ချင်းမိုင်(မဇ္စျိမ) ။ ။ “ခေတ်သစ်လယ်ယာမြေ နှင့် အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမ အသင်း လီမီတက်”နှင့် မန္တလေးတိုင်းပြင်ဦးလွင်မြို့ နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ မှ တောင်သူများ အပြန်အလှန် တရားစွဲဆိုမှုဖြစ်ပွား လျက် ရှိသည်။
ဦးတွတ်နီ၊ ဦးသန်း၊ ဦးနေလင်းအောင်၊ ဦးကံညွန့်၊ ဦးသိန်းဖေ၊ ဦးနေဝင်း၊ ဦးအေးကို၊ ဦးဝင်းစိုးနိုင်နှင့် ဦးညိုဝင်းတို့ကို ပိုင်နက် ကျူးကျော်မှုနှင့် မီးရှို့ဖျက်ဆီးမှုတို့ဖြင့် သမဝါယမက စွဲဆိုထားသော အမှုကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် အင်္ဂါနေ့က တတိယအကြိမ် ကြားနာမှုပြုခဲ့သည်။ တနေ့တည်းမှာပင်တရားခံ ကိုးဦး အပါအဝင် ညောင်ကုန်းရွာသားတောင်သူ ၃၁ ဦးက သမဝါယမ အသင်းထံမှနစ်နာကြေး ရလိုမှုဖြင့် တရားရုံးတော်သို့ ဦးတိုက် လျှောက်ထားလိုက် သည်။
ကိုးဦးကို စွဲဆိုထားသော အမှုအတွက် ခရိုင်တရားသူကြီး ဦးမြဌေးကျော်ထိုင် တရားခွင်တွင် နှစ်နာရီခန့် ကြားနာရာ တရားလိုဖြစ်သော သမဝါယမအသင်း မန်နေဂျာ ဦးဘုန်းကျော်က ထွက်ဆိုသွားခဲ့သည်။ တရားခံများအတွက် အာမခံလျှောက်ထားချက်ကိုမူ တရားသူကြီးက ပယ်ချခဲ့သည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက ကော်ဖီ စိုက်ပျိုးရန် အတွက် ညောင်ကုန်းရွာသား ၁၃၇ ဦး၏ မြေဧက ၅၁၀ ဧကကို သိမ်းယူခဲ့သည်။
စက်တင်ဘာလ ၄ ရက်နေ့က သမဝါယမ၏ စိုက်ခင်းကို ခုတ်ထွင်ရှင်းလင်းပြီး ၁၀ ပေပတ်လည်သက်ကယ် အမိုး၊ ဝါးထရံကာ တဲအိမ် တလုံး မီးရှို့သည်ဟု တောင်သူ ကိုးဦးကို ပိတ်ချင်းမြောင် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ပြစ်မှုဥပဒေ ဆိုင်ရာ ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇၊ အကျိုးဖျက်ဆီးမှု ၄၂၇ နှင့် မီးရှို့ဖျက်ဆီးမှု ပုဒ်မ ၄၃၆ စသည့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားသည်။
တောင်သူ ၃၁ ဦးတို့က မြေယာပြန်လည် ရရှိရေးနှင့် လေးနှစ်စာ စိုက်ပျိုးခွင့် မရခဲ့သဖြင့် နစ်နာဆုံးရှုံးမှုများ အတွက် ယင်းသမဝါယမအသင်း လီမိတက်ကို ပြန်လည် တရားစွဲဆိုရာ တရားသူကြီး ဒေါ်ချစ်ချစ်က လက်ခံစိစစ်လျက် ရှိသည်။
တောင်သူများ တင်ပြထားသော နစ်နာဆုံးရှုံးမှု ကျပ်ငွေ ၁,၇၄၇ သိန်းနှင့် နှစ်သောင်း (၁၇၄,၇၂၀,၀၀၀ ကျပ်) ရှိသည်ဟု တောင်သူများဘက်မှ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
သမဝါယမ အသင်းဘက်မှ ဥပဒေ အရာရှိများ ဖြစ်သော ဒုခရိုင် ရှေ့နေ ဦးမောင်မောင်လေးနှင့် ခရိုင်ရှေ့နေ ဦးပေါ်ဦးတို့မှ လိုက်ပါဆောင်ရွက် ပေးနေသည်ဟု သိရသည်။
အာဏာပိုင်များက နိုင်ငံတော် ကုန်စည် စီမံကိန်းဟူ၍ ယာမြေများ သိမ်းယူခဲ့သော်လည်း သီးစားအခွန်ကို ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ တနှစ်လျှင် ကျပ်ငွေ ၁၅,၀၀၀ ကို ကျေးရွာ ဥက္ကဋ္ဌထံ ပေးသွင်းနေရသဖြင့် စိုက်ခင်းကို ခုတ်ထွင် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းဆီးခံထားရသူ ဦးနေလင်းအောင်၏ သားကိုနေထွန်းဦး က ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုးဦးအနက်မှ အသက် ၆၆နှစ်ရှိ ဦးသန်းသည် ယနေ့ တရားခွင်သို့ရောက်ရှိလာသော် လည်းသွေးတိုးဝေဒနာ ခံစားနေရပြီး တခြား အသက် ရ၀ နှစ်ကျော်အရွယ်ရှိ ဦးတွပ်နီသည်လည်းသွေးတိုး ရောဂါ ခံစားနေရသဖြင့် ကျန်းမာရေး အခြေအနေ စိုးရိမ်နေရသည်ဟု ဦးသန်း၏ သားဖြစ်သူ ကိုမြင့်မော်က ပြောသည်။
“ကျနော်တို့က သီးစားမြေယာကို အကုန်လုံးမရရင်တောင် နည်းနည်းပါးပါး ပြန်ရချင်တယ်။ နောက်ဖမ်းထား သူတွေ ကိုလည်း ကျနော်တို့ သားသမီးတွေအနေနဲ့ ပြန်လွှတ်စေချင်တယ်။ ကျနော်တို့ကယာမြေမရှိ တော့ အငှားလုပ်စား ရတယ်”ဟု သူက မဇ္စျိမကို ပြောသည်။