မြဝတီ ဗုံးပေါက်ကွဲမှု သံဃာတော်တစ်ပါး ဒဏ်ရာရ

မြဝတီ ဗုံးပေါက်ကွဲမှု သံဃာတော်တစ်ပါး ဒဏ်ရာရ
by -
နန်းသူးလေ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်-၄ ရပ်ကွက် အတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ရုံးရှေ့တွင် ယနေ့မနက် ၈နာရီ ကျော (မြန်မာစံ တော်ချိန်)၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သံဃာတော် တပါး ဒဏ်ရာရရှိခဲ့သည် ဟု မြဝတီမြို့ခံများက ပြောသည်။

အမည်မဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက “ဆွမ်းခံရင်းကနေ ပြန်လာတဲ့ ဘုန်းကြီးတပါးက အဲ့ဒီ့ရုံးရှေ့မှာရှိတဲ့ ဆိုင်ကယ် တက္က ဆီဂိတ်မှာ မောလို့နားနေတုန်း ဗုံးက ပေါက်သွားတာ။ အခု ဘုန်းကြီးကို မြဝတီဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာက ပြင်းပြင်း ထန်ထန်တော့ မဟုတ်ဘူး။”ဟု ပြောသည်။

အဆိုပါ ပေါက်ကွဲသည့် ဗုံးမှာ မည်သည့် ဗုံးအမျိုးအစားဖြစ်ကြောင်း အတည်ပြု ပြောဆိုနိုင်ခြင်းမရှိသေး ကြောင်းလည်း မြို့ခံ များက ပြောဆိုနေကြသည်။

၎င်းဗုံးပေါက်ကွဲမှုသည် ဗိုလ်မှူးစောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA) ၏ လက်ချက်ဖြစ်သည်ဟု မြဝတီမြို့ရှိ အစိုးရဝန်ထမ်းအချို့က ဝေဖန်နေကြသော်လည်း မဟုတ်မှန်ကြောင်းကို DKBA ဘက်မှ ငြင်းဆိုထားသည်။

DKBA ကလို့ထူးဘော စစ်ဗျူဟာမှ ဗိုလ်မှူးဆန်းအောင်က ၎င်းတို့အနေဖြင့် ပြည်သူလူထု ထိခိုက်သည့် လုပ်ဆောင်ချက်များ ကို လုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိသည့်အပြင် ထိုသို့ စွပ်စွဲမှုမှာ မဟုတ်မှန်ကြောင်း ကေအိုင်စီသို့ ယခုလို ပြောသည်။

“သူတို့က ကျနော်တို့လက်ချက်လို့ပြောတာ ဘာသက်သေအထောက်အထားတွေနဲ့ ပြောတာလဲတော့ မသိဘူး။ ကျနော်တို့က လုပ်မယ်ဆိုရင် ရန်သူ(အစိုးရစစ်တပ်)ရှိတဲ့ နေရာမှာပဲ လုပ်မှာပဲ။”ဟု ပြောသည်။

ယင်းဗုံးပေါက်ကွဲမှု သတင်းအချက်အလက်များ သိရှိရန် မြဝတီရဲစခန်းရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေ ကြားမည့်သူ မရှိပေ။