မြန်မာအစိုးရသစ် တက်လာပြီးနောက် သျှမ်းပြည် မြောက်ပိုင်းရှိ မန်တုံ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း မြို့နယ် ၃ခုအတွင်း၌ ဘိန်းစိုက်ပျိုး မှု များလာသည်ဟု ပလောင်(တအာင်း)အမျိုးသမီး အစည်းအရုံး-PWO က ပြောသည်။
PWO ၏ အထွေထွေ အတွင်းရေးမှူး လွေးနွေနှောင်းက “အဲဒီဒေသ (မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း)မှာဘိန်းစိုက် ပျိုးမှုကတော့ အရင်က ဘိန်းမစိုက်တဲ့ ရွာငယ်လေးတွေတောင် ဘိန်းစိုက်လာကြတယ်။”ဟု ပြောဆိုသည်။
ဘိန်းစိုက်ပျိုးမှုတွင် ရာခိုင်နှုန်းအားဖြင့် မည်မျှတိုးပွားလာသည်ကို အတိအကျ မသိနိုင်သော်လည်းမန်တုံမြို့ နယ်တွင် ယခင်က ဘိန်းစိုက်ပျိုးသည့် ရွာ ရ၀ကျော်မှ ယခုဆိုလျှင် ရွာပေါင်း ၈၀ထက်မနည်းများပြားလာ ကြောင်းလည်း သူမက ဆက်၍ ပြောဆို သည်။
စစ်အစိုးရလက်ထက် ပြီးခဲ့သည့် ၂နှစ်က မြန်မာနိုင်ငံ၌ ၂၀၁၅ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်သွား အောင် ကြိုးပမ်း မည်ဟု ပြောဆိုခဲ့သော်လည်း ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးပွားလာခဲ့သည်။
ယင်းသို့ ဘိန်းစိုက်ပျိုးမှု တိုးလာရခြင်းမှာ ထိုနယ်မြေတွင် ကချင်စစ်တပ်၊ သျှမ်းစစ်တပ်နှင့် အစိုးရစစ်တပ် တို့အကြား တိုက်ပွဲဖြစ် ပွားပြီး ဒေသခံ အစိုးရအာဏာပိုင်များ လူထုများအပေါ် အာရုံမစိုက်နိုင်ခြင်း၊အစိုးရ အာဏာပိုင်ကိုယ်တိုင် ဘိန်းစိုက်ပျိုးမှုတွင် ပါ ၀င်ပတ်သက်ခြင်းတို့ဖြစ်သည်ဟု PWO ကမှတ်ချက်ပေးထား သည်။
“ဘိန်းစိုက်ချိန်မှာ အာဏာပိုင်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူရှိတယ်။ နမ့်ခမ်းနဲ့ ကွတ်ခိုင် နယ်တဝိုက် မှာဆိုရင် အရင်တုန်း က ပြည်သူ့စစ်ခေါင်းဆောင်က အခုဆို လွှတ်တော်ထဲမှာ အကုန်ပါတဲ့သူတွေဖြစ်နေ တယ်။ ဘိန်းစိုက်ရာသီဆိုရင် ဘိန်းမစိုက်ရ ဘူးလို့ ပြောပေမယ့် ပိုက်ဆံပေးလိုက်ရင်စိုက်ခွင့်ပြု တာပဲ။”ဟု လွေးနွေနှောင်းက ရှင်းပြသည်။
အထူးသဖြင့် ကွတ်ခိုင်မြို့နယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂) မှ ဦးမြင့်လွင် (ခ) ဦးဝမ်ကွယ်တာနှင့် ပြည်သူ့လွှတ်တော် ဦးတီခွန်မြတ်တို့ နေထိုင်ရာဒေသတွင် ဘိန်းစိုက်ပျိုးမှုများ ပိုမိုများပြားလာသည်ဟု PWO က ထောက်ပြသည်။
အဆိုပါဒေသရှိ ဘိန်းစိုက်ပျိုးသူ ရွာသူရွာသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြောင့် ၀င်ငွေပိုရရန် စိုက်ပျိုးခြင်းဖြစ်ပြီး အချို့မှာ စီးပွားဖြစ် ကုန်ထုတ်လုပ်မှုအနေဖြင့် စိုက်ပျိုးခြင်းဖြစ်သည်။
“နမ့်ခမ်းက လူတွေလည်း စိုက်မှစိုက်။ ဘိန်းစိုက်တာကတော့ လွတ်လပ်ရေးရသလိုပဲ။ စားဝတ်နေရေး အတွက် တရုတ်ပြည်မှာ အလုပ်သွားလုပ်စရာ မလိုတော့ဘူး။”ဟု နမ့်ခမ်းမြို့နယ်ရှိ ရွာသားတဦးကို ကိုးကား၍ PWO က ပြောသည်။
ဘိန်းများကို ယခုနှစ် ဩဂုတ်လ စတင်စိုက်ပျိုးခဲ့ပြီး လာမည့်နှစ် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့၌ စတင်၍ အစေးခြစ်ယူကြ သည်။ ထိုမှရလာသည့် ဘိန်းစိမ်းများကို မြန်မာနိုင်ငံတဝှမ်းနှင့် တရုတ်နယ်စပ်ဘက်သို့ သွားရောက်ရောင်းချလေ့ရှိပြီး ပြီးခဲ့ သည့် ၂နှစ်အတွင်း ဘိန်းစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၈သိန်းမှ ၁၃သိန်းအထိ စျေးပေါက်သည်ဟု PWO က ဆိုသည်။
PWO သည် လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး ၂၀၁၀ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ ဘိန်းစိုက်ပျိုးရေးနှင့် ပတ် သက်၍ “အဆိပ်သင့်ပန်းများ”နှင့် “အဆိပ်သင့်တောင်တန်းများ”အမည်ရှိ အစီရင်ခံစာ နှစ်အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။