ကျောင်းသင်ရိုးများလည်း ပြင်ဆင်သင့် ဟု ပြောကြ

ကျောင်းသင်ရိုးများလည်း ပြင်ဆင်သင့် ဟု ပြောကြ
by -
မျိုးသန့်

အစိုးရမှ မြန်မာ့ပညာရေးတိုးတက်ရန် ပုဂ္ဂိလက ကျောင်း ဥပဒေပြဋ္ဌာန်းကာ အခြေခံ ကျောင်းများတည်ထောင်ခွင့်ပြုလိုက်သည် ကို ကြိုဆိုသော်လည်း ခေတ်နှင့် မလျော်ညီ တော့သည့်သင်ရိုး များကို ပြန်လည်ပြင်ဆင်သင့်ပြီဟု ပညာရေး ဝန်ထမ်း ဟောင်းများနှင့် ပညာရေး ဝန်ဆောင်မှု ပေးနေသူများက ပြောသည်။

ချင်းမိုင် (မဇ္ဈိမ) ။        ။ အစိုးရမှ မြန်မာ့ပညာရေးတိုးတက်ရန် ပုဂ္ဂိလကကျောင်း ဥပဒေပြဋ္ဌာန်းကာ အခြေခံကျောင်းများ တည်ထောင်ခွင့်ပြုလိုက်သည်ကို ကြိုဆိုသော်လည်း ခေတ်နှင့် မလျော်ညီတော့သည့် သင်ရိုးများကိုပြန်လည်ပြင်ဆင်သင့်ပြီဟု ပညာရေးဝန်ထမ်းဟောင်းများနှင့်ပညာရေးဝန်ဆောင်မှုပေးနေသူ များက ပြောသည်။

မြန်မာနိုင်ငံ၏ အခြေခံကျောင်းများတွင် ကျင့်သုံးနေသည့် လက်ရှိသင်ရိုးညွှန်းတမ်းများသည် လွန်ခဲ့သည့် အနှစ် ၃ဝ က သင်ရိုးများဖြစ်နေကာ ခေတ်မီအကြောင်းအရာများ မပါရှိရှိခြင်း၊ ခေတ်မီ ဝေါဟာရများနှင့် သရုပ်ဖေါ်ပုံများ မပါရှိခြင်းတို့ကြောင့် မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် နောက်ကျနေခြင်းကြောင့် သင်ရိုးများကို ပြင်ဆင်သင့်သည်ဟု ယူဆကြောင်း အထက်မြန်မာပြည်အခြေခံ ပညာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာဦးနိုင်ငွေသိန်းက မဇ္ဈိမကိုပြောသည်။
student2
" အခြေခံပညာမှာ တကယ့်အတွေ့အကြံုရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ် အဲဒါတွေခေါ်ပြီးတော့ ပြင်ဖို့လိုတယ်။ " ဟု ဦးနိုင်ငွေသိန်းက ပြောသည်။

ယခုလ နှစ်ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေတွင် ကိုယ်ပိုင်ကျောင်းများ သည် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော သင်ရိုးမာတိကာများအတိုင်း သင်ကြားရမည်ဖြစ်ပြီး ထိုဘာသာရပ်များနှင့် ပတ်သက်သည့် ဆက်စာ သင်ခန်းစာများကိုသာ သင်ကြားခွင့်ရှိသည်ဟုပြဋ္ဌာန်း ထားသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် မြန်မာစာ ကထိက တာဝန်ထမ်းဆောင်ဖူးသူ စာရေးဆရာကြီး ဦးအောင်သင်း ကလည်း ယခု လက်ရှိ အခြေခံပညာသင်ရိုး များကို ပြန်လည်ပြင်ဆင်သင့်ကြောင်းပြောဆိုပြီး ပညာရေးကို လွတ်လပ်မှု ပေးသင့်ကြောင်း မဇ္ဈိမကိုပြောသည်။

" ပညာရေး တိုးတက်ခွင့်မရရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်ခွင့်မရဘူး၊ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီးပြဋ္ဌာန်းချက်တွေနဲ့ ပတ်သက်လို့ အစိုးရက ဘာမှ စွက်ဖက်ခွင့် မရှိတဲ့တိုင်းပြည်ဟာတိုးတက် တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပညာဆိုတာဟာ ကြိုက်သလောက် လွန့်လူးပါစေ၊ ကြိုက်သလောက် ကျက်စားပါစေ၊ ကြိုက်သလောက်မြှင့်တင်ပါစေ အဲဒီဟာကို လုံးဝ လွတ်လပ်ခွင့်ပေးရတယ်၊ အဲဒါကို အစိုးရက အကူအညီပေးရတယ်၊ အဲဒါဟာ တိုင်းပြည် တိုးတက်မှုရဲ့ အကြောင်းရင်းကြီးပဲ။" ဟုပြောသည်။

လက်ရှိ အခြေခံပညာရေး၏ သင်ရိုးညွှန်းတမ်းများသည် ကလေးများ၏ တွေးခေါ်နိုင်စွမ်းနှင့် ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းတို့အတွက် အားနည်းနေသေးသည်ဟု မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်ရှိ ဖေါင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာတော်ကြီး ဦးနာယက က မဇ္ဈိမကို မိန့်ကြားသည်။

ဖေါင်တော်ဦး ဘုန်းတော်ကြီးကျောင်းသည် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ပေးသည့် သင်ရိုးများအတိုင်း သင်ကြားနေသော်လည်း ကလေးများ တွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းတို့ကို မြှင့်တင်ပေးသည့် သင်ကြားနည်းစနစ်ကို သုံးသည်ဟု ဆရာတော် ဦးနာယက က ဆက်လက်မိန့်ကြားသည်။

"သင်ရိုးကတော့ ပညာရှင်တွေ ပြင်ဖို့ စဉ်းစားပေါ့၊ ဦးဇင်းအနေနဲ့ကတော့ သင်ကြားနည်းတွေပေါ့။ (ကလေးဗဟိုပြု သင်ကြားနည်းစနစ်) တို့ ( ဝေဖန်ပိုင်းခြားတတ်ရန် စာဖတ်ခြင်းနှင့် စာရေးခြင်း)တို့ အဲဒီလိုဘက်ကို ပို့နိုင်တာ နည်းနေတယ်လို့ စဉ်းစားမိတယ်၊ အဲဒီ စနစ်ကို သွားနိုင်ရင်တော့ ပိုကောင်း တယ်လို့ ထင်ပါတယ်။ သင်ရိုးပြောင်းနေရင်လည်း ကြာနေမှာစိုးတော့ ကလေးတွေအတွက် အဲဒီ သင်ရိုးတွေကိုပဲ Thinking Process တွေရအောင် သင်ပေးနေတယ်။" ဟု မဇ္ဈိမကို အမိန့်ရှိသည်။

ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်း ဥပဒေအရ ပုဂ္ဂလိကကျောင်းများ ပေါ်ထွန်းလာနိုင်သော်လည်း ငွေကြေး တတ်နိုင်သူများသာ တက်နိုင်သည့် ကျောင်းများပေါ်ထွက်လာမည်ကို စိုးရိမ်ကြောင်းလည်း မူလတန်းမှ တက္ကသိုလ် ဝင်တန်း အထိ ကျောင်းသား ၆,ဝဝဝ ကျော်အတွက် အခမဲ့ သင်ကြားပေးနေသည့် ကျောင်းအုပ်ဆရာတော် ဦးနာယက ဆက်လက် မိန့်ကြားသည်။

သို့သော် ပညာသင်ကြားမှုအတွက် ငွေးကြေးမတတ်နိုင်သူများအတွက် ဘုန်းတော်ကြီးများ စီမံခန့်ခွဲကာ ဆရာများ ငှားရမ်းသင်ကြားပေးနိုင်မည့် ဘုန်းတော်ကြီး အခမဲ့ ပညာသင်ကျောင်းများ ဖွင့်လှစ်ပေးနိုင်ရန် စွမ်းဆောင်သင့်ကြောင်း စာရေးဆရာကြီး ဦးအောင်သင်းက တိုက်တွန်းသည်။

"ဘုန်းကြီးကျောင်းတွေ ဖွင့်ပေးရမယ်၊ ဘုန်းကြီးတွေ ဦးစီးပြီးတော့ ဖွင့်ပေးရမယ်၊ ဘုန်းကြီးတွေက ဘုရားတည်တာ ပြိုင်နေကြတယ်၊ ဘုရားကို ရွှေချလို့ တိုင်းပြည်အနာဂတ် မတောက်ပဘူး၊ လူငယ်တွေကို ရွှေချမှ အနာဂတ်တောက်ပမယ်။ ဘုန်းကြီးတွေ အဲဒါ သတိကြီးဖို့ လိုတယ်။ မြန်မာပြည်မှာရှိတဲ့ဘုန်းကြီး တွေက ခေတ်သစ် ပညာရေးကို မျက်စိပွင့်ဖို့လိုတယ်။ ကိုရင်တွေလည်း သင်ပေါ့၊ ပုဂ္ဂလိကကျောင်းဖွင့် ပစ်ပေါ့၊ ကိုရင်တွေလည်း သင်္ကန်းဝတ်တွေနဲ့ ကျောင်းတက်ပေါ့။ ဘုန်းကြီးတွေ လူထွက်သွားတော့လည်း လူ့လောကမှာ ပညာတတ်ရင် အမြတ်ဖြစ်တာပဲ။" ဟု မဇ္ဈိမကိုပြောသည်။

ပြဋ္ဌာန်းလိုက်သည့် ကိုယ်ပိုင်ကျောင်းဥပဒေအရ ကိုယ်ပိုင်ကျောင်း တည်တောင်လိုသူများအနေဖြင့် အခြေခံ ပညာ မူလတန်းမှ အထက်တန်းအထိ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်ရှိသည်။ အဆိုပါကျောင်းများကို သက်ဆိုင်ရာ တိုင်း၊ပြည်နယ်များရှိ အခြေခံ ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးမှူးတို့မှ ကြပ်မတ်ကွပ်ကွဲ မည် ဖြစ်သည် ဟု ဥပဒေက ပြဋ္ဌာန်းသည်။

ကိုယ်ပိုင်ကျောင်းများသည် ထပ်ဆောင်းဘာသာရပ်နှင့် ထပ်ဆောင်း ဘာသာစကားများကို သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သင်ကြားနိုင်မည်ဟုလည်း ဥပဒေတွင် ဖေါ်ပြထားသည်။ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုသူများသည် ပြည်တွင်း၊ ပြည်ပတက္ကသိုလ် တခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ရရှိသူ၊ ဆရာ အတတ်သင် ပညာဆိုင်ရာ ဒီပလိုမာ လက်မှတ်ရရှိပြီးသူ အခြေခံ ပညာကျောင်းများတွင် အနည်းဆုံး လုပ်သက် ငါးနှစ်ရှိသူတို့ လျှောက်ထားနိုင်သည်ဟု ဥပဒေတွင် ပါရှိသည်။

ကိုယ်ပိုင်ကျောင်းများသည် ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်သည့် ကျောင်းမဖြစ်စေရန်နှင့် နိုင်ငံခြား အဖွဲ့ အစည်း အကူအညီဖြင့် တည်ထောင်သောကျောင်း မဖြစ်ရန် ကန့်သတ်ထားပြီး သာသနာပြုကျောင်းမ ဖြစ်ရဟုလည်း ဥပဒေက ကန့်သတ်ထားသည်။

ယင်းအပြင် ကိုယ်ပိုင်ကျောင်း တည်ထောင်လိုသူများသည် မြန်မာနိုင်ငံသား ဖြစ်ရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်ကျောင်းများသည် နိုင်ငံတော်၏ အကျိုးကို ထိခိုက်သော သို့မဟုတ် နိုင်ငံတော်၏ မူဝါဒနှင့်ဆန့်ကျင် သော အကြောင်းအရာများ သင်ကြားမှု၊ လေ့ကျင့်ခန်းပေးမှု သို့မဟုတ် ထိုသို့ပြုလုပ်ရန်စီစဉ်ဆောင် ရွက်ခြင်း မပြုရဟု ကန့်သတ်ချက်များ ပါရှိသည်။

ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်မရှိဘဲ ကျောင်းဆရာအဖြစ် ဆောင်ရွက်ခွင့် မရှိသကဲ့သို့ သင်ကြားမှု ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောပို့ချခြင်း မပြုရဟုလည်း တားမြစ်ထားသည်။ ဥပဒေပါ အချက်အလက်များကို ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် သုံးသိန်းတို့ကို အမြင့်ဆုံးပြစ် ဒဏ်အဖြစ် သတ်မှတ်ထားသည်။