ရခိုင်မှ လျို့ဝှက် ယူဆောင်သွားသော ဆင်ဖြူ နေပြည်တော်သို့ ရောက်ရှိ

ရခိုင်မှ လျို့ဝှက် ယူဆောင်သွားသော ဆင်ဖြူ နေပြည်တော်သို့ ရောက်ရှိ
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ်မှ လျို့ဝှက် ယူဆောင်သွားသော ဆင်ဖြူမှာ နိုဝင်္ဘာလ ၂၀ ရက်နေ့ကနေပြည်တော် သို့ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါ ဆင်ဖြူမှာ ရခိုင်မှ ဆဌမမြောက် ဖမ်းဆီးရမိသော ဆင်ဖြစ်ပြီး ယခု တခေါက်တွင် ဆင််ဖြူ ကို လျို့ဝှက်စွာ ယူဆောင်သွားကြောင်း သိရသည်။
white-elephan-capture-in-Arakan-state-Burma
" ဆင်ဖြူရတိုင်း ဗမာပြည်သို့ ယူဆောင်သွားတော့ ဒီတခေါက်မှာ ရခိုင်ပြည်သူတွေ ဆန့်ကျင်ကန့်ကွက်မှာ ကို စိုးရိမ်ပုံရပါတယ်။ ဒါကြောင့် ဘူးသီးတောင် ဆိပ်ကမ်းကနေ ယူသွားတာ ဦးဇင်းတို့တောင် မသိလိုက်ဘူး။ အခုက ဒီမိုကရေစီ အစိုးရ ဖြစ်နေပြီဆိုတော့ ရခိုင်လူထုတွေ ကန့်ကွက်မှာ စိုးရိမ်ပုံရတယ်။ ဒါကြောင့် ဆင်ဖြူ ယူသွားတာ တစုံတရာ သတင်းထုတ်ထုတ်ပြန်မူ မလုပ်ဘဲ ယူဆောင်သွားပါတယ်။ အရင်ကတော့ ဖမ်းမိတာနဲ့ တိုင်းသိ ပြည်သိ ကျေညာပါတယ်" ဟု ဘူးသီးတောင်မှ ဦးဇင်း ၀ရသာမိက ပြောသည်။

ဆင်ဖြူတော် ဖမ်းဆီးရမိပြီးနောက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အဆိုပါ ဆင်ဖြူတော်အား ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထားရှိရန် တောင်းဆိုသွားမည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဒက္ကားမြို့ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းမှ ဆင်ဖြူ ဖမ်းဆီး ယူဆောင်သွားခြင်းနှှင့် ပတ်သက်ပြီး သူမ အမြင်ကို နိရဥ္စရာသို့ ယခုလို ပြောသည်။

" ရခိုင် အမျိုးသားတွေက ဆင်ဖြူတော်ကို အမြဲတမ်း တန်ဖိုးထားတယ်။ ဆင်ဆိုတာ ရခိုင်နမ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီလို ရခိုင် သားတွေ တန်ဖိုးထားတာကို ယူနေတာဟာ ရခိုင်သားတွေကိုသွယ်ဝိုက် တဲ့နည်းနဲ့ နမ်နှိပ်တာ တမျိုး ဖြစ်ပါ တယ်။ အဲဒါကြောင့် ခုလို ယူဆောင်တာကို ကျွန်မအနေနဲ့လုံးဝရှုပ် ချပါတယ်။ ဒီကိစ္စတွေကို ရခိုင်ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နား စွင့်ပြီးတော့ အားလုံး ကန့်ကွက်ကြဖို့လည်း ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။"

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသော ဆင်ဖြူတော် ရ စီးအနက် ရခိုင်ပြည်မှ ဖမ်းဆီးရမိသော ဆင်ဖြူတော်မှာ ၆ စီး ဖြစ်သည်။

ရခိုင်ပြည်မှ ပထမဆုံး ဖမ်းဆီးရမိသော ဆင်ဖြူတော်ကို ၂၀၀၀ ပြည့်နှစ် ဇန္နဝါရီလ ၂၀ ရက်နေ့တွင် ရသေ့တောင်မြို့နယ် အထက်နန်းရာမှ၎င်း၊ ဒုတိယ ဆင်ဖြူတော်ကို ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မောင်တောမြို့နယ် အတွင်းမှ၎င်း၊ တတိယ ဆင်ဖြူတော်ကို ၂၀၀၂ ခုနှစ် ဒီဇင်္ဘာလ အတွင်ကိုင်းကြီးရွာ မှ၎င်း၊ စတုတ္ထ ဆင်ဖြူတော်ကို ၂၀၁၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်းမှ၎င်း၊ ပဥ္စမမြောက် ဆင်ဖြူကို ၂၀၁၀ ခုနှစ် စက်တင်္ဘာလ ၂၃ ရက်နေ့တွင်၎င်း၊ ဆဌမမြောက်နောက်ဆုံးဖမ်းဆီး ရမိသော ဆင်ဖြူကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မောင်တောမြို့နယ် လောင်းဒုံ ဆင်သေပြင် ကျေးရွာတွင်၎င်း ဖမ်းဆီးရမိပြီး သတ္တမမြောက် ဆင်ဖြူတော်ကို ဧရာဝတီတိုင်းမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ဖမ်းဆီးရမိခဲ့သည်။

တိုင်းပြည်ကို အုပ်ချုပ်သူများက ဆင်ဖြူများ ဖမ်းမိရရှိခြင်းမှာ တိုင်းပြည် တိုးတက် သာယာ ၀ပြောရန် အတွက် အတိတ်နမိတ်များကောင်းများ ဖြစ်ကြောင်း တိုင်းပြည်သို့ ၀ါဒ ဖြန့် ပြောကြားလေ့ရှိသည်။

ယခုအခါ ဆင်ဖြူ ဖမ်းမိရရှိသည်မှာ မြန်မာ နို်င်ငံ၌ (၇) ကောင် ရှိခဲ့ပြီ ဖြစ်သော်လည်း တိုင်းပြည်မှာ ငြိမ်းချမ်းမူ မရှိသည့် အပြင် ဆင်းရဲ သထက် ဆင်းရဲလာသဖြင့် ဆင်ဖြူ ရရှိပါကတိုင်းပြည် တိုးတက်သာယာအေးချမ်း
လာသည် ဆိုသော စကား အပေါ် လူအများက ယုံကြည်မူ မရှိ ဖြစ်နေကြကြောင်း သိရသည်။

Most read this week