ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ

ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ
by -
ဇော်ကြီး

မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ခဲ့သည့်တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံနှင့်အတူ  အင်္ဂလိပ် အစိုးရ၏ ကြိုးမိန့်ပေး ခံခဲ့ရ သည့် တော်လှန်ရေး သမားများအား အမှတ်ရစေရန်  နှစ်(၈၀)ပြည့် အခမ်း အနား တရပ်ကို ယနေ့နံနက်က ကျင်းပခဲ့သည်။

sayar-sanပဲခူးတိုင်း သာယာဝတီမြို့ ကံကြီးပိုင်းရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်တွင် မြို့ပေါ် လူငယ် အဖွဲ့အစည်းများ စုပေါင်း၍ ဆွမ်းကျွေးပွဲ အခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီ အချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  မြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။

“ကျနော်တို့ အဓိက ရည်ရွယ်တာက ဆရာစံတော်လှန်ရေးသည် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တခုပဲဗျ။ အဲဒီတော်လှန်ရေးမှာ အင်္ဂလိပ်နယ်ချဲ့က ဆရာစံနဲ့ တောင်သူလယ်သမား တော်လှန်ရေး သမားတွေကို သူတို့က သူခိုးဓမြသာသာပဲ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တာလေ။ အဲဒီတော့ နောက်က ဘယ်အစိုးရ တက်လာလာ တက်လာတဲ့ အစိုးရတွေက အဲဒီလို အမှတ်တရ ပွဲတွေ လုပ်မပေးခဲ့ဘူးဗျ။ ကျနော်တို့ တသက်ပေ့ါ။ ဒါ ကျနော်တို့က အရင်ဆုံးရရှိတဲ့ အခြေအနေ တခုပေါ်မှာ မူတည်ပြီးတော့ အခမ်းအနား ကျင်းပလိုက်တာဗျ။”

ထို့အပြင် တောင်သူ လယ်သမားများအား အကာအကွယ်ပေးနိုင်မည့် လယ်ယာမြေ ဥပဒေများ အထင်အရှား ပေါ်ထွန်းစေရန်နှင့် တောင်သူ လယ်သမားနေ့အား ပြင်ဆင် သတ်မှတ်ပေးရန် ဆန္ဒရှိကြောင်း အခမ်းအနားတွင် တင်ပြခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဆွမ်းကြွေးပွဲတွင် စာရေးဆရာမ သာယာဝတီ ဒေါ်စမ်းစမ်းနွဲ့ ရေးသားသည့် ကဗျာ တပုဒ်အား လူငယ်များ စုပေါင်းရွတ်ဆိုခဲ့ပြီး အမှတ်တရ ကျောက်စာတိုင်တခု စိုက်ထူခဲ့သည်ဟုလည်း ဆိုသည်။

အခမ်းအနားသို့ ရန်ကုန်မြို့မှ နိုင်ငံရေးခေါင်းဆောင်များ၊ နာရေးကူညီမှု အသင်းမှ ဦးကျော်သူ နှင့် သတင်းဌာန (၁၂) ခုမှ သတင်းသမားများ အပါအဝင် တက်ရောက်သူ လေးထောင်ခန့် ရှိကြောင်းနှင့် တစုံတရာ အနှောင့်အယှက် မရှိကြောင်း သိရသည်။

ဆရာစံအား အဖဦးကျေးနှင့် အမိ ဒေါ်ဖက်တို့မှ ၁၈၇၆ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ် သရက်ကန် အရှေ့ရွာတွင် မွေးဖွားခဲ့ပြီး မွေးချင်း ငါးယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

တောင်သူလယ်သမားများဖက်မှ ရပ်တည်၍ အင်္ဂလိပ်အစိုးရအား လူခွန်၊ မြေခွန် မပေးရေး၊ သီးစားခ မပေးရေး၊ ချစ်တီးကုလားများ၏ အကြွေး မဆပ်ရေး စသည်တို့ကို စည်းရုံးလှုံ့ဆော်ခဲ့ပြီး ဂဠုန်ဆရာစံဟု ထင်ရှားခဲ့သည်။

ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် အင်္ဂလိပ် အစိုးရအား လက်နက်ကိုင် တော်လှန်ပုန်ကန်မှုဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီး ၁၉၃၁ ခုနှစ် နို၀င်ဘာလ (၂၈) ရက်နေ့တွင် သေဒဏ် အပစ်ပေး ခံခဲ့ရသည်။

Most read this week