တရုတ် - မြန်မာ ငွေလဲလှယ်နေသော တရုတ် နိုင်ငံသား အမျိုးသားတစ်ဦးကမူစယ်မြို့ငွေစင် ယော် ဆိုင်ကယ် အပိုပစ္စည်း ဆိုင်ရှင်ဦးဝင်းအောင် ထံမှ ကျပ်သိန်း ၂၅၀၀ လိမ်လည်ခဲ့သည့် ဖြစ်ရပ် အောက် တိုဘာလ ၂၁ ရက်နေ့က မူစယ်မြို့၌ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ဖြစ်စဉ်မှာ ဦးဝင်းအောင်က ငွေကျပ်သိန်း ၂၅၀၀ ကို တရုတ်ငွေနှင့် လဲလှယ်စဉ် ငွေလဲသူ တရုတ်အမျိုးသားက လိမ်လည် ထွက်ပြေးသွားသည်ဟု ဆိုသည်။
မူစယ်ဘက်ခြမ်း ရွှေနန်းတော်ဂိတ်ဘေး တိုက်ခန်းတစ်ခု၌ ငွေလဲစဉ်အဆိုပါတရုတ်အမျိုးသားကတိုက်ခန်း အပေါ် ထပ်သို့ တက်သွားရာမှ ပြန်ပေါ်မလာတော့ပဲ ငွေများအား ယူဆောင်ထွက်ပြေးခြင်း ဖြစ်ကြောင်း မူစယ်မြို့ခံ တစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ပထမရက်တွေ သိန်း ၁၀၀ ၊ ၅၀၀ လဲတာ မှန်မှန်ကန်ကန်လဲပေးတယ်။ အခုငွေပမာဏများလာတော့အောက် ထပ်မှာ စောင့်ခိုင်း ထားပြီး တရုတ်အမျိုးသားက ငွေသွားယူမယ်ဆိုပြီး အပေါ်ထပ်တက်သွားတာပြန်ပေါ်မလာ တော့ဘူး” ဟု သူက ဆိုသည်။
အဆိုပါအမှုတွင် ပူးပေါင်းကြံစည်သူ အနည်းဆုံး ၆ ယောက်ခန့် ပါဝင်ဖွယ်ရှိကြောင်း သူက ခန့်မှန်းပြောဆိုသည် ။
“ကျပ်သိန်း၂၅၀၀ ဆိုတော့ အနည်းဆုံး ဆာလာအိတ်နဲ့ ၆ အိတ် ရ အိတ်လောက်ရှိမယ် သူတစ်ယောက်တည်း ဘယ်လိုမှမ ဖြစ်နိုင်ဘူး အောက်ကနေ ၄ ၊ ၅ ယောက်လောက်က တစ်ခါတည်းစောင့်နေပြီး ကားပေါ်တင် သူလည်း ခုန်ချပြီးထွက်ပြေး သွားတာ ဖြစ်မယ် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးပဲဆိုတော့ အောက်ရောက်ရင် မခက်တော့ဘူး ” ဟု ဆိုသည်။
အဆိုပါသတင်းထွက်နေသော်လည်း မူစယ်ရဲစခန်း၌ တရားဝင် အမှုဖွင့်တိုင်ကြားထားခြင်း မရှိကြောင်း မူစယ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
“မနေ့ကအထိ တရားဝင်တိုင်ကြားထားတာမရှိဘူးလို့ ကြားတယ်၊ သူတို့ဟာ သူတို့ ဖြေရှင်းနေတာလည်း ဖြစ်နိုင်တယ် ” ဟု ဆိုသည်။