ဗုံးဆက်တိုက်ပေါက်ကွဲ သျှမ်းမြောက်နမ့်ခမ်း၌ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပရန်အခက်တွေ့

ဗုံးဆက်တိုက်ပေါက်ကွဲ သျှမ်းမြောက်နမ့်ခမ်း၌ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပရန်အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်းရှိ ကြူကုတ် (ပန်ဆိုင်း)နှင့် နမ့်ခမ်းမြို့များတွင် ယမန် နေ့ညပိုင်းက ဗုံးများပေါက် ကွဲမှုကြောင့်  ရဲအရာရှိတစ်ဦး သေဆုံးပြီး တခြားလူ ၆ ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

“ ဗုံးဆက်တိုက်ပေါက်ကွဲနေလို့ ညနေပိုင်း အပြင်ထွက်တဲ့လူ မရှိဘူး။ ည ၉ နာရီ နောက်ပိုင်းဆိုရင် ပိုတောင် ဆိုးသေးတယ်။ ဆိတ်ငြိမ်နေတာ မြို့ပျက်ကြီးကျနေတာဘဲ။ အပြင်ထွက်လို့ စစ်၊ ရဲအာဏာပိုင်တွေနဲ့ တိုးမိရင် ဖမ်းဆီးစစ်ဆေးတယ်။ ဗမာ စကားကောင်းကောင်းမပြောတတ်ရင် ရိုက်နှက်စစ်ဆေးတယ်၊ အချုပ်ခန်းပို့တယ်။ မိုးလင်းမှ အာမခံနဲ့ ပြန်လွှတ်ပေး တယ်” ဟု နမ့်ခမ်းဒေသခံ တဦးကပြောသည်။

ညဦးပိုင်း ၉ နာရီမှစ၍ အိမ်ပြင်မထွက်ရ။ တစုံတရာ ပေါ်ပေါက်ခဲ့ပါက ရပ်ကွက်အာဏာပိုင်များအနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်း အသံချဲ့စက်ဖြင့် ရပ်ကွက်တိုင်းကြေငြာခဲ့ကြောင်း၊ နိုဝင်ဘာ ၂၅ (နှစ်သစ် အကြိုည)၊ နိုဝင်ဘာ ၂၆ ရက် သျှမ်းရိုးရာနှစ်သစ်ကူးပွဲကျင်းပမည်ဆိုပါ ပွဲကျင်းပရေးကော်မတီကသာ တာဝန် ယူရမည်ဖြစ်ကြောင်း  အာဏာပိုင်များနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦး ကပြောသည်။

“နှစ်တိုင်းလုပ်နေကျ သျှမ်းနှစ်ကူးအတွက် သျှမ်းစာပေယဉ်ကျေးမှုကော်မတီက အစည်းအဝေး ထပ်ခေါ် မယ်လို့ ကြားရ တယ်။ တုတ်ဆူး(အလှူခံ) လဲ နေ့ပိုင်းမှာဘဲလုပ်မယ်။ ပွဲလဲနေ့ပိုင်းမှာဘဲလုပ်ဖို့စီစဉ် ထားကြတယ် ပြောတယ်။ ကာဖျူးမိန့် တရားဝင်မထုတ်ထားပေမယ့် အပြင်ထွက်ရင်လဲတကယ်ဖမ်းလားဆီး လားလုပ်နေ တော့ ညပိုင်းမှာ သျှမ်းနှစ်သစ်ကူး ပွဲလုပ်ဖို့ မလွယ်ဘူး။  အာဏာပိုင်တွေ လုံခြုံရေးအတွက် အာမမခံဘူးလေ” ဟု သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ ဝင်တဦးကလည်း  ပြောသည်။

ထိုသို့ ညပိုင်း အပြင်မထွက်ရဲကြသဖြင့် ညပိုင်းဖွင့် ဆိုင်ရှင်များအတွက် အခက်အခဲဖြစ်နေကြောင်းလဲ ကုန်စုံဆိုင် ပိုင်ရှင် အမျိုးသမီးတဦးကပြောသည်။

၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် နမ့်ခမ်းမြို့ ရဲစခန်းရှေ့၌  ဗုံးတစ်လုံး  ပေါက်ကွဲခဲ့ရာ ဒုရဲအုပ် ဇော်ထူးအောင် ပွဲချင်းပြီး သေဆုံးသွားပြီး ရဲသား ၄ ဦး ဒဏ်ရာရရှိခဲ့သည်နှင့် ပတ်သက်၍လည်း ဈေးအနီးနေဒေသခံတ ဦးက- “ ဒီသတင်း ဗမာ အာဏာပိုင်တွေဖက်က ထုတ်ပြန်တာတော့မရှိဘူး။ အဲဒီသေဆုံးတဲ့ ဒု ရဲအုပ်က ကချင်အမျိုး သားဆိုတော့ ဗုံးချတာ မြန်မာအာဏာပိုင်ဘက်ကဘဲ ဖြစ်နိုင်တယ်လို့ ဒီကကချင်အမျိုးသား တွေက ပြော နေကြတယ်။ ဒါပေမယ့် ရဲတွေ၊ စစ်တပ်တွေ ရဲ့အသိုင်းအဝိုင်းကတော့ ဒါကချင်လက်ချက်ဖြစ် တယ်လို့ ပြောနေကြတယ်” ဟု ရဲစခန်းနှင့် ရင်းနီးဝင်ထွက် သူတဦး ကပြောသည်။

၁၀ ရက်နေ့ ည ၈ နာရီခန့်ကလည်း ကြူကုတ်မြို့ မန့်မိုင်ရပ်ကွက် ကားဝပ်ရှော့ခ်ရုံတစ်ခုအတွင်း ဗုံးတစ်လုံး ပေါက် ကွဲခဲ့ရာဝပ်ရှော့ခ်ပိုင်ရှင် အမျိုးသမီးနှင့် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အလားတူ ရ  ရက် ညပိုင်း နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီးရှိနမ့်မချောင်းကူးတံတား၌လည်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့သေးသည်။