အမေရိကန် နိုင်ငံခြားရေးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခွင့်ရ

အမေရိကန် နိုင်ငံခြားရေးနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခွင့်ရ
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိ ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟယ်လာရီက လင်တန်ဟာ ကနေ့မနက်ပိုင်းမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။

clinton-and-assk

တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့အပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က   ဦးအေးသာအောင်(ရခိုင်)၊ နိုင်ငွေသိန်း(မွန်)၊ ပူကျင့်ရှင်းထန်(ဇိုမီး) နဲ့ စိုင်းစောအောင် (SNLD) တို့ပါဝင်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေဖက်က “ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ သမ္မတဆီကို တင်ပြ တောင်းဆိုပေးဖို့အကြောင်း၊ သမ္မတသစ်ရှိလာပြီဆိုပေမယ့်နိုင်ငံရေးပြုပြင်ပြောင်း လဲရေးမတွေ့ရ သေးတဲ့အကြောင်း၊ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေမရပ်သေး တဲ့အပြင် လူ့အခွင့် အရေးချိုးဖောက်မှုတွေလဲ လျော့ပါး သွားတာ မတွေ့ရသေးကြောင်း၊ ဒါ့အပြင် ဘိန်းစိုက်ပျိုးမှု မူးယစ်ဆေးဝါး ဖောက် ကားရောင်းဝယ်မှုတွေ တိုးများလာတာကို တွေ့ရကြောင်း” စတာတွေကို တင်ပြတောင်းဆိုခဲ့တယ်လို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါတယ်။

“ဒီပြဿနာတွေကို နိုင်ငံတွေဖွဲ့စည်းပုံဥပဒေနဲ့ ဖြေရှင်းလို့မရဘူး၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ဖြေရှင်းပြီး တော့လဲ မရဘူး။ စစ်ရေးနည်းနဲ့ဖြေရှင်းလို့မရဘူး။ နိုင်ငံရေးစကားဝိုင်းနဲ့သာဖြေရှင်းလို့ရမယ်ဆိုတာ ကျနော်တို့တင်ပြ ခွင့်ရခဲ့တယ်” လို့လဲ စိုင်းလိတ်ကပြောပါတယ်။

အဆိုပါဆွေးနွေးမှုအပြီး အင်းယားလမ်းရှိ ဗိဿနိုး အနုပညာပြခန်းမှာလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုင်းရင်းသား နိုင်ငံရေး၊ လူမှုရေး အစုအဖွဲ့ ခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွား ခဲ့တယ်လို့ UNA အဖွဲ့ဝင်တဦးက ပြောပါတယ်။  အဲဒီမှာလဲ UNA နဲ့ UNLD နှစ်ဖွဲ့ပေါင်းပြီးဟယ်လာရီ ကလင်တန် ကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးခဲ့တယ်လို့လဲ သိရပါတယ်။

ဒီခရီးစဉ်ဟာ နှစ် ၅၀ ကျော် ကာလအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးမြန်မာနိုင်ငံကိုလာ ရောက် တာလည်း ဖြစ်ပါတယ်။

မစ္စစ် ကလင်တန်ဟာ အောက်တိုဘာလ ၃၀ ရက်ညနေပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁ရက်နေ့မှာ တော့ သမ္မတ နဲ့တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်မှာ   ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာအတူစားပြီးရွှေတိဂုံ စေတီတော် ကိုလည်းသွားရောက်ခဲ့ပါတယ်။ ၂ ရက်နေ့မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တိုင်းရင်းသား ခေါင်တွေကို တွေ့ဆုံပြီး ညနေပိုင်းမှာတော့ ရန်ကုန်ကနေ ပြန်လည်ထွက်ခွါခဲ့ပါတယ်။

SNLD တင်ပြချက်  PDF  ဖိုင်

UNA နဲ့ UNLD တို့တင်ပြချက် PDF  ဖိုင်

Most read this week