ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး

ကတိတည်ကြရန် တရုတ်က မြန်မာကို သတိပေး
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။       ။ တရုတ်-မြန်မာ ပူးတွဲ စီမံချက်များအား အကောင်အထည် ဖော်ရန် အတွက် နှစ်နိုင်ငံ ကတိကဝတ်များ တည်ကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောဆို လိုက်သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား ကြာသပတေးနေ့က လက်ခံတွေ့ဆုံပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ဖော်ပြ ပါရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်ဆိုင်းကြောင်း ရုတ်တရက် ကြေညာလိုက်သည့် နောက်ဆက်တွဲ အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။

“နှစ်နိုင်ငံခေါင်းဆောင်များ ကျေလည် သဘောတူထားသည့် စီမံချက်များ အကောင်အထည် ဖော်ရန် အတွက် ကတိတည်ကြရန်နှင့် ကျန်းမာစွာ ဖွံ့ဖြိုးနေတဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာစေရန် နှစ်နိုင်ငံလုံး အလေးထား လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ဝမ်ကျားပေါင်က ပြောသည်။

မကြာမီက ရပ်နားထားရသည့် မြစ်ဆုံ စီမံကိန်းဟု ထည့်သွင်း မပြောဆိုသော်လည်း ဤကိစ္စ ဆွေးနွေးဖွယ်ရှိကြောင်း မြန်မာအရာရှိများက တင်ကြိုခန့်မှန်းထားကြသည်။

တရုတ်ပြည်တောင်ပိုင်း နန်ကင်းမြို့ရှိ တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ရောက်ရှိနေသော ဦးတင်အောင်မြင့်ဦးက “ပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းများအား ကြိုတင် ရှာကြံသွားမည် ဖြစ်ကြောင်း”ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။

ဒေါ်လာ သန်း ၃.၆ ထောင်တန် မြစ်ဆုံ စီမံကိန်းအား ချောင်ထိုးထားရသည်မှာ မြန်မာပြည်ရှိများပြား လှသော တရုတ် အကျိုးစီးပွားများအား မကြံုစဖူး စိန်ခေါ်ချက် တခုဖြစ်ကြောင်း ပီကင်းမှ လာသည့် Reuters သတင်း တပုဒ်တွင် ရေး သားထားသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု တာဝန်ယူအကောင် အထည်ဖော်နေသည့် တရုတ်ကုမ္ပဏီ CPI က အတိအလင်းပြောဆိုခဲ့ပြီး ဖြစ်သည်။ အလားတူတရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ၎င်းတို့ ကုမ္ပဏီများ၏ အကျိုးစီးပွား အတွက် ထည့်သွင်း စဉ်းစားပေးရန် ထုတ်ပြန်ခဲ့သေး သည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂၀၀၆ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုး ခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံအကြား ရေးထိုး ခဲ့ကြသည်။

ဖိအားအမျိုးမျိုးကြောင့် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သည့် စက်တင်္ဘာ ကုန်ပိုင်းမှစကာ စီမံကိန်းအား ရပ်ဆိုင်း ထားစေခဲ့ရသည်။

စီမံကိန်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုပ်နှံမှု တန်ဖိုးထက် အကုန်အကျ ပိုလာ မည်ဖြစ်ပြီး မြန်မာအစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ်နိုင်ငံထံမှ ချေးငွေ သဘောတူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက အောက်တိုဘ ၃ ရက်နေ့တွင် ထည့်သွင်း ပြော ဆိုထားသည်။