အထူးဒေသ ၄ မိုင်းလား သို့ ဌာနပေါင်းစုံဝန်ထမ်းများရောက်ရှိ

အထူးဒေသ ၄ မိုင်းလား သို့ ဌာနပေါင်းစုံဝန်ထမ်းများရောက်ရှိ
by -
သျှမ်းသံတော်ဆင့်

မိုင်းလားတပ်ဖွဲ့ထိန်းချုပ် နယ်မြေသို့ သျှမ်းပြည် အစိုးရ ဝန်ထမ်းများ မိသားစုဝင်များ ယနေ့မိုင်းလား မြို့သို့ ပြန်လည်ရောက်ရှိ ကြောင်း မိုင်းလား ရောက် ကျိုင်းတုံသားတဦးက ပြောပါသည်။

“လာမယ်လာမယ်လို့ပြောနေတာကြာပါပြီ။  အခုမှဘဲ ပို့လာတာ  ။ ဒီဘက်က  တောင်းထားတဲ့ ဝန်ထမ်း တွေဘဲ ဆိုတော့ ဘာမှ ပြဿနာမရှိပါဘူး ” - ဟု အမည်မဖေါ်လိုသည့် မိုင်းလား အရာရှိငယ် တဦး ကပြောပါသည်။
Mongla
မိုင်းလားတပ်ဖွဲ့ ကေဒါတဦး၏ ပြောပြချက်အရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ထမ်း ၄ ဦး၊ ပညာရေး ဝန် ထမ်းများဖြစ်ကြသည့် ကျောင်းဆရာ/ဆရာမ ၂၆ ဦး၊ ကျန်းမာရေး ဝန်ထမ်း၊ ဆရာဝန် ၁၉ ဦး နှင့် မိသားစုများ အပါအဝင် ရ၀ ကျော်သည် ဒီဇင်ဘာ ၁၆ ရက် ယနေ့ မိုင်းလားမြို့သို့ရောက်ရှိလာကြောင်း ပြောပါသည်။

“လာခါစဆိုရင်တော့ သူတို့အတွက်နည်းနည်းအခက်အခဲ ရှိမယ်။ သူတို့အရင်ကနေတဲ့နေရာဟောင်းတွေ  တခြား လူအစားထိုး နေ နေပြီလေ။ တခြားဝန်ထမ်းတွေတော့ မိုင်းလားဘက်ဘာမှ အထောက်အပံ့မပေးရ ပါဘူး။ ပညာရေးဝန်ထမ်းတွေကလွဲလို့ပေါ့။ အရင်တုန်းက တယောက်ကို ယွမ်ငွေ ၂၅၀ အထိ ထောက်ပံ့တယ်  ။ သူတို့က လစာမလောက်လို့ဆိုပြီး မိုင်းလားလူကြီးတွေဆီကို စာရေး အကူအညီတောင်း တာလေ” - ဟု မိုင်းလားအရာရှိ တဦးနှင့် နီးစပ်သူတဦးက ပြောပါသည်။

အောက်တိုဘာ ရ ရက်နေ့ ဒုတိယ အဆင့်တွေ့ဆုံပွဲမှအထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့မှ အစိုးရ၏ ကျောင်း ဆရာ(ပညာရေး)၊ ဆရာ ဝန် (ကျန်းမာ ရေး) ၊ တိရိစ္ဆာန် ဆရာဝန် (တိမွေးကု)၊ စာတိုက်ကြေးနန်း လူဝင်မှု ကြီးကြပ်ရေး နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ လက်ခံ ရန်သဘောတူ ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ စစ်အစိုးရ က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်အသွင် ပြောင်းရန် ဖိအားပေး သောကြောင့် နှစ်ဘက်စစ်ရေးတင်းမာခဲ့ ပြီး ၂၀၁၀ စက်တင်ဘာမှစ၍ ဝန်ထမ်းများမိမိ နေရပ်ပြန်ရန် အစိုးရမှ ဆင့်ခေါ်ခဲ့သည်။