NFC က ဖက်ဒရယ်အာမီကို အကောင် အထည်ဖော်ပြီ

NFC က ဖက်ဒရယ်အာမီကို အကောင် အထည်ဖော်ပြီ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့  ညီ ညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင်တွေ ဒီဇင်ဘာ ၁၆-၁၇ မှာ တွေ့ဆုံပြီး ဆုံးဖြတ်ထားကြတဲ့အတိုင်း

တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည် ဆောက်ဖို့  ညီ ညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင်တွေ ဒီဇင်ဘာ ၁၆-၁၇ မှာ တွေ့ဆုံပြီး ဆုံးဖြတ်ထားကြတဲ့အတိုင်း ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကို စတင် အကောင် အထည်ဖေါ်လိုက် ပါပြီ။ ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက် နဲ့မျော်မှန်းချက်တွေက ဘာတွေလဲဆို တာ UNFC ရဲ့ ဒု အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာကို သျှမ်းသံတော်ဆင့်သတင်းဌာနက   ဆက်သွယ်မေးမြန်းထားပါတယ်။
khun-okker

မေး။    ။ UNFC တွေ့ဆုံပြီး ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းလိုက်တယ်ဆိုတာဟုတ်ပါသလား။
ဖြေ။    ။ Union Army ရဲ့ တကယ့်အစစ်အမှန်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကျင်းပတဲ့ အစည်းအဝေးမှာ ဖယ်ဒရယ်ကောင်စီရယ် Union Army ရယ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ထားပြီးသား။ ဖယ်ဒရယ် ကောင်စီပေါ်လာက တည်းက ဖယ်ဒရယ်အာမီလုပ်ဖို့ ဆုံးဖြတ်ပြီးသား။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ နည်းနည်း ကြာနေတာဖြစ်ပါတယ်။ ကျနော်တို့ မေလအစည်းအဝေးရယ် ဩဂုတ်လအစည်းအဝေးရယ် အဲဒီမှာ ဆက်လက် ဆုံးဖြတ်ပြီးတော့ နောက်ဆုံး နိုဝင်ဘာလ ဖက်ဒရယ်ကောင်စီအစည်းအဝေးက မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ တာဝန်ပေးတဲ့အပေါ်မှာ ဖယ်ဒရယ်အာမီဖွဲ့ဖို့ အကောင်အထည်ဖော်ရတာဖြစ်ပါတယ်။

မေး။    ။ အခုအကောင်အထည်ဖော်တယ်ဆိုတာက စစ်ဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်တို့ စစ်ဒေသတို့     တခါတည်း သတ်မှတ်ဖွဲ့စည်းပြီးပြီလား။
ဖြေ။    ။ အကောင်အထည်ဖော်တယ်ဆိုတဲ့နေရာမှာ အဆင့်သုံးဆင့်ရှိပါတယ်။ ပထမတဆင့်က ကျနော်တို့ ဖက်ဒရယ်အာမီမှာ ပါဝင်ရမဲ့တပ်တွေပေါ့ဗျာ။ နောက်ပြီးတော့ ဖက်ဒရယ်အာမီရဲ့ စစ်ဦးစီးအဖွဲ့မှာ ပါဝင်ရမဲ့ တပ်မှူးတွေပေါ့။ နောက်ဆုံးတဆင့်ကတော့ အဲဒီတပ်မှူးတွေကြားမှာ ဘယ်သူက စစ်ဦးစီးချုပ်တာဝန်ယူမလဲ ဆိုတာ။ အဲဒီအဆင့်ထိ ခန့်အပ်တာလောက် အတည်ပြုပေးတဲ့ပွဲလောက်ဘဲ ဖြစ်ပါတယ်။

မေး။    ။ စစ်ဦးစီးချုပ်တို့ စစ်တိုင်းမှူးတို့ ခန့်အပ်တာ ဘယ်သူတွေပါသလဲ။
ဖြေ။    ။ တိုင်းမှူးတွေခန့်အပ်တဲ့အဆင့်တော့ မရောက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အခုလုပ်တဲ့ တွေ့ဆုံပွဲမှာ တကယ့်လက်တွေ့စစ်မြေပြင်မှာလုပ်နေတဲ့တပ်မှူးတွေ မရောက်လာနိုင်တော့ တပ်မှူးတွေ ပါဝင်တာ အားနည်း တာကြောင့် ကျနော်တို့ စစ်ဒေသအလိုက် တာဝန်ခံတွေရွေးတာ မလုပ်နိုင်သေးဘူး။ သို့သော်လဲပဲ ပြည်ထောင်စု တစ်ဝန်းလုံးသွားမဲ့ ပြည်ထောင်စုတပ်ရဲ့ဦးစီးအဖွဲ့၊ ပြည်ထောင်စုတပ်ရဲ့ ဦးစီးချုပ်၊ ပြည်ထောင်စုတပ်ရဲ့ ရည်ရွယ် ချက်၊ ပြည်ထောင်စုတပ်ရဲ့မဟာမိတ် စသဖြင့် အဲဒါတွေကိုတော့ ကျနော်တို့ တပ်မတော်ပြန်တမ်းဆိုတဲ့ ပုံစံမျိုးနဲ့ သဘောတူညီချက်တော့ ရပါတယ်ခင်ဗျာ။

မေး။     ။ စစ်ဦးစီးချုပ်၊ စစ်ဦးစီးချုပ်လက်ထောက်တွေ  ဘယ်သူကို ခန့်အပ်ထားပါသလဲ။
ဖြေ။    ။ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ဦးစီးချုပ်အဖြစ် ကရင်နီတပ်မတော်ဦးစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးကို ခန့်အပ်တာဝန်ပေးပါတယ်ခင်ဗျား။ စစ်ဦးစီးချုပ်ရဲ့ လက်ထောက်က ၂ ယောက်ဘဲ။ ကချင်လွပ်မြောက် ရေး တပ်မတော်က ဗိုလ်မှူးချုပ် ဂွမ်မော်နဲ့။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် က။ နာမည်ကိုတော့ KNU က အတည်ပြုပြီးမှ ဖော်ထုတ်မှာပါ။

မေး။    ။ အခုမှ အကောင်အထည်ဖော်တယ်ဆိုတော့ အရမ်းနောက်ကျနေပြီလို့ တချို့က ပြောပါတယ်။ ဗိုလ်မှူး ကြီးအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရနဲ့ဆို ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။ နောက်ကျတယ်ဆိုတာ မှန်ပါတယ်။ အကြောင်းရင်းကတော့ အကြောင်းအမျိုးမျိုးပေါ့ဗျာ။ တကယ် တော့ ဖေဖော်ဝါရီ ၁၂ ကနေ ၁၆ ရက်အထိ ကျင်းပတဲ့ တိုင်းရင်းသားလူမျိုးများညီလာခံမှာ ဖက်ဒရယ်ကောင်စီကို ဖွဲ့ပြီးတဲ့နောက် တပြိုင်နက်တည်း ဖက်ဒရယ်အာမီကို ဖွဲ့ရမယ်လို့ ဆုံးဖြတ်တာပါပြီး သား။ ဖက်ဒရယ်ကောင်စီက ဆက်လက်ပြီး နိုင်ငံရေးအရ အလုပ်တွေလုပ်သွားနိုင်ပေမဲ့ ဖက်ဒရယ်အာမီက တော့ ရင်ဘောင်တန်းမလိုက်နိုင်ဘဲ နဲ့ နောက်ကျန်ခဲ့တယ်။ ကျနော်တို့ အားနည်းချက်တွေ ချို့ယွင်းချက်တွေ အခက်အခဲအမျိုးမျိုး ဖြတ်ကျော်ပြီး တော့ ၉ လကြာမှ ဖက်ဒရယ်အာမီ စုဖွဲ့ပြီ၊ စတင်အလုပ်လုပ်ပြီ၊အကောင် အထည်ဖော်ပြီလို့ ဆုံးဖြတ်တဲ့အတိုင်း နောက်ကျ ပြီး လုပ်နိုင်တာပေါ့။ သို့သော်လဲပဲစပြီးလုပ်နိုင် ပြီဆိုတော့ တခုခုတော့ အဆင်ပြေသွားတာပေါ့ဗျာ။ သိပ်တော့ နောက်ကျတယ်လို့ ပြောလို့မရဘူး။

မေး။    ။ ဒီအားနည်းချက်တွေကို ဘယ်လိုထောက်ပြနိုင်သလဲ။
ဖြေ။    ။ အားနည်းချက်တွေက ဩဂုတ်လ ၁၈ ရက်နေ့ ပြည်တွင်းငြိမ်းချမ်းရေးခေါ်ပြီးတော့ သမ္မတ ဦးသိန်းစိန် ရဲ့ ဖိတ်ခေါ်ချက်ကလဲ အကျိုးသက်ရောက်မှုရှိတယ်။ နောက်တစ်ခုက UNFC အတွင်းမှာပေါ့ဗျာ။ UNFC အဖွဲ့ဝင်ရဲ့ အတွေးအခေါ်တွေပေါ့။ အတွင်းရေးတွေမှာလဲ တစုံတရာ ရိုက်ခတ်မှုရှိတယ်။ ရိုက်ခတ်မှု တွေအားလုံး ပေါင်းလိုက်တဲ့အခါကျတော့ ကျနော်တို့ ဖက်ဒရယ်ကောင်စီတော့ တစုံတရာပေါ်လာပြီဖက်ဒရယ် အာမီတော့ နောက်ကျနေတာ ဒီအကြောင်းတွေပေါ့ဗျာ။

မေး။    ။ ဖက်ဒရယ်အာမီရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ။ ရှင်းပြပါအုံးခင်ဗျာ့။
ဖြေ။    ။ တပ်မတော်ပြန်တမ်း အမှတ်(၁) ၂၀၁၁ မှာ ပါတဲ့အတိုင်း ဖက်ဒရယ်အာမီရဲ့ရည်ရွယ်ချက်တွေက
(က) ပြည်ထောင်စုကို ကာကွယ်ရန်
(ခ) ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုနိုင်ရန်နှင့် အေးချမ်းတည်ငြိမ်မှုကို ရရှိစေရန်
(ဂ) ပြည်ထောင်စုသားအားလုံး၏ ဒီမိုကရေစီအခွင့်အရေးနှင့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိစေ ရန်။
(ဃ) တိုင်းရင်းသားလူမျိုးများအားလုံးအတွက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် ကြိုးပမ်းသွားရန်။
(င) လက်ရှိဗမာ့တပ်မတော်အတွင်းရှိ အချို့သောအဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇ ဝတ်မှု ကျူးလွန်နေခြင်းများကို စုပေါင်း၍ ဆန့်ကျင်ဟန့်တား ခုခံကာကွယ်သွားနိုင်ရန်။
(စ) ပြည်ထောင်စုကို ကာကွယ်၍ ပြည်သူ့ဘက်က ရပ်တည်လိုသော ဗမာ့တပ်မတော်သားများအနေနှင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သို့ လုံခြုံအေးချမ်းစွာ လာရောက်ပူးပေါင်းလာနိုင်စေရန်။
(ဆ) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့် တခုတည်းသော ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးတွင် ဆက်လက်ပါဝင်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ပြင်ဆင်သွားရန် -ဖြစ်ပါတယ်။

မေး။    ။ ပြည်ထောင်စုတပ်မတော်ဆိုတော့ အခုလောလောဆယ် တိုင်းရင်းသားတပ်တွေ ရှိတာပေါ့နော်။ နောက်ဆိုရင် ဗမာတပ်တွေကို လက်ခံလာဖို့ရှိလား။
ဖြေ။    ။ ကျနော်တို့ ကြိုပြောလို့မရဘူးခင်ဗျာ့။ လက်ရှိမှာ ဒေသအသီးသီးက သူ့အနေအထားနဲ့သူ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပါဝင်နေကြတယ်ဆိုပေမဲ့ ပြန်တမ်းအရ မဟာမိတ်သတ်မှတ်ချက်မှာ တော့ ပါပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဒါမှမဟုတ် ဖက်ဒရယ်ကောင်စီမှာ မပါတဲ့ အဖွဲ့တွေ။ အပစ်ရပ်တာဘဲဖြစ်ဖြစ်၊ မရပ်တာဘဲဖြစ်ဖြစ် တစ်သမတ်တည်း မဟာမိတ်ပြုထားပါတယ်။ အဲဒါကတော့
(က) ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA
(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်
(ဂ) ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA
(ဃ) မိုင်းလားတပ်ဖွဲ့ NDAA
(င) သျှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS
ဒါတွေအားလုံးကို ကျနော်တို့ရဲ့ မဟာမိတ်အဖြစ် ဆက်လက်သတ်မှတ်ထားပါတယ်။

မေး။    ။ UNFC နဲ့ အရင်တုန်းက ရှိခဲ့တဲ့ NDF နဲ့ ဘယ်လိုကွာခြားမှုတွေ ရှိလဲခင်ဗျာ့။
ဖြေ။    ။ ၁၉၈၅-၈၆ -၈၇ အခြေအနေအရ ပြောရရင်တော့ အခုUNFC အဖွဲ့ဝင်အားလုံးဟာ အရင်တုန်းက NDF အဖွဲ့ဝင်တွေအားလုံးဖြစ်ခဲ့ကြဖူးတယ်။ ဘာကြောင့်လဲဆိုတော့ UNFC  လို့ ပြောလိုက်တာ အသစ် မဟုတ်ဘူး။  NDF အဖွဲ့ဝင်ဟောင်းတွေ ပြန်စုတာဘဲဖြစ်တယ်။ ဒါနံပါတ်တစ်တူတာဖြစ်တယ်။ သို့သော် လက်ရှိရှိနေတဲ့ NDF မှာ ဘာကြောင့်ပြန်မဝင်လဲဆိုတဲ့ မေးခွန်းရှိတဲ့အခါကျတော့ လက်ရှိ NDF က သူရဲ့ နောက်ဆုံး အနေအထေားအရ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ဆုံချက်ဖြစ်တဲ့ NCUB ဆိုတဲ့ အမျိုးသားကောင်စီရှိ တယ်။ အဲဒီအမျိုးသားကောင်စီမှာ NDF က ဒေါက်တိုင်တတိုင် ဆိုပြီးတော့သွားပါ နေတော့NDF အဖွဲ့ဝင်ဟောင်း တွေ ပြန်လည်ပူးပေါင်းဖို့ ခက်သွားတယ်။ နည်းနည်းလေးအဟန့်အတား ဖြစ်သွားတယ်။ ဒါကြောင့် NDF လို့ ပြန်လည် ပူးပေါင်းလိုက်မယ်ဆိုရင် ဒေါက်တိုင်တတိုင်အဖြစ် ပြန်လည် ပါသွား မှာကို စိုးရိမ်တဲ့အတွက် NDF အဖွဲ့ ဝင်ဟောင်းဖြစ်တဲ့ SSPP သျှမ်းပြည်မြောက်ပိုင်း၊ KNPP ကရင်နီ၊ KIO ကချင်၊ NDF အဖွဲ့ဝင်ဟောင်းတွေ ပြန်ဝင်ဖို့ မသင့်တော်တဲ့အတွက်ကြောင့် UNFC ဆိုပြီးတော့ NDF ရဲ့ ဆိုင်းဘုတ်ပြောင်းချိတ်လိုက်တဲ့ သဘောပါဘဲ။ UNFC နဲ့ NDF တော့ ဘာမှမကွာဘူး။ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ စစ်ရေး နိုင်ငံရေးဆောင်ရွက်ချက်တွေ ဘာမှ မကွာဘူး။

မေး။    ။ NDF အဆိပ်အတောက်သိပ်မပြင်းသလို UNFC လဲ အဲဒီလိုမျိုးဖြစ်လာမယ်လို့ တချို့ပြောကြတယ်။ အဲဒီအပေါ်မှာ ဗိုလ်မှူးကြီး ဘယ်လိုပြောလိုပါသလဲ။
ဖြေ။    ။ ဒီတခါတော့ NDF တုန်းက အတွေ့အကြုံရပြီးသားဆိုတော့ သင်ခန်းစာယူပြီးတော့ ဒီအခြေအနေ မဖြစ်အောင် ဝိုင်းဝန်းပြီးတော့ စဉ်းစားထားတဲ့ သဘောပါ။ NDF တုန်းက NDF အနေနဲ့ဘဲဆွေးနွေးမယ်လို့ ပြောပေမဲ့ တဖွဲ့ချင်းတဖွဲ့ချင်း ပဲ့ကြွေပါသွားတဲ့အပေါ်မှာ NDF က အားနည်းသွားတယ်။ လျော့ကျသွားတယ်။ အဲဒီလျော့ကျအားနည်းသွားတဲ့အပေါ်မှာတခါ ဒီမိုကရေစီအင်အားစုအနေနဲ့တွဲရမယ်ဆိုပြီး ပြန်ပြီးတော့ နောက် ဆက်တွဲလိုက်တဲ့အခါကျတော့ ပိုဆိုးသွားတယ်။ NDF က မရှိသလောက် မကျန်သလောက် ဖြစ်သွားတယ်။ အဲဒီအခြေအနေအခက်အခဲကြားမှာ အခုNDF အဖွဲ့ဝင်ဟောင်းတွေက စစ်အုပ်စုနဲ့ မဟာမိတ်လုပ်ပြီးတော့ ခွဲထွက်လာတဲ့အချိန်မှာ သူတို့က NDF ထဲဘဲ ပြန်ဝင်လာရမလား၊ တခုခုအသစ်လုပ်ရမှာလား စဉ်းစားတော့ NDF ထဲ ပြန်ဝင်ဖို့ မလွယ်တော့ဘူး။ သူ့ကိုယ်နိုက်က ဒေါက်တိုင်သွားဖြစ်နေတော့ တိုင်းရင်းသား အချင်းချင်း ပေါင်း ဆုံနိုင်တဲ့ သီးသန့်တခုဖော်ထုတ်လိုက်တယ်။ အဲဒီလိုသီးသန့်ဖော်ထုတ် လိုက်တဲ့ အခါမှာတော့ ၁၉၈၉-၁၉၉၀ က NDF လိုမျိုးမဖြစ်အောင် သင်ခန်းစာယူကြမယ်လို့ကျနော်မျှော်လင့် တယ်ခင်ဗျာ။

မေး။    ။ သမ္မတ ဦးသိန်းစိန်တို့ လက်ရှိလုပ်နေတဲ့ နိုင်ငံရေးအရဆိုရင် UNFC ရဲ့ အကြီးအကဲမှာ ပါဝင်တဲ့ ဗိုလ်မှူး ကြီးတစ်ယောက် အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။    ။ တပြည်လုံးကို ပြောချင်တာတော့ ဘယ်သူကမှ ဒီပြည်တွင်းစစ်ကို ဆက်ပြီး သက်ဆိုးမရှည် ချင်ဘူး။ ပြည်တွင်းစစ် ပဋိပက္ခရပ်စဲပြီးတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ အဲဒီငြိမ်းချမ်းရေးယူတဲ့နေရာ မှာလဲ သဘောထားရိုးရိုးမှန်မှန်နဲ့ အပြန်အလှန် တန်းတူရေးကို ဦးစားပေး။ တိုင်းရင်းသားလူမျိုးအသီးသီးတွေ ဘာလိုချင်လဲ၊ တတိုင်းတပြည်လုံးနဲ့သွားနေတဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဘယ် အစိတ်အပိုင်းက ပါချင်ကြသလဲစသဖြင့် သဘောထားတွေညှိနှိုင်းပြီးတော့ တဦးကိုတဦး ယုံကြည်မှု တည် ဆောက် ပြီးတော့ ပြန်လည်တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာသာယာဝပြောတဲ့ ပြည်ထောင်စု တစ်ခု ဖြစ်လာမယ်။ အဲဒီလိုမလုပ်ဘဲနဲ့ အပေါ်ယံဟန်ဆောင်ဟန်ပြ ပြောင်းလဲသလိုလိုနဲ့ လုပ်နေ ပြီးတော့ အစစ်အမှန် ကတော့ ဝန်ကြီးချုပ်ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ စဉ်းစားတဲ့ အတိုင်း မူလအိုင်ဒီယာ တွေနဲ့ဘဲ သွားနေမယ်ဆိုရင်တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးသော်လည်းကောင်းတည်ငြိမ်အေးချမ်း မှုသော် လည်းကောင်း ပြည်ထောင်စုတည်ဆောက်နိုင်ဖို့သော်လည်းကောင်း ရနိုင်မှာမဟုတ်ဘူး လို့ပြောချင် ပါတယ်။

ညီညွှတ်သော တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ UNFC တွင် - (၁) ကချင်လွတ်လပ်ရေး တပ်မတော် KIA ၊ (၂) ကရင်အမျိုးသားအစည်းအရုံး KNU ၊ (၃) ကရင်နီတိုးတက်ရေးပါတီ KNPP ၊ (၄) သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ (၅) ချင်းအမျိုးသားတပ်ဦးCNF ၊ (၆) မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU ၊ အမျိုးသားညီညွတ်ရေးပါတီ ရခိုင်ပြည် NUPA ၊  ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNLO နဲ့ ၀ အမျိုးသားအဖွဲ့ချုပ် WNO ၊  ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် KI0  နဲ့ KNO (ကချင်အမျိုးသား အဖွဲ့ချုပ်) နှစ်ဖွဲ့က အဖွဲ့ဖြစ် ပါဝင့်ခဲ့သော်လည်း ဒီအဖွဲ့က အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ သော်လည်း ဒီ နှစ် ဖွဲ့က ပြန်လည်ပူးပေါင်းလိုက်တဲ့ အတွက် ၁၁ ဖွဲ့ ဖြစ်သွားရခြင်းဖြစ်ပါတယ်။