ချင်းမိုင် (မဇ္စျိမ) ။ ။ မကွေးတိုင်းအနောက်ခြမ်း ပခုက္ကူခရိုင်တွင်း ရေကြီးမှုကြောင့် လာမည့်နှစ်တွင် နွေကြက်သွန် အထွက်နှုန်း ထိခိုက်နိုင်ကြောင်း ပခုက္ကူခရိုင် ကြက်သွန် ကုန်သည်များကပြောလိုက် ပြီး အစိုးရမှ ထောက်ပံ့မှုပေးခြင်းဖြင့်ကာကွယ်နိုင် သည်ဟု ဆိုသည်။
“ထောက်ပံ့မှုတွေ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကြက်သွန်အထွက်က တအားလျော့သွားနိုင်တယ်။ ဆိပ်ဖြူမြို့နယ်တို့ ပခုက္ကူမြို့နယ်တို့က တောင်သူတွေမှာ နွားလည်း မကျန်ဘူး။ ဆိတ်လည်း မကျန်ဘူး။ ဘာဆိုဘာမှ မကျန်ဘူး။ တချို့ ဟာ ရေမြုပ်ပြီး၊ တချို့ဟာ မျောပါသွားကြတာဗျ။” ဟု ကုန်သည် ဦးအေးက မဇ္စျိမကို ပြောသည်။
ရေနစ်မြုပ်ခဲ့သည့် မကွေးတိုင်း ပေါက်နှင့် ဆိပ်ဖြူမြို့နယ်ရှိ ယောချောင်း တလျှောက် ချောင်းဘေးဝဲယာ ကျေးရွာ များတွင် ဒီဇင်ဘာနှင့် ဇန်နဝါရီလတို့တွင် စစိုက်ပြီး မတ်လတွင်ပေါ်မည့် နွေကြက်သွန်သည် ပြည်ပတင်ပို့နိုင်သည့် ပမာဏဖြစ်သော ပိဿာချိန် သိန်းရာနှင့်ချီ ထွက်သည်ဟု ဆိုသည်။
အောက်တိုဘာ ၂ဝ ရက်နေ့ ရေကြီးမှုဖြစ်စဉ်က ဒေသအခေါ် “ဥစိုက်” ဆောင်း ကြက်သွန်ပင်များနှင့် ကြက်သွန်ဟောင်းများ ပျက်စီးသွားသည်ဟု ဆိုသည်။
ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာများတွင် ကြက်သွန်ဟောင်း လက်ကျန် ၂၀ ရာခိုင် နှုန်းခန့်သာ ကျန်ရှိနိုင် သော်လည်း ဆိပ်ဖြူမြို့နှင့် ပခုက္ကူမြို့ပေါ်တွင် လှောင်ထားသည့် ကြက်သွန်များ မပျက်စီးဘဲ ကျန်သဖြင့် ရန်ကုန်သို့ ပုံမှန် သွင်းနေနိုင်မည်ဟု ခန့်မှန်းသည်။
အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်နေ့က မိုးသည်းသဖြင့် ယောချောင်း၊ ကျောချောင်း၊ ယမားချောင်း၊ မြိုင်ချောင်း၊ရွှေချောင်းတို့မှ တောင်ကျရေဆင်းပြီး မကွေးတိုင်း ပခုက္ကူ၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့ နယ်တို့တွင် လူ ၁၀၆ ဦးသေဆုံးပြီး သီးနှံစိုက်ခင်း ဧက ၃,၀၀၀ ကျော် ပျက်စီး သည်ဟု တရားဝင်ထုတ် ပြန်ထားသည်။
ချင်းတောင်တန်းနှင့် ပုံတောင်၊ ပုံညာ တောင်တန်းများမှ မြစ်ဖျားခံ၍ အနောက်မှ အရှေ့သို့ စီးဆင်းလာ သည့်ယောချောင်းသည် မကွေးတိုင်းအတွင်း ဆိပ်ဖြူမြို့အနီး၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။
ယောချောင်းနှင့် ကျောချောင်း ရေလျှံသဖြင့် ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ရေမြုပ်သည့်ရွာ ၄၂ ရွာ တွင် သေဆုံးသူ ၂၁ ဦးရှိပြီး အိမ်ထောင်စု ရ,၀၀၀ ကျော်ရှိရာမှ တဝက်ခန့် ရေမြုပ်သွားခဲ့သည်။
ပေါက်မြို့နယ်မှ လယ်ယာ ၈၀ ရာခိုင်နှုန်းပျက်စီးပြီး၊ ချောင်းစပ်များရှိ ပဲစင်းငုံ၊ ပြောင်း၊ နှမ်း၊ ဝါ၊ဆောင်း ကြက်သွန် စိုက်ပျိုးထားသည့် မြေများမှာ ရေလွှမ်းပြီးနောက် သံခုံများ၊ နွံများအဖြစ် ပျက်စီးကျန်ခဲ့သည် ဟုဆိုသည်။
ရွှေချောင်းချောင်းသည် ရေမစီးသည်မှာ ၁ဝ နှစ်ခန့်ရှိပြီ ဖြစ်သဖြင့် ချောင်းထဲတွင် ကျူးကျော်အိမ်များ ဆောက်၍နေထိုင်သူများ ရုတ်တရက် ရေဆင်းလာသဖြင့် မျောပါသေဆုံးရ သည်ဟု ပခုက္ကူမြို့ခံတဦးက ပြောသည်။