ပြည်တွင်း ဂျာနယ်တချို့တွင် ရေးသားဖော်ပြ ထားသော ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းဒီမိုကရေစီမိတ်ဆွေ များပါတီ ၁ဝ ပါတီက ဖြေရှင်းလိုက်သည်။
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်တွင်း ဂျာနယ်တချို့တွင် ရေးသားဖော်ပြ ထားသော ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းဒီမိုကရေစီမိတ်ဆွေ များပါတီ ၁ဝ ပါတီက ဖြေရှင်းလိုက်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရုံးတွင် တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ဖြေရှင်းလိုက်ကြခြင်း ဖြစ်သည်။
“ကျနော်တို့က ပူးပေါင်းတာ မဟုတ်ဘူး။ လုံးဝ မပူးပေါင်းဘူး။ တူတာတွေကို လက်တွဲလုပ်နေတာ ဖြစ်တယ်။ လက်တွဲဆောင်ရွက်ဖို့ပဲ ဖြစ်တယ်” ဟု ရှင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ ၁၀ ပါတီ မဟာမိတ်အဖွဲ့နှင့် လက်ရှိအာဏာရ ကြ့ံဖွံ့ပါတီတို့ ဒီဇင်ဘာ ၄ ရက်နေ့က မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသည်ကို ဂျာနယ်အချို့က ပူးပေါင်းကြကြောင်း ရေးသားခဲ့ကြသည်။
“ဂျာနယ်တွေကို ဖတ်ပြီးတော့ ကျနော်တို့ကို ပြည်သူက သဘောမကျဘူး။ ဒါကြောင့် ရေးသားပုံတွေ လွဲနေတဲ့ အကြောင်း အခုလို ခေါ်ယူပြောဆိုတာ ဖြစ်ပါတယ်”ဟု NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ ဆွေးနွေးဖို့ သဘောတူခဲ့တာက နိုင်ငံအတွက်ပဲ ဦးတည်ဆွေးနွေးမယ်လို့ ပြောပြီးမှတွေ့ခဲ့တာပါ။ အခုလို ဆွေးနွေးတာ ဖြစ်လာ တာက နှစ်ပေါင်းများစွာ နှစ်ဖက်ကြားမှာ ယုံကြည်မှုကို မတည်ဆောက်နိုင်လို့ နားလည်မှု မတည်ထောင်နိုင်လို့ ပြဿနာတွေ ကြံုခဲ့ရတယ်။ နိုင်ငံလည်းနစ်နာခဲ့ တယ်။ ရှေ့မှာ ယုံကြည်မှု၊ နားလည်မှု မရခဲ့တဲ့အပေါ်မှာ ပြေလျော့သွားနိုင်အောင်ကြိုးစားသွား နိုင်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။နောက်ထပ် အခြေအနေကောင်းတွေ ပေါ်ပေါက်လာအောင် ကြိုးစားရမယ်” ဟု ပြောကြားခဲ့သည်။
ကြံ့ဖွံ့ပါတီမှ ကမ်းလှမ်းသည့် သောကြာနေ့ ဆွေးနွေးပွဲတွင် မိတ်ဆွေပါတီများထဲမှ ၈ ပါတီ တက်ရောက်ပြီး ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း တဦးတည်းသာ လာရောက်ခဲ့ကြောင်း ဒီမိုကရက် တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူ(ဦးအောင်သိန်းလင်း) ဘာပြောလဲဆိုတော့ တွေ့တွေ့ချင်း ခင်ဗျားတို့နဲ့ မိတ်ဆွေဖြစ်ချင်နေတာကြာပြီ။ တွေ့တာကလည်း မိတ်ဆွေဖြစ်ချင်လို့ ပြောတယ်။ ဒီနိုင်ငံကို ဘယ်နိုင်ငံခြားသားမှ လာပြီး လွှမ်းမိုးအုပ်ချုပ်တာ လက်မခံဘူးတဲ့ အဲဒါ သူပြောတယ်။ ကျနော်တို့ကလည်း ဒါတော့ ကျနော်တို့လည်း သဘောတူတာပဲ။ ကျနော်တို့လည်း ကြိုက်တာပဲလို့” ဟု ပြောသည်။
မိတ်ဆွေ ၁၀ ပါတီအနေဖြင့် ကြံ့ဖွံ့ပါတီ၊ NLD ၊ တစည အပါအဝင် ရည်ရွယ်ချက်တူသည့် မည့်သည့်ပါတီမဆို လက်တွဲလုပ်ဆောင်ရန် ကြိုဆိုကြောင်း ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီဟူသည်မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ရှမ်း တိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။