သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အဝင်အထွက် ဂိတ်များတွင် ဘီးခွန်နှင့် ယာဉ်ရပ်နားခွန်များ ကောက်ခံသည့် ဂိတ်ပိုမို များပြားလာသည့်တိုင် ပျက်စီးနေသော လမ်းတံတားများပြင်ဆင်ပေးမှု မရှိကြောင်း ကျိုင်းတုံဒေသခံတဦး ကပြောသည်။
“အရင်တုန်းက ကုန်ကား ခရီးသည်တင်ကားတွေမှ ပေးရတာမဟုတ်လား။ ခုတော့ ကျိုင်းတုံမြို့အဝင် အထွက် ဂိတ်တိုင်း မှာ ဘယ်ယာဉ်အမျိုးအစားမဆို ပေး နေရတယ်။ လမ်းတွေပျက်စီးနေတာ တံတားတွေ ဆွေးနေတာ ကျတော့ မပြင်ပေးဘူး” ဟု အသက် ၂၀ ကျော် ခေတ်ပညာတတ်ကျိုင်းတုံ လူငယ် တိုင်းဇွမ်တောင်းကပြောသည်။
ကျိုင်းတုံမြို့အဝင် အဓိကလမ်းမကြီး ၄ သွယ်ရှိရာ ၄ ဂိတ်စလုံး ထိုကဲ့သို့ ပိုက်ဆံကောက်ယူနေကြောင်း အဆိုပါ ကျိုင်းတုံ ဒေသခံ တိုင်းဇွမ်တောင်းကပြောသည်။ (၁) ကျိုင်းတုံ-တောင်ကြီးလမ်းရှိ ကျိုင်းဖောင်း တံတားဂိတ် (၂) ကျိုင်းတုံ-မိုင်းယန်း လမ်းရှိ နမ့်ခင်ချောင်းကူးတံတားဂိတ် (၃) ကျိုင်းတုံ-မိုင်းလားလမ်းရှိ ယန်းလ ဂိတ်(၄) ကျိုင်းတုံ - တချီလိတ် လမ်းမတွင်မူ ကျိုင်းတုံအထွက် ဝမ့်ပုံဂိတ် နှင့် မိုင်းဇိမ်းတိုးလ်ဂိတ် တို့ဖြစ်သည်။
ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်အသွားလမ်းရှိ မိုင်းဇိမ်း တိုးလ်ဂိတ်တွင် မြို့တက်ဈေးဝယ်မည့်ဆိုင်ကယ်၊ ထော်လာဂျီများ ပင် အဝင်အထွက်အားလုံး ပိုက်ဆံကောက်သဖြင့် ရွာသားများ အခက်တွေ့နေရကြောင်း ၎င်းကပြောသည်။
“မိုင်းဇိမ်းဂိတ်မှာဆိုင်ကယ်ဆိုရင် တခါဖြတ် ၃၀၀ ကျပ် ဖြတ်တိုင်းပေးဆောင်ရတယ်။ တော်ရုံကိစ္စရှိရင် ရွာသားတွေ မြို့မ တက်ချင်ကြတော့ဘူး ” ဟု ဆို၏။
မိုင်းဇိမ်းဂိတ်အလွန် နောင်နွန်း (ဝမ့်ပုံ) ဂိတ်ရှိ စစ်တပ်၊ လဝက၊ ရဲ၊ မူးယစ်၊ သစ်တော၊ အကောက်ခွန်စသည့် ဌာန ပေါင်းစုံ ကို ပြေးလွှားသတင်းပို့နေရသဖြင့် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းနေသည့်ဂိတ်ဟု ကားသမားများကြား ခေါ်ဝေါ်နေကြကြောင်း တာချီလိတ်ရောက် ကားသမားတဦးကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။
ကျိုင်းတုံ -မိုင်းလားလမ်းရှိ ယန်းလဂိတ်တွင်မူ ဆိုင်ကယ်တစီး ကျပ် ၂၀၀ ထော်လာဂျီတစီး ကျပ် ၅၀၀ ကောက် ယူပြီးဖတ် မရအောင်စာလုံးများပြတ်တောက်မှုန်ဝါးနေသည့် (မှင်ကုန်) တံဆိပ်နှိပ်ထားသည့် ကဒ်ပြားကို ဆိုင်ကယ် လက်တန်း၌ ချိတ် ဆွဲပေးသည်ဟုလည်း ဆိုပါသည်။ အဆိုပါဂိတ် အပြင်ဖက်နေ နောင်ငင်းရွာ၊ ကတ်ဖရွာ၊ လောင့် တောင်းရွာသားများ နေ့စဉ် ဂိတ်ဖြတ်သန်းသွားလာနေရသဖြင့် နေ့စဉ် ဝင်ငွေမှာလည်း ဂိတ်ကြေးနှင့်ပင် စားမ လောက်အောင်ဖြစ်နေကြောင်း နောင် ငင်း ရွာသားများကပြောသည်။
ကျိုင်းတုံ - မိုင်းယန်းလမ်းရှိ နမ့်ခင်ချောင်းကူးတံတားဂိတ်တွင်တော့ယာဉ်အမျိုးအစားအလိုက်ပေးဆောင်ရမည့်နှုန်း ထား ပြ ဆိုင်းဘုတ်ထောင်ထားပြီး နမ့်ခင်ချောင်းကူး သစ်သားတံတား ဆွေးမြေ့ ပျက်စီးနေသည်ကိုမူ မပြင်ဆင်ပေး ကြောင်း၊ ယာဉ်ကြီး ယာဉ်ငယ်မဟူ တစီးချင်းစီ ဖြတ်သန်းနေရသေးကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
“ဘယ်ဌာနကလဲမသိဘူးပိုက်ဆံကောက်နေတာ။ သူတို့ယူနီဖောင်းလဲမဝတ်ဘူး အရပ်သားဝတ်စုံကြီးနဲ့။ စည်ပင် ဝန်ထမ်း တွေလို့လဲ ပြောနေကြတယ်။ သူတို့အလုပ်မှမဟုတ်တာ။ ဒါတွေ မရှိသင့်ဘူး။ လူထုချွေးနဲစာကို သူတို့က ညစ်စားနေတာ။ လူထုဖက်ရပ်တည်ပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အတတ်နိုင်ဆုံး အမြန်ဆုံးဝင်ရောက်ကူညီ ပေးဖို့ တောင်းဆိုချင်ပါ တယ်” ဟုလည်းမြို့ကြီးတက် ပညာသင်ယူနေသည့် အဆိုပါလူငယ်ကပြောသည်။
ထိုကဲ့သို့ ဂိတ်ကြေးများ အများအပြားကောက်ခံလာသည့်အပေါ် ကားဆရာများကြား ‘အစိုးရသစ်တက်လာတာတောင် မှ စစ်သားတွေ လစာမလောက်သေးဘူးနဲ့တူတယ်။ ကျနော်တို့ဘက်ကဗျာ အရင်ကစစ်အုပ်ချုပ်ရေး အတိုင်းဘဲ။ ဘာမှ မထူးခြားသေးဘူး’ ဟု ပြောဆိုနေကြသည်။
ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးကာလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မဲဆွယ် စည်းရုံးရေး ဆင်း စဉ်ဂိတ်များလျှော့ချရုပ်သိမ်းနိုင်ရန် ဂိတ်ကြေးများ လျှော့ကောက်ရန် ကြိုးပမ်းပေးမည်ဟု ကတိပေးခဲ့ဖူးကြောင်း ကျိုင်းတုံ ကားဆရာတစ်ဦးကလည်း ပြောပါသည်။