မုန်တိုင်းကြောင့် ရေကြီး သေဆုံး ပျက်စီးမူ သတင်း ရခိုင် ပြည်နယ် အစိုးရ မသိရှိသေး

မုန်တိုင်းကြောင့် ရေကြီး သေဆုံး ပျက်စီးမူ သတင်း ရခိုင် ပြည်နယ် အစိုးရ မသိရှိသေး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်များ အတွင်း များမကြာမှီက မုန်တိုင်းကြောင့် ရေကြီးပြီး စပါးစိုက်ခင်းများ ပျက်စီးကာ လူအသေအပျောက် ရှိခဲ့သည်ဆိုသော သတင်းကို ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် ယခု အချိန်ထိ တစ်စုံတရာ မသိရှိသေးကြောင်း ၀န်ကြီး တစ်ဦးမှ ပြောသည်။

laymyo-riverလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြုရေး ၀န်ကြီး ဦးကျော်သိန်းအား လေးမြို့မြစ်အတွင်း စပါး စိုက်ခင်းများ အကြီးအကျယ် ပျက်စီးသွားပြီး လူအသေ အပျောက်များ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ ၀န်ကြီးက ယခုလို ပြောသည်။

" ကျွန်တော်တို့ သတင်းမရသေးဘူး။ အခုလို ဖြစ်နေတယ်ဆိုတာကိုလည်း ဘာမှ မကြားရသေးဘူူး။ မနေ့ ညနေပိုင်းကလည်း ပြည်နယ် ၀န်ကြီးချုပ်နဲ့တွေ့ခဲ့တယ်။ ဘာမှ ဒီကိစ္စကို မပြောပါလား" ဟု ပြောသည်။

ရခိုင်ပြည်နယ် လေးမြို့မြစ်ဝန်းတွင် အောက်တိုဘာလ ၁၉ ရက်နေ့ ဖြတ်သန်း ၀င်ရောက် တိုက်ခတ် သွားခဲ့သော မုန်တိုင်းနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ လျှံတက်ခဲ့သောကြောင့် မှည့်စပြုနေပြီ ဖြစ်သော စပါးစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်မှ တောင်ယာ လုပ်ကိုင်သူ တစ်ချို့နှင့် သစ်ဝါးခုတ်သူ တချို့လည်း ရုတ်တရက် တောင်ကျရေ ချောင်းရေ ပေါက်ကျလာသဖြင့် ရေစီးနှင့် အတူ မျောပါသေဆုံး သွားခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် လူမူဝန်ထမ်းကယ်ဆည်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနအားလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ရုံးမှ ၀န်ထမ်း တစ်ဦးက ယခုလိုပြောကြား သည်။

" ဒီနေ့က ရုံးပိတ်ပါတယ်။ ရုံးမှာ တာဝန်ရှိတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒါကြောင့် တိတိကျကျ ဘာမှ မပြောနိုင်ပါ" ဟု ပြောသည်။

အဆိုပါ ရေကြီးမူကြောင့့် အသေအပျောက်များ ရှိနေကြောင်း လူမူရေး လုပ်နေသူ ဦးဇင်း တပါးက ယခုလို ပြောသည်။

" မြောက်ဦးမြို့နယ် လောင်းကြက် တောင်မော် ကျေးရွာက မိသားစု ၃ ဦးအလောင်းကို လေးမြို့မြစ်က ဆယ်ယူရရှိပြီး မြောက်ဦး ဆေးရုံကို ပို့ဆောင်ကာ နောက်ပိုင်းမှာ ဆရာဝန်ကြီး လက်မှတ်နဲ့မင်းသားကျွန်း ဆည် သချိင်္ုင်းမှာ သဂြိုလ်လိုက်ပါတယ်။ သူတို့က မိသားစု ၄ ဦး ဖြစ်ပါတယ်။ ယောကျင်္ားလေး အလောင်း (၂) လောင်းနှင့် မိန်းခလေး တစ်လောင်းဘဲ ရသေးတယ်။ ကျန်တစ်လောင်းက ပျောက်နေတယ်။ ဒီလ ၂၄ ရက် နေ့က သုံးလောင်းကို သဂြိုလ်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း အလောင်းတွေ အများကြီးမျောနေ တယ်လို့ သတင်း ရပါတယ် " ဟု ဦးဇင်းက ပြောသည်။

အဆိုပါ မိသားစု အဖွဲ့ဝင် (၄) ဦးမှာ လှေတစီးနှင့် အတူ လေးမြို့မြစ်အတိုင်း သစ်ဝါးခုတ်ရန် မြစ်အညာသို့ ဆန်တက်စဉ် မြစ်ရေ ပေါက်ကျလာပြီး ရေစီးနှင့် အတူ မျောပါ သေဆုံးသွားခဲ့သည်။

ပန်းမြောင်းဒေသခံ တစ်ဦးကလည်း မြစ်ထဲတွင် မျောပါသွားသူများ၏ ကယ်ဆယ်ရန် အော်ဟစ် အကူအညီ တောင်းသံကို သူကြားခဲ့ရသည်ဟု သူက ပြောသည်။

" အဲဒီနေ့ညမှာ မြစ်ထဲက လူတွေ အော်ဟစ် အကူအညီတောင်းသံတွေကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ ဒါပေမယ့် လေက အရမ်းတိုက်ပြီး ရေစီး ပြင်းထန်နေတဲ့ အတွက် ဘယ်သူမှ သွားရောက် မကယ်ဆယ် နိုင်ခဲ့ပါ " ဟု ပြောသည်။

နောက်ဆုံး ရရှိသော သတင်းများအရ မြောက်ဦးမြို့နယ် လေးမြို့ချောင်း ခြိက်ချောင်းကျေးရွာ အနီးရှိ မဂိုတောင်ကြီး ပြိုကျသွားသဖြင့် အဆိုပါ တောင်အောက်တွင် တဲများဖြင့် နေထိုင်သူ လူအနည်းဆုံး ၅၀ ထက်မနည်း မြေပိ သေဆုံးသွားကြောင်း သတင်း ရရှိသည်။ သို့သော်လည်း အဆိုပါ သတင်းကို အတည်ပြု နိုင်ခြင်း မရှိသေးပါ။

မြောက်ဦး မြို့ခံ တစ်ဦးအား အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ သူက ယခုလိုပြောကြား သည်။

" လူတွေ အများအပြား သေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ လေးမြို့မြစ်မှာလည်း အလောင်းတွေ မျောနေတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် မြင်တာတော့ မဟုတ်ပါဘူး။ ရေက ရုတ်တရက် တက်လာတာ ဖြစ်တဲ့ အတွက် လူတွေ သေကောင်း သေနိုင်ပါတယ်။ မြောက်ဦးမှာတောင် ရေက ရုတ်တရက် တက်လာတဲ့ အတွက် တိုင်မှာ ချည်ထားတဲ့ ကျွဲ ၄ ကောင်သေသွား ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ လူအသေအပျောက်များ ရှိနေပြီး စပါးစိုက်ခင်းများ ပျက်စီးသွားခဲ့သော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ တစုံတရာ အကူအညီပေးခြင်း၊ ဆက်သွယ်ခြင်း၊ လာရောက် စစ်ဆေးခြင်းများ ယခုအချိန်ထိ မရှိသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week