နယူးဒေလီ (မဇ္စျိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသည့်နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝန်ကြီးများ ရုံးအဆောက်အအုံကို ဟိုတယ်လုပ် ငန်း လုပ်ကိုင်ချင်သူများ ရှိပါက ကူညီပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အ ဖွဲ့ MTB ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောဆိုသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ရုံးမှာ အင်္ဂလိပ်တို့က အုပ်ချုပ်ရေး ဗဟိုဌာန အဖြစ် ၁၈၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေး ယန္တရား၏အမြင့်ဆုံး ဖြစ်ပြီး အတွင်း ဝန်ချုပ်နှင့် အတွင်းဝန်များ ရုံးစိုက်ရာ နေရာ ဖြစ်သည်။
“လုပ်ဦးမယ်ရယ်လို့ မဟုတ်သေးဘူး။ Proposal ဝိုင်းတင်ကြ။အဆောက် အဦး အများကြီးပေါ့ဗျာ။အများ ကြီးထဲမှာ ဝန်ကြီးချုပ်ရုံးလည်း ပါတာပေါ့ဗျာ။ အဆောက်အဦးတွေ အများကြီး ရှိတယ်၊ နိုင်ငံ တော်ပိုင် အဆောက် အဦးတွေ။ အဲဒီအများကြီးထဲက ကိုယ်ကြိုက်တဲ့ ကောင်ကို ဝိုင်းပြီးတော့ ဝိုင်းတင် ကြ။ ဒါပါပဲ” ဟု MTB ဥက္ကဋ္ဌ ဦးခင်ရွှေက မဇ္စျိမကို ပြောသည်။
နိုင်ငံတော်အနေဖြင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး အတွက် လိုလားမှုရှိနေပြီး ၂၀၀၉ ခုနှစ်အထိဝန်ကြီးများ ရုံး အဖြစ် အသုံးပြုခဲ့သော အဆောက်အအုံ ကဲ့သို့ပင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်အလံပြဘုရား လမ်းရှိ စစ်ရုံးချုပ်နေရာ အပါအဝင် အစိုးရပိုင် အဆောက်အအုံများကိုလည်း စိတ်ဝင်စားပါက ကူညီပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံတော် အနေနဲ့က အခုဟာက ဟိုတယ်တွေက ရန်ကုန်မှာတော်တော်လေး လိုတယ်လေ။ လိုနေတဲ့အခါ ကျတော့ အမြန်ဖြည့်ဆည်းဖို့က နိုင်ငံတော် အဆောက်အဦးတွေကို လုပ်ဖို့ရှိတယ်။ လုပ်ပေးရမယ့်အပိုင်းမှာ မှ အဲဒီ အဆောက် အဦးတွေ အကုန်ပါတာပေါ့ဗျာ” ဟု ဦးခင်ရွှေက ဆိုသည်။
သို့သော် MBT အနေဖြင့် လုပ်ပိုင်ခွင့်ရမည်၊ မရမည်ကိုမူ အာမခံမည် မဟုတ်သော်လည်း နိုင်ငံတော်သို့ တင်ပြရန် အတွက်သာ ကူညီခြင်း ဖြစ်သည်။ လုပ်ကိုင်လိုသူများ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ တဆင့် နိုင်ငံတော်သို့ တင်ပြရမည် ဖြစ်သည်။
“တကယ်လို့ စိတ်ဝင်စားမယ်ဆိုရင် Proposal တင်၊ MTB ကနေ ဝိုင်းဝန်းဆောင်ရွက်ပေးမယ် ဆိုတာပါ။ MTB က ဘာမှ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ မဟုတ်ဘူး။နိုင်ငံတော်က ပေးမယ်၊ မပေးဘူး ဆိုတာကတော့ ဘယ်သူမှ အာမခံလို့ မရသေးဘူး” ဟု ဦးခင်ရွှေက ဆိုသည်။
သို့သော် သမိုင်းဝန် အတွင်းဝန်ရုံးကဲ့သို့သော အဆောက်အအုံအား ငှားရမ်းမည်ဆိုပါက လွှတ်တော်တွင်း ကန့်ကွက် သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုသည်။
“သေးသိမ်အောင်တော့ လုပ်ဖို့တော့ ကျနော်တို့မှာ ဆန္ဒမရှိဘူး။ သေးသိမ်တဲ့ အဖြစ်မျိုး ရောက်အောင်လည်း ကျနော်
တို့ မခံလိုဘူးပေါ့ဗျာ။ ဒီအတွက် ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ကာကွယ်ဖို့ ကြိုးပမ်းကြရမှာပဲလေ။ အဲဒီတော့ သူတို့မှာ ဘယ်လိုပဲ အိုင်ဒီယာရှိရှိ အဲဒီအိုင်ဒီယာ တက်လာရင် ကျနော်တို့က ချေဖျက်မှာပဲ” ဟု အမျိုးသား ဒီမိုကရေစီ အင်အား စုပါတီ - NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကိုလိုနီ ဗြိတိသျှအစိုးရကို တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြရာ တွင် ပုလိပ်များက ရိုက်နှက်၍ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် သေဆုံးခဲ့သည်မှာ အတွင်းဝန်ရုံးရှေ့တွင် ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ကက်ဘိနက် အဖွဲ့ဝင်များကို ပြိုင်ဘက် နိုင်ငံရေးသမား ဦးစော၏ လက်ပါးစေများက လုပ်ကြံသတ်ဖြတ် ခဲ့သော နေရာလည်းဖြစ်ကာ ပထမဆုံးသော လွတ်လပ်သော မြန်မာနိုင်ငံ၏ အလံလွှင့်တင်သောအခမ်း အနား ကျင်းပရာလည်း ဖြစ်သည်။
“သမိုင်းကြောင်းအရ ထင်ရှားတဲ့ ဒီလို အဆောက်အအုံမျိုးတွေတော့ နောင်လာနောင်သားပေါ့ဗျာ။ အစဉ်အဆက်ပြောပြ၊ ဆိုပြနိုင်အောင်ပေါ့လေ။ ဒီအဆောက်အဦးက ပြောတဲ့ သမိုင်းကြောင်းတွေကို ပြန်ပြီးတော့ ပြောနိုင်ဆိုနိုင်ဖို့ အတွက် ကတော့ ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနဲ့ကပဲ ထိန်းသိမ်းစောင့် ရှောက်ထား သင့်တယ်” ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ - တစည ပြောခွင့်ရ ဦးဟန်ရွှေက ဆိုသည်။
၂၀၁၀ ခုနှစ် အစောပိုင်းက အထည်ချုပ်၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ရုပ်ရှင်ရုံ၊ အဆောက်အဦး များ ပါသော နိုင်ငံပိုင်လုပ်ငန်း ၁၁၀ ကျော်ကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၂ဝဝ၉ အတွင်း နိုင်ငံပိုင် အဆောက်အဦး၊ မြေယာနှင့်လုပ်ငန်းပေါင်း ၂၆၀ ကို ပုဂ္ဂလိကသို့ ရောင်းချခဲ့သည်။