ဇာဂနာ ထောင်ဝင်စာ လိုက်ပို့

ဇာဂနာ ထောင်ဝင်စာ လိုက်ပို့
by -
သဲသဲ

နယူးဒေလီ(မဇ္စျိမ) ။        ။ ပဲခူးတိုင်းအတွင်းရှိ ပြည်၊ ပေါင်းတည်၊ သာယာဝတီ အကျဉ်းထောင် များရှိ နိုင်ငံရေး အကျဉ်းသားများထံ တနင်္လာနေ့က ထောင်ဝင်စာများ ကိုယ်တိုင် လိုက်လံ ပေးပို့ခဲ့ရာ သက်ဆိုင်ရာ ထောင်အာဏာ ပိုင်များက လှိုက်လှဲစွာ ကူညီခဲ့ကြောင်း လူရွှင်တော် ဇာဂနာက ပြောသည်။

သာယာဝတီထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၃၄ ဦး၊ ပေါင်းတည်ထောင်မှ တဦး၊ ပြည်ထောင်မှ လေးဦးတို့ အတွက် အနုပညာရှင်များမှ လှူဒါန်းသည့် အစားအစာ၊ ဆေးဝါး၊ ဂျာနယ် မဂ္ဂဇင်းများနှင့် ငွေသားတို့ကို ထောင်ဝင်စာ ပို့ပေးခဲ့သည်။

“အင်မတန် ဝမ်းသာစရာ ကောင်းတာတခုက ထောင်ဘက်က လူတွေက ဝမ်းပန်းတသာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုတယ်။ ကျနော်တို့ ပေးတဲ့ ပစ္စည်းတွေ အားလုံးကိုလည်း လက်ခံပြီးပို့တယ်၊ ရကြောင်းလည်း ကျနော်တို့ကို လက်မှတ်တွေပြန်ပြပါတယ်။ အခုလို ကူညီတာတွေ့ရတာ အားလုံးကိုယ်စား အလွန်ပဲ ကျေးဇူးတင်မိပါတယ်” ဟု ဇာဂနာက ပြော သည်။

Zaganar1
ဇာဂနာသည် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ထောင်မှ လွတ်မြောက်လာပြီးနောက် ထောင်ဝင်စာများ ကိုယ်တိုင် လိုက်လံပေးပို့ခဲ့သည့် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ဇာဂနာနှင့်အတူ ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီတို့လည်း လိုက်ပါခဲ့သည်။

တောင်ငူ၊ မုံရွာ၊ လွိုင်ကော်၊ ကျောက်ဖြူ ထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ အတွက် ထောင်ဝင်စာ ပစ္စည်းများ ကို လူကြံုနှင့် ပေးပို့ခဲ့သေးသည်။

အနုပညာရှင်များဖြစ်သော ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ကျားပေါက် (ဟန်ထူးလွင်)၊ ထွန်းအိန္ဒြာဗိုလ်၊ မေတ္တာ၊ ကင်းကောင်၊ အရိုင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီး တို့မှ ထောင်ဝင်စာ ပစ္စည်းများ ထည့်ဝင် လှူဒါန်းခဲ့ သည်ဟု ဆိုသည်။

နယ်ခရီးသို့  ၈၈ မျိုးဆက် ကျောင်းသား ကိုမျိုးရန်နောင်သိန်းနှင့် အတူသွားရောက်ခဲ့ပြီး လူမှုရေးလုပ်ငန်း များတွင် ပါဝင်လှုပ်ရှားသည့် ဒေသခံ လူငယ်ကွန်ယက် အဖွဲ့ဝင်များ၊ ဒေသခံ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ထောင်သုံးခု ဆက်တိုက် သွားရောက်ခဲ့ပြီးနောက် ခရီးဆုံး ပြည်မြို့၌ “နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး” အတွက် ဧရာဝတီမြစ်အတွင်း တနင်္လာညက မီးမျှောပွဲ ပြုလုပ်ခဲ့သေးသည်။

Most read this week