနော်သွားတယ်။ ရောက်တဲ့ညမှာပဲ ရမည်းသင်း မယက ဥက္ကဋ္ဌ ဦးရဲကျော်ခိုင် ဦးဆောင်တဲ့အဖွဲ့က ဝင်ပြီးတော့ ကျနော်တို့ကို ဖမ်းတာ ပဲ။ ကျနော် အပါအဝင် ၁၁ ယောက်ပေါ့ဗျာ။
ဖမ်းပြီး ရှာဖွေတဲ့အခါကျတော့ ဓါးပြတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ထားတဲ့ ပစ္စတို နှစ်လက်နဲ့ Point 22 သေနက် တလက်ကို တွေ့တယ်။ ရွှေချက်တဲ့နေရာမှာ သုံးတဲ့ ဓါတုပစ္စည်း တချို့ကို တွေ့တယ်။ အဲဒီအပေါ်မှာ ကျနော့်ကို မဲပြီးတော့ အတင်းအားဓမ္မ ရိုတ်နှက်ပြီး ဖမ်းသွားတာပဲဗျ။
ဖမ်းပြီးတော့ ညတွင်းချင်း ၃၆ နာရီအတွင်းမှာ အဲဒီအချိန်တိုင်းက တိုင်းမှူးရဲ့ အမိန့်ကြောင့် ဆိုပြီးတော့ အမြင့်ဆုံး ပြစ်ဒါဏ်တွေ ချလိုက်တာပဲဗျ။ ကျနော်တို့က ဘာမှလည်း ခုခံကာကွယ်ပိုင်ခွင့်ဆိုတာလည်း မရှိဘူး။ နောက်တခုက ကျနော်တို့ကို အမိန့်ချတဲ့ အချိန်မှာ တရားသူကြီးအနေနဲ့ကလည်း တရားဝင် စီရင်ချက်ဆိုတာ မရှိပဲနဲ့ အကြမ်းရေး ထားတဲ့ စာရွက်ပိုင်းလေးကို ဖတ်ပြီးတော့ စီရင်ချက် ဆိုပြီး ချလိုက်တာပဲဗျ။
အမြင့်ဆုံး ချလိုက်တဲ့ ပြစ်ဒဏ်တွေဆိုတာက ဘာတွေလဲခင်ဗျ။
လက်နက်ဥပဒေ ၁၉ (စ) ဆိုလို့ရှိရင် အမြင့်ဆုံးပြစ်ဒဏ်က ၃ နှစ်ဗျ။ ကျနော်တို့ကို ချတာကလည်း ၃ နှစ်ပဲ။ နောက် တခုကတော့ သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ပုဒ်မ ၅၁ တို့၊ ၅၃ တို့ ဆိုတာက အမြင့်ဆုံး ပြစ်ဒဏ်က ရ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ အမှု ၉၅ ရာခိုင်နှုန်း အမှုချမှတ်နေတဲ့ ပြစ်ဒဏ်တွေကတော့ ၃-၄ လ အများဆုံး တနှစ်ပေါ့ ဗျာ။ ဒါပေမယ့် ကျနော်တို့ကို ကျတော့ ရ နှစ်ဆိုပြီးတော့ အာဏာကုန် ချလိုက်တာပဲ။
ဗိုလ်မှူးကို ဖမ်းတုန်းက ညှဉ်းပန်းနှိပ်စက်မှုတွေရော ရှိခဲ့လားခင်ဗျ။
ကျနော့်ကို ဖမ်းတဲ့အချိန်မှာတော့ မြို့နယ် မယက ဥက္ကဋ္ဌ ဦးရဲကျော်ခိုင်ကတော့ ငါက ဗိုလ်ချုပ် ခင်မောင်သန်းနဲ့ ဗိုလ်ချုပ်မြင့်လှိုင်တို့ရဲ့ ဥက္ကဋ္ဌပဲ။ ငါ ဘာလုပ်လုပ် ရတယ်ဆိုပြီးတော့ ကျနော့်လက်ကို နောက်ပြန်ကြိုးတုပ်၊ တွန်းလှဲ ပြီးတော့ မျက်နှာကို စစ်ဖိနပ်နဲ့ နင်းတာ၊ ကန်တာကျောက်တာတော့ တော်တော်လေး လုပ်ပါတယ်။ ကျနော် သွားတွေဘာတွေတောင် ကျွတ်ထွက်သွားတယ်။
နောက်တခုကတော့ သူ မဝတ ဥက္ကဋ္ဌအနေနဲ့ ဒီကိုရောက်တာ ၃ လရှိပြီ မင်းတို့ရွှေကုမ္ပဏီက ငါ့ကိုဘာမှလည်း မပေးဘူး။ မလေးမစား မျက်ကွယ်ပြုတယ်ဆိုပြီး ပြောပြီးကို လုပ်တာ။ အဲဒီအချိန်က သူ မူးလည်းမူးနေပါတယ်။ လုပ်တာကတော့ ကျနော့် တယောက်ထဲကိုပဲ လုပ်တာပါ။ တခြားလူတွေကိုတော့ မလုပ်ပါဘူး။
ဖမ်းဆီးခံရတဲ့ ၁၁ ယောက်လုံးက ဒီအမှုနဲ့ တကယ်တိုက်ရိုတ် သက်ဆိုင်တဲ့လူတွေပဲလား။
တခြားလူတွေကတော့ ပြောရမယ် ဆိုလို့ရှိရင် ဒီလက်နက်ရှိတဲ့ ကိစ္စနဲ့ နောက်တခါ ဓါတုပစ္စည်းရှိတဲ့ ကိစ္စက ကျနော် တို့ဆီက ကုမ္ပဏီက တာဝန်ခံ ဗိုလ်မှူးကျော်လွင်နဲ့ ဗိုလ်ရဲအောင် က သူတို့က တာဝန်ရှိတဲ့လူတွေ ဖြစ်တာပေါ့။ သူတို့နဲ့ပဲ ဆိုင်တယ်လေ။ ရှာဖွေဝရမ်းမှာလည်း သူတို့နဲ့သာ ဆိုင်ကြောင်း လက်မှတ်လည်း ထိုးပါတယ်။ ကျန်တဲ့လူ ၉ ယောက်ကတော့ တကယ့်ကို မသက်ဆိုင်တဲ့ လူတွေဖြစ်ပါတယ်။ ဒါပေမယ့် ၁၁ ယောက်လုံးကို ချလိုက်တာပဲလေ။ ဗိုလ်မှူးရဲအောင်ကတော့ ထောင်ထဲမှာ တနှစ်လောက်အကြာမှာပဲ စိတ်ကျရောဂါနဲ့ ဆုံးသွားတယ်။
ထောင်ထဲမှာလည်း သတင်းဂျာနယ်တွေ ဖတ်ခွင့်ရတယ်ဆိုတော့ မြန်မာအစိုးရသစ်ရဲ့ လုပ်ဆောင်နေမှု တွေအပေါ် ဘယ်လိုမြင်လဲခင်ဗျ။
ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့။ တော်တော့်ကို စောင့်ကြည့်ရမယ့် အခြေအနေပါပဲ။ ဒီထက်ပိုမို ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နက်နက်ရှိုင်းရှိုင်းမြင်ရမှပဲ ယုံကြည်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။
ဗိုလ်မှူးဆိုလိုတဲ့ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု ဆိုတာက ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲခင်ဗျ။
ကျနော်ဆိုလိုတဲ့ အတိုင်းအတာကတော့ ဥပမာ အကျဉ်းသားတွေ လွှတ်ပေးရေး ဆိုလို့ရှိရင်လည်း နိုင်ငံရေး အကျဉ်းသားတွေကို အကုန်အစင် ခြွင်းချက််မရှိ လွှတ်ပေးဖို့လို့ပါတယ်။ အလားတူပဲ မမျှတတဲ့ တရားစီရင်ရေး စနစ်ကြောင့် မကျသင့်ဘဲ ထောင်ကျနေတဲ့ လူအမြောက်အများကိုလည်း လွှတ်ပေးဖို့လိုပါတယ်။
အဲလိုပဲ အခြေခံဥပဒေ ပြောင်းလဲ ပြင်ဆင်ရေး ကိစ္စတွေကလည်း သမရိုးကျ နည်းလမ်းနဲ့ မဟုတ်ဘဲနဲ့ လူထုမျက်နှာ ကို ထောက်ထားပြီးတော့ အလျှင်အမြန် ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ နောက်တခါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုလည်း တကယ့်ကို ထိထိရောက်ရောက် လူအများ မြင်သာ၊ ထင်သာဖြစ်အောင် တိုက်ဖျက်ဖို့ လိုပါတယ်။ အပေါ်ယံ ဆွေးနွေးပွဲတွေ လုပ်ပြရုံနဲ့တော့ အလုပ်မဖြစ်ပါဘူး။
လက်နက်ကိုင်တချို့ကတော့ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးနေတာတွေ ရှိသလို တချို့ကလည်း အပစ်ရပ် သဘောတူတာတွေ ရှိနေပါပြီ။ ဗိုလ်မှူးတို့ ကယန်းပါတီကရော အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေး ဖို့ ရှိတယ်လို့သိရပါတယ်။ ဗိုလ်မှူး သဘောထားကရော။
ကျနော်လည်း ခုမှအပြင်ရောက်လာတာဆိုတော့ ဘာမှ မဆွေးနွေးရသေးပါဘူး။ ကျနော် လွိုင်ကော်ပြန်ပြီးတော့ ဗဟိုကော်မတီနဲ့ တွေ့ပြီး ဆွေးနွေးရဦးမှာပါ။ ဒါပေမယ့် အစိုးရနဲ့လုပ်တဲ့ အပစ်ခတ်ရပ်စဲရေး ဆိုတာက အမှန်အတိုင်း ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့နဲ့က လက်မှတ် ရေးထိုးထားမှုမရှိဘူးဗျ။ မရှိဘူးဆိုတာက ကျနော်တို့က လက်မှတ်ရေးထိုးဖို့ တောင်းဆိုပေမယ့် ဒါကတော့ မလိုပါဘူးဗျာ။ ခင်ဗျားတို့ လူကြီးလူကောင်းတွေ အချင်းချင်းပဲလို့
ပြောတယ်။
ဒါပေမယ့် နောက်ပိုင်းကျတော့ ကျနော်တို့ သဘောမတူခဲ့တဲ့ အချက်တွေကိုပဲ ကျနော်တို့က သဘောတူ သယောင်
ယောင် ထုတ်ဖေါ်လာတာတွေလည်း ရှိတယ်ဗျ။ အဲဒါတွေကတော့ မဟုတ်မမှန်ပါဘူး။ အဓိကကတော့ ကျနော်တို့ သဘောတူတဲ့ အချက်ကတော့ တဖက်နဲ့တဖက် အပြန်အလှန် လက်နက်ကိုင် တိုက်ခိုက်မှု မလုပ်ဖို့ ဒေသအတွင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့ရှိလာရင် ပူးပေါင်းပြီးလုပ်ဖို့ဒီနှစ်ချက်ပါပဲ။
အခုတိုင်းရင်းသား အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို လိုက်ပြီး ဆွေးနွေးနေတဲ့ အစိုးရဘက်က လူတွေဟာ အရင်တုန်းက စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းတွေဆိုတော့ အရင်တုန်းက
ဆွေးနွေး ထားသလို မတည်မြဲတဲ့ အပစ်ခတ် ရပ်စဲရေးမျိုးတွေ ထပ်ဖြစ်မလာနိုင်ဘူးလား။
ကျနော်မြင်တာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာကတော့ ကျနော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေးဘဝအရက ဆိုလို့ ရှိရင်တော့ ပြည်သူလူထုက တကယ်ကိုလိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ ပီပီပြင်ပြင်နဲ့ ဖြစ်ဖို့လို တယ်။ အဲလိုပဲ ပြည်ထောင်စု ဆိုတာကလည်း ပီပီပြင်ပြင်နဲ့ဖြစ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း အဲလိုပဲပေါ့နော်။ လူအများကလက်ခံနိုင်တဲ့ ငြိမ်းချမ်ရေးဖြစ်ဖို့လိုတယ်။ အဲလိုမဟုတ်ပဲနဲ့ အပေါ်ယံဆိုရင်တော့ တည်မြဲမှာ မဟုတ်ပါဘူး။
လွတ်မြောက်လာပြီ ဆိုတော့ ရှေ့ဆက်ပြီး ဘာတွေများ ဆက်လုပ်ဖို့ ရည်ရွယ်၊ ပြင်ဆင်ထားလဲခင်ဗျ။
ကျနော်ကတော့ ကယန်းပြည်သစ်ပါတီရဲ့ တွဲဘက် အတွင်းရေးမှူး အနေနဲ့ပဲ လူထုတရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အရေး ငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေးတွေဟာ ပြည့်ဝသေးတာ မဟုတ်တော့။ ဒီကိစ္စတွေကို အပြည့်အဝ အကောင်အထည် ဖေါ်နိုင်တဲ့အထိတော့ ကြိုးပမ်း ဆောင်ရွက်သွားဖို့ရှိမှာဖြစ်ပါတယ်။ ကျနော်တို့ အထဲကို ရောက်နေတဲ့အချိန်မှာ လွတ်မြောက်လာတဲ့ အများလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက် လာပြီဆိုတော့ သူနဲ့လည်း တွေ့ရမယ့် အခြေအနေမှာရှိပါတယ်။
အခုဆိုရင် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကိုတောင် ရောက်လာပြီ။ လွတ်လပ်ရေးရပြီးကတည်းက ၂ဝ၁၂ ကာလထိ တလျှောက်လုံးအတွင်းမှာ မြန်မာနိုင်ငံကလူတွေ လွတ်လပ်ရေးရဲ့ အရသာကို တကယ်ပဲ ခံစားခွင့်ရခဲ့ရဲ့လား။
မြန်မာပြည်သူလူထုဟာ လွတ်လပ်ရေးရပြီးကတည်းက လွတ်လပ်ရေးရဲအရသာကို မခံစားကြရဘူး။ ငြိမ်းချမ်းရေး ဆိုတာက ဆိတ်သုဉ်းခဲ့တယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ဒီမိုကရေစီဆိုတာ အမှောင်ကျခဲ့တယ်။ တိုင်းပြည် ကလည်း ဆင်းရဲတွင်းနက်ခဲ့တယ်။ လူတွေကလည်း ဆင်းရဲတွင်းနက်ခဲ့တယ်။ ဒါတွေဟာ အဆုံးသတ်ဖို့ အချိန်ရောက် ပါပြီ။ ဒီလိုအဆုံးသတ်ဖို့ကိုလည်း ပြည်သူလူထု တရပ်လုံးကနေပြီးတော့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့ လိုမယ်လို့ ကျနော်ပြောချင်ပါတယ်။