မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် တည်ဆောက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ သတင်းအချက် အလက် ရရှိမှု အားနည်းနေပြီး ဒေသခံတို့က စီမံကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်
နယူးဒေလီ(မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တည်ဆောက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ သတင်းအချက်အလက် ရရှိမှု အားနည်းနေပြီး ဒေသခံတို့က စီမံကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်ဟု ရခိုင်ကမ်းရိုးတန်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RCA) ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေ က ပြောသည်။
“များသောအားဖြင့်က ဒီစီမံကိန်းအကြောင်းကို မကြားဘူးတာများတယ်။ တချို့ကလည်း စီမံကိန်း ကြီးဖြစ်လာတော့ သူတို့ ထွက်ကုန်တွေ တိုက်ရိုက် တင်ပို့ရောင်းချနိုင်မယ်လို့ မြင်တာရှိသလို သာမန် ရွာသားတွေကတော့ သူတို့ ပုံမှန် လုပ်ကိုင်စားသောက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မယ်ဆိုပြီး မြင်ကြပါတယ်။” ဟု ဦးမောင်မောင်သိန်းဖေက မဇ္ဈိမကို ပြောသည်။
စီမံကိန်းအတွင်း ပါဝင်နေသည့် ရခိုင်ပြည်နယ်၌ စစ်တွေ ၊ကျောက်တော်၊ ပုဏ္ဍားကျွန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့ တို့ရှိ ဒေသခံ ၁၄၀ ကို ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာတွင် (RCA)နှင့် Gender and Development Initiatives Myanmar (GDI)တို့က စစ်တမ်းကောက်ယူခဲ့အပြီး တွေ့ရှိချက် ဖြစ်သည်ဟု ဆိုသည်။
ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင် ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ကုလားတန်မြစ်ကိုချဲ့ကာ စစ်တွေမှ ပလက်ဝ (ကလက်ဝ) သို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ် ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
“ဒီစီမံကိန်းကြောင့် ဘာတွေကောင်းလာမလဲ ဆိုတာတွေ ရေးသားတွေ့နေရပေမယ့် ဆိုးကျိုးသက်ရောက်မှု ဘယ်လိုတွေကာကွယ်မယ် ဆိုတာမျိုးတော့ အခုထိ ရေးသားလာတာ ဒေသခံတွေကို ရှင်းပြတာမျိုး မရှိဘူး။”ဟု GDI တာဝန်ခံက မဇ္ဈိမကို ပြောသည်။
ကုလားတန် စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော စစ်တွေဆိပ်ကမ်းအတွက် ကမ်းခြေမှ သဲများတူးယူမှု၊ စီမံကိန်းနေရာတွင် ငါးဖမ်းခွင့် ပိတ်ပင်မှုများ ရှိနေပြီး ကားလမ်း ဖောက်လုပ်မည့် လမ်းဧရိယာရှိ ကျေးရွာနှင့် စိုက်ခင်းများ ဖယ်ရှားခံရဖွယ် ရှိသည်ဟု ဆိုသည်။
“သဲကားတွေနဲ့ ညကြီးမင်းကြီးအထိ သယ်တယ်။ လမ်းတွေကပျက် တမြိုလုံးက သဲတွေဖုံး။ကမ်းခြေမှာ လည်း သဲတွင်းကြီး နက်နက်ကြီးတွေတူးပြီး လုပ်ချင်တိုင်း လုပ်နေကြတာပေါ့။ အဲဒါကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပထမဆုံး ကြံုရတာပါပဲ။” ဟု RNDP ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
စစ်တွေမြို့ ကမ်းခြေရှိ ရှုခင်းသာ(ပွိုင့်)နှင့် စစ်တွေဟိုတယ် အကြားမှ သဲများကို ဆိပ်ကမ်းတည်ဆောက် ရေး အတွက် တူးယူနေခြင်း ဖြစ်သည်ဟုဆိုသည်။
မီဇိုရမ်မှ ပလက်ဝသို့ ဆက်သွယ်မည့် ကားလမ်းဖောက်လုပ်ရာတွင် ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် လည်း “စီမံကိန်းကြောင့် လမ်းဖောက်ရင် သူတို့ မြေတွေ အိမ်တွေပါမှာကြောက်လို့ ပလက်ဝကဒေသခံ တွေက ပါတီကို အကူအညီတောင်းလာတာရှိလို့ ကျနော်တို့သွားကြည့်ဖို့ လုပ်နေတယ်။” ဟု CPP ပါတီ အတွင်းရေးမှူး ပူးရှိန်းထွန်းက ဆိုသည်။
အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂၀ ကျော် ကုန်ကျမည့် ကုလားတန် စီမံကိန်းကို အိန္ဒိယနှင့်မြန်မာအစိုး ရတို့က ၂၀၀၈ ခုနှစ် ဧပြီလတွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အိန္ဒိယ Essar ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ ထိုစီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများ ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၃ တွင် အပြီးသတ်ရန် လျာထားသည်။