ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အခြေစိုက် ခလရ ၁၄၁ တပ်ရင်းမှ ဒေသခံလက်လုပ်လက်စားရွှေတူးဖေါ်သူ များနှင့် ဒေ သတွင်း ကုန်ပစ္စည်းသယ်ယူနေသည့် ယာဉ်များထံမှ ငွေတောင်းယူနေကြောင်း သိရသည်။
ဆင်ဘိုမြို့နယ် အတွင်းရှိ တာလောကြီး၊ တာပရောင်း၊ အထက်ငှက်ပျောတော ကျေးရွာသားများ၏ ရွှေလုပ်ငန်းများ အပါအဝင်စက်လှေ၊ ဆိုင်ကယ်များ ခရီးသွားလာနေမှု အပေါ် ငွေတောင်းယူနေကြောင်း တာလောကြီးရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“လက်လုပ်လက်စားတွေ ဧရာဝတီမြစ်ထဲမှာ ရွေလေးဘာလေးမျောတိုက်တာပေါ့ဗျာ။ အဲဒီမှာလည်းကောက်စား တယ်။ မှောင်ခို ပစ္စည်းမဟုတ်တဲ့ အပေါ်မှာလည်း မတရားသက်သက်ကောက်နေတယ်။ သူတို့ကိုပိုက်ဆံမပေး ရင် ဘယ်လိုမှ လုပ် လို့ မရဘူး” - ဟု သူက ဆိုသည်။
ဧရာဝတီမြစ်အတွင်း ရွှေရှာသူများနှင့် စက်လှေနှင့် ဆိုင်ကယ်မောင်းသူများကို အဆိုပါ ခလရ ၁၄၁ စစ်တပ်စခန်းများ သို့ ခေါ်ယူ၍ ငွေတောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။
“ရွှေလုပ်လို့ စက်ပိုင်းတွေတင်မယ်ဆိုရင် စက်တစ်လုံး ကျပ် ၂ သောင်း ဘာပစ္စည်းတင်တင် ဆိုင်ကယ်တစ်စီးကို ကျပ် ၅ ထောင် လောလောဆယ် ကားလမ်းကမပေါက်ဘူး။ စက်လှေလမ်းပဲဆိုတော့ စက်လှေပက်လက်ပေါ်မှာ သစ်တိုဝါးတို လေး တင်တာကအစ ၁ သိန်းကောက်တယ် ” ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် အစိုးရစစ်တပ်တို့ နှစ်ဘက်စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အဆိုပါ ဒေသတွင်း သွားရေးလာရေး ခက်ခဲနေပြီး စစ်တပ်မှ မတရားငွေတောင်းယူနေသောကြောင့် ဒေသခံများ စားဝတ်နေရေး အခက် တွေ့နေကြောင်း သိရသည်။