ချင်းမိုင် (မဇ္စျိမ) ။ ။ အင်းစိန်ထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ကြာသာပတေးနေ့က လွတ် မြောက်လာသူများထဲတွင် လူသတ်မှု၊ လက်နက် မှု၊ မတရားအသင်းနှင့် ဆက်သွယ်မှု တို့ဖြင့် သေဒဏ် ကျခံနေရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၃၀၃ (ဝှေစေတီစခန်း) တွဲဖက် အတွင်း ရေးမှူး- ၁ ကိုအောင်ကျော်စိုး ခေါ် ဖိုးခွားလည်း ပါသည်။
၁၉၉၀ ခုတွင် ကယားပြည်နယ် ဒီမောဆိုမြို့၌ စစ်အစိုးရ တပ်ဖွဲ့က ဖမ်းဆီးပြီး လွိုင်ကော်မြို့ စစ်ခုံရုံးမှ သေဒဏ် စီရင်ချက် ချလိုက်ခြင်းဖြစ်သည်။
ကိုအောင်ကျော်စိုးက ဘယ်နှနှစ် ကျတာလည်း ခင်ဗျ။
“ကျနော်ကျတာ ပထမတော့ သေဒဏ်ပေါ့။ သေဒဏ်ကနေ ကျွန်းပြောင်းတော့ အစိတ် (၂၅ နှစ်)။ အစိတ်ကနေ အခု ၂၁ နှစ်လေ။”
အစိတ်ကနေ ၂၁ နှစ်ဆိုတာ ဘယ်လိုလည်း။ ကျနော် နားမလည်လို့ပါ။
ကိုအောင်ကျော်စိုးက ဘယ်နှနှစ် ကျတာလည်း ခင်ဗျ။
“ကျနော် အစိတ်ကျတယ်။ အထဲမှာ ၂၁ နှစ် ကြာတယ်။” “အဲဒီကာလကလည်း ထောက်လှမ်း ရေးက အင်အား ကောင်းနေတဲ့ အချိန်ဆိုတော့။ သေလုမျောပါး ပေါ့။ ပြန်ပြောရင်လည်း ပြောလို့ ယုံနိုင်မှာ မဟုတ်တဲ့ ဟာတွေပဲ လေ။ ကိုယ်ကိုယ်တိုင် ခံစား ခဲ့ရတော့ဗျာ။ ထားလိုက်ပါတော့ ဒါတွေ ကတော့” |
ဆိုတော့ လေးနှစ်ကျန်သေးတာပေါ့ လွတ်ဖို့ အဲဒီလိုလား။
“ဟုတ်တယ်။ လုံးဝ လျှော့ရက် မပါဘူးနော်။”
အဲဒီတော့ လျှော့ရက်မပါဘဲ ၂၁ နှစ်တိတိနေခဲ့ရတာ ပေါ့။ တောက်လျှောက် အင်းစိန်ထောင်မှာပဲလား။
“ဟုတ်တယ်။”
ပုဒ်မတွေ တပ်တာက ဘယ်လိုမျိုးလည်း။ ပုဒ်မအကြောင်းတွေရော ရှင်းပြသေးလား သူတို့က။
“၁၇ (၂)၊ ၁၉ (စ)၊ ၃၀၂ အပိုဒ် ၁ (ခ) တပ်ထားတာ။ အဲဒီ ၁၇ (၂) ဆိုတာတော့ ကျနော်က မတရားအသင်း အဖွဲ့ဝင်လေ။ ကျနော်က အေဘီ (ABSDF) အဖွဲ့ဝင်ကိုး။ ၃၀၂ အပိုဒ် ၁ (ခ) က လူသတ်လေ။ ကျနော်က ထောက်လှမ်းရေးကို သတ်လာတာကိုး။ ၁၉ (စ) က လက်နက်ငယ်အမှု လေ။”
ဆိုတော့ လူသတ်တဲ့ ကိစ္စရယ်၊ လက်နက်ကိစ္စရယ် အဲဒါ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်တာလဲဗျ။
“၁၉၉၀၊ ကျနော်က အရေးအခင်းကာလမှာ တောခိုသွားတာကိုး။ ၈၈ လေ။ ၈၈ မှာကျနော် တောခိုတယ်။ တောထဲမှာ အေဘီ အဖွဲ့ဝင်ဖြစ်ပြီးမှ ကျနော် အေဘီရဲ့ တာဝန်ပေးချက်အရ တာဝန်ထမ်း ဆောင်ရင်းကနေကျနော် အဖမ်းခံရတာလေ။”
ကြားဖြတ် ကျနော် မေးချင်တာက ၁၉၈၈ တောခိုတော့ ဘယ်စခန်းကို ရောက်လည်း ခင်ဗျ။ အဲဒီတုန်း က စခန်းတာဝန်ခံက ဘယ်သူလဲ။
“ဝှေစေတီ camp လေ။ ၃၀၃ လေ။ အဲဒီတုန်းက ကျနော်တို့ (စခန်း) ဥက္ကဋ္ဌက ရစ်ချက်ဌေးရယ် ဗျာ။ ဒုတိယဥက္ကဋ္ဌက ဦးမောင်မောင်လွင်၊ အတွင်းရေးမှူးက ဂျော်လီထွန်း။ တွဲဘက်-၁ က ကျနော် လေ။ တွဲဘက်-၂ က သဲတော လှထွန်းဆိုတာ မြက်ခင်းသစ်မှာ စာရေးနေတဲ့ကောင်လေ။ ကျနော်တို့ အဲဒီမှာ သင်တန်းတွေ ဘာတွေ ပြီးတော့မှ ရှေ့တန်းထွက်တာကိုး။”
ရှေ့တန်းကျတော့ ဘယ်ကို ထွက်သွားတာလဲ။
“သံလွင် အနောက်ဘက်ခြမ်း၊ တိုက်ခိုက်ရေးနဲ့ စည်းရုံရေး။ အဲဒီအချိန် တည်ဆောက်ရေးကာလ လုပ်နေတဲ့ ကာလကိုး။ မြို့တွင်းနဲ့ အပြင်နဲ့ ပြန်ချိတ်ဆက်ရင်းနဲ့ အဖမ်းခံရပြီးမှ ထောင်ကျသွားတာ လေ။”
ဘယ်မှာ ဖမ်းခံရတာလဲ ခင်ဗျ။
“ဒီမောဆို အဝင်မှာဗျာ။”
ဝှေစေတီ စခန်းက ကယားပြည်နယ်ထဲမှာလား။
“ဟုတ်တယ်။ (ထိုင်းနိုင်ငံ) မဲဟောင်ဆောင် အောက်ဘက်ကလေ။”
ထောက်လှမ်းရေးကို သတ်တယ်ဆိုတဲ့ ကိစ္စလေး နည်းနည်းပြောပြပေးပါလား။
“ထောက်လှမ်းရေး Informer လေ။ လွိုင်ကော်မှာ သတ်တဲ့ ကိစ္စပါ။ အဲဒီ ၉၀ ကာလ။ ရက်တွေတောင် သိပ်မမှတ်မိ တော့ဘူးဗျ။ အမှုဖြစ်စဉ်ကာလမှာ ကျနော် ရက် သိပ်မမှတ်မိတော့ဘူးခင်ဗျ”
“ကျနော် အဓိကမှတ်ထားတာ ကျနော့်အမိန့်ချရက်စွဲ၊ ထောင်ရောက်တဲ့ ရက်စွဲပေါ့ဗျာ။ ကျနော် အမိန့်ချ ရက်စွဲက ၁ ရက် ၁၀ လ ၉၀ ခုုနှစ် မှာချတယ်။ ထောင်ကို ရောက်တာ ၃၀ ရက် ၁၀ လ ၉၀ မှာ ရောက် တယ်။ ၉၃ မှာ ကျနော် ကျွန်းပြောင်းတယ်။ အမျိုးသားညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဆိုပြီးမှ ကျနော့်ကို ကျွန်းပြောင်း တယ်လေ။ နိုင်ငံတော်နဲ့ လျှော့ပေးတာ။ ကျနော်က သေဒဏ် အပြင် ငါးနှစ်ကျ ထားတော့ အားလုံးပေါင်း ကျွန်းပြောင်းလိုက်တော့ ကျွန်းက ၂၀ (နှစ်) လေ။ ၂၀ ဆို တော့ အစိတ်ပေါ့ (၂၅နှစ်) ။ ကျနော် အဲဒီမှာ ၉၃ ကနေ စပြီး အနှစ် အစိတ်နဲ့ ၉၈ မတ်လလောက်မှာ လျှော့ရက် တွေ ဖြတ်တောက်ခံရတယ်။ လျှော့ရက်မရတော့ဘူး။ အခု ကျနော် နေထားရက်က ၂၁ နှစ်နဲ့ ၂ ရက်ပေါ့ လေ။ လုံးဝလျှော့ရက်မပါဘူး။ ပြီးခဲ့တဲ့ အပိုင်းက နိုင်ငံတော် လာသွားတဲ့ တနှစ် ပေးတာလည်း မပါဘူးဗျ။”
လွိုင်ကော်မှာလား ပြစ်ဒဏ်ချတာက။
“လွိုင်ကော်၊ ကျနော့်ကို စစ်ခုံရုံး။ စခရ- (၃) ။ မမှတ်မိတော့ဘူးဗျ ခုံရုံးဥက္ကဋ္ဌတွေ။ တာဝန်အဆင့်တွေက ဗိုလ်မှူး နှစ်ယောက်ပါတယ်ဗျ။ မဝတ (မြို့နယ်အဆင့်) ဥက္ကဋ္ဌ တယောက်ပါတယ်။ ဒါပဲဗျ ကျနော်လည်း ကျန်တာတော့ မမှတ်မိဘူး။ နှစ်ပေါင်းကလည်း ကြာပြီဗျ။”
အဲဒါမတိုင်မီမှာ စစ်ကြောရေးတွေဘာတွေ လုပ်သေးလား။ ဘယ်လိုလုပ်လည်းဗျ။
“ဟာ လုပ်တယ် တလ၊ ထုံးစံအတိုင်းပေါ့ဗျာ။ အဲဒီကာလကလည်း ထောက်လှမ်းရေးက အင်အား ကောင်းနေတဲ့ အချိန်ဆိုတော့။ သေလုမျောပါးပေါ့။ ပြန်ပြောရင်လည်း ပြောလို့ ယုံနိုင်မှာ မဟုတ်တဲ့ ဟာတွေပဲလေ။ ကိုယ်ကိုယ် တိုင် ခံစားခဲ့ရတော့ဗျာ။ ထားလိုက်ပါတော့ ဒါတွေကတော့။”
စစ်ကြောရေး တလက လွိုင်ကော်မှာပဲပေါ့နော်။
“ဟုတ်တယ်။ လွိုင်ကော်မှာပဲ။”
အင်းစိန်ထောင်ရောက်တော့ ဘယ်မှာထားလဲ။ တခြားသူတွေနဲ့ နေရလား။ ဘယ်လိုနေရလဲ။
“ကြိုးတိုက်ထဲမှာပါ။ အဲဒီအချိန် အင်းစိန်အကျဉ်းထောင် ၂ တိုက်က ကြိုးတိုက်ပဲဟာ။ အဲဒီကြိုးတိုက်မှာပဲ ကျနော် နေရတာပဲ။ ရောက်ရောက်ချင်းတော့ တယောက်တည်းပေါ့ဗျာ။ နောက်ပိုင်း လူများလာတော့ နှစ်ယောက်၊ သုံုးယောက်နေရတာပေါ့။ အရေးအခင်း ခေါင်းဖြတ်နဲ့ ကျတဲ့ဟာတွေ ရှိတယ်ဗျာ။ နောက် ခိုးဆိုးလုယက်ပြီး သေဒဏ်ကျလာတဲ့ လူတွေလည်းရှိတယ်။ နောက် နိုင်ငံရေးအကျဉ်းသား တွေလည်း ရှိတယ်လေ။ ကိုအောင်ဇေယျတို့၊ ဦးသော်က၊ ဦးကိုယုတို့၊ ဒေါက်တာတင်မျိုးဝင်းတို့၊ သူတို့တွေနဲ့ တတိုက်တည်းပဲ။”
သူတို့နဲ့ စကားပြောတာတွေ ဘာတွေ လုပ်လို့ရလား။
“ရတယ်။ ကျနော်နဲ့ ကိုအောင်ဇေယျနဲ့ မျက်နှာချင်းဆိုင်ကိုး။”
ထောက်လှမ်းရေးကို သတ်တဲ့ အဖြစ်ပျက်လေး ပြောပြပေးလို့ရလား။
“အဲဒီကိစ္စက ကျနော်နဲ့ တိုက်ရိုက်မပတ်သက်ဘူးဗျ။ တကယ်တမ်း တာဝန်ပေးခံရတာ ကျနော် မဟုတ်ဘူး။ ကရင်နီက ထောက်လှမ်းရေး တယောက်က တာဝန်ပေးခံရတာ။ ကျနော်က ဝင်ကူညီရင်းနဲ့ ဖြစ်သွားတာပါ။ လွိုင်ကော်မြို့ပေါ်မှာဖြစ်တာပါ။”
အင်းစိန်ထောင်ထဲမှာ နေရထိုင်ရ၊ စားရသောက်ရ၊ ကျန်းမာရေးတွေ ဘာတွေရော။
“အရင်တုန်းကတော့ ဆိုးတာပေါ့ဗျာ။ ခုနောက်ပိုင်းတော့ မဆိုးပါဘူး။ အသင့်အတင့်လေးတော့ ပြောင်းလဲမှု
ရှိပါတယ်။ စားရေးသောက်ရေးကတော့။ ဆေးကုသမှုအပိုင်းမှာတော့ သာမန် အကျဉ်းသားတွေနဲ့ ကျနော်တို့ နဲ့ တော့ မတူဘူးလေ။ သာမန်အကျဉ်းသားတွေကျတော့ ထုံးစံ အတိုင်းပေါ့။ ကျနော်တို့ကျတော့ နည်းနည်း လိုက်လျောမှုလေးတွေတော့ ရှိတာပေါ့။ အဲဒီလို ခွဲခြားဆက်ဆံတာတော့ ရှိတယ်လေ။”
အလုပ်တွေဘာတွေ ခိုင်းတာရော ရှိသေးလား။
“အဲဒါတော့ မရှိဘူးဗျ။”
၂၁ နှစ်လုံးလုံး အဲဒီ ၂ တိုက်မှာပဲလား။
“မဟုတ်ဘူးဗျ။ ကျနော် တိုက်ပေါင်းစုံတယ်ဗျ။ ထောင်ထဲမှာရှိတဲ့ တိုက်ခြောက်တိုက်၊ နောက် (၅) ဆောင် တိုက် ၄၊ ၅၊ တော်တော်စုံတယ်။ နေလိုက်ရတာ။”
“အဲဒီ ၈၈ ကာလက ဖြစ်ပျက်ပြီးတော့ ကျနော် တို့ကနှလုံးရည်နဲ့ တိုက်လို့မရလို့ လက်ရုံးရည် နဲ့ တိုက်ခဲ့တဲ့ လူတွေလေ။ ဒါ သူတို့ကကြည့်ရင် တော့ လက်ဖမိုးပေါ့၊ ကိုယ့်ဘက်ကကြည့်ရင် တော့ လက်ဝါးပေါ့ ဗျာ” |
ICRC (နိုုင်ငံတကာ ကြက်ခြေနီအဖွဲ့) လာတာ တွေ့ခွင့် ရသေးလား။
“တွေ့ဖူးပါတယ်။ ကျနော်သိရသလောက် စလာတဲ့ ခုနှစ်က ၉၉ ဗျာ။ ၉၈ လား ၉၉ လား ကောင်းကောင်း မမှတ်မိ တော့ဘူး။ တွေ့တာတော့ လာတဲ့အချိန်တိုင်း တွေ့ရပါတယ်။”
ဘာတွေ မေးမြန်းသွားလဲ။
“စားဝတ်နေရေး ဒီလောက်ပါပဲ။ ကျန်တဲ့ဟာတွေတော့ သူတို့ ဘယ်လောက်မှ အကူအညီ မပေးနိုင်ပါဘူး။ သူတို့ ကြောင့်လည်း တချို့ တော်တန်ရုံပြောင်းလဲတာတော့ ရှိတာပေါ့လေ။”
လွတ်လွတ်လပ်လပ်ရော တွေ့ခွင့်ရလား။
“လွတ်လွတ်လပ်လပ် တွေ့ခွင့်ရပါတယ်။ သတ်သတ်ပါ။ ဥပမာ ကျနော်တို့ အမှုတွေချည်းပဲ သီးသန့်ပေါ့။”
အခု လက်နက်မှုပါတာပေါ့နော် ကိုအောင်ကျော်စိုးတို့လိုဟာမျိုးကို နိုင်ငံရေးအကျဉ်းသားထဲ မထည့်ဘူး ဆိုပြီးတော့ အစိုးရကပြောနေတာ ရှိတယ်လေ။ တည်ဆဲ ဥပဒေ ချိုးဖောက်တယ်ပေါ့။ အဲဒီလိုမျိုး လက်နက်မှုနဲ့ နိုင်ငံရေးအမှု ဘာကွာတယ်လို့ ထင်လဲဗျ။
“တန်ရာတန်ရာ ပြောမယ်ဆိုရင် ကျနော်တို့ကလည်း နှလုံးရည်သမား မဟုတ်ဘူးဗျ။ အဲဒီ ၈၈ ကာလက ဖြစ်ပျက် ပြီးတော့ ကျနော်တို့က နှလုံးရည်နဲ့ တိုက်လို့မရလို့ လက်ရုံးရည်နဲ့ တိုက်ခဲ့တဲ့ လူတွေလေ။ ဒါ သူတို့ကကြည့်ရင် တော့ လက်ဖမိုးပေါ့၊ ကိုယ့်ဘက်ကကြည့်ရင်တော့ လက်ဝါးပေါ့ဗျာ။”
ဒါဆိုရင် ကိုအောင်ကျော်စိုးက အဲဒါကို နိုင်ငံရေးလုပ်ငန်းတခု လုပ်နေတယ်လို့ ယူဆတာလား။
“ဒါကို ကျနော့်အနေနဲ့ နိုင်ငံရေးနဲ့ တိုက်ရိုက်ကြီးတော့ ပတ်သက်တော့ ပတ်သက်တာပေါ့။ ဒါပေမယ့် နှလုံးရည်နဲ့ စာရင်တော့ လက်ရုံးရည်နဲ့ ပိုသက်ဆိုင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က တော်လှန်ရေး လောက သား တယောက် ဖြစ်သွားတာကိုး။ နိုင်ငံရေးထဲမှာမှ မရှိမဖြစ်တဲ့ တော်လှန်ရေး ကာလတခုထဲ ရောက်သွားတာကိုး ကျနော်က။”
တခုပြန်ကောက်ချင်လို့ပါ။ လွိုင်ကော်ကို သွားတယ်ဆိုတာက လွိုင်ကော်က မြို့ခံတွေကို စည်းရုံးရေး ဆင်းတာလား။ ဘယ်လိုပုံစံမျိုးလဲ။
“ဟုတ်ပါတယ်။ ကျနော်က အရင်တုန်းက လွိုင်ကော်မှာ ရှိခဲ့တဲ့ လူဟောင်းတွေနဲ့ အတွင်းအပြင် ပေါ့ဗျာ။ ကျနော်က ပြတ်နေတယ်ဗျ။ ပြတ်နေတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ စစ်ရေး သတင်းရော၊ နိုင်ငံရေး သတင်းတို့၊ ဘာတို့ ဟာကို ပြန်ရအောင် ယူတဲ့အခါကြတော့ ဆက်သွယ်ရတယ်လေ။ အတွင်းအပြင် ပြန် ချိတ်ဆက် လုပ်ရင်းနဲ့ ကျနော် အဖမ်းခံရတာ။”
အဖမ်းခံရတဲ့ ပုံစံလေး နည်းနည်း ပြောပြပေးလို့ရမလား ခင်ဗျာ။
“အဖမ်းခံရတဲ့ပုံစံကတော့ဗျာ၊ ဒီမောဆိုမြို့ အဝင်မှာဗျ။ ကျနော်က ကျနော့်ကိစ္စနဲ့ ဒီမောဆိုအသွား၊ တပ်စုတစုနဲ့ တွေ့ပြီး အဖမ်းခံရတာပဲ။ ကျနော့်မှာ ပစ္စည်းတချို့တော့ ပါတယ်လေ။ အဲဒါက သိမ်းထားလို့ မရတဲ့ဟာ၊ တခြားလူ လက်ထဲရောက်သွားရင် အလွဲသုံးစားလုပ်နိုင်တဲ့ ပစ္စည်းတွေပါလို့။ ကျနော်ကလည်း မထားခဲ့ဘဲနဲ့ ယူသွားတဲ့အခါ အဲဒါတွေ အဓိကလိုဖြစ်သွားတာပေါ့ဗျာ။”
လူကရော နည်းနည်းလေးလား ကိုအောင်ကျော်စိုးတို့ သွားတုန်းက။
“ကျနော့ဘော်ဒါ တယောက်တော့ ပါတယ်။ ဒါပေမယ့် ကျနော်လည်း ရှင်းရှင်းပြောမယ်၊ ကိုယ့်ကို ကိုယ် ယုံကြည်မှု များသွားတာပေါ့ဗျာ။ ရန်သူ့ကို အထင်သွားသေးလိုက်လို့ ကျနော်မှားသွားတာပေါ့။”
ထောင်ဝင်စာ ပုံမှန်တွေ့ခွင့်ရလား။
“ထောင်ဝင်စာ ပုံမှန်တွေ့ခွင့်ရတယ်ဆိုတာ ကျနော့်အိမ်ကလည်း အဆင်ပြေတာမဟုတ်ဘူးလေ။ သူတို့ တွေ့ချင်တဲ့ ဆန္ဒရှိတဲ့အချိန်လေး ၄-၅ နှစ်လောက် တခါလာ၊ နှစ်နှစ်တခါလာလိုက် အဲဒီလို ပေါ့ဗျာ။ ဒီမှာရှိတဲ့ ကျနော့်ဘော်ဒါ အပေါင်းအသင်းတွေကပဲ ကျနော့်ကို ကျွေးထားတာကိုး။”
ဒီမှာရှိတဲ့ ဘော်ဒါအပေါင်းအသင်းဆိုတာ ဘယ်မှာပြောတာလဲ။
“အော် အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ ဘော်ဒါအပေါင်းအသင်းတွေလေ။ သူတို့တွေပဲ ကျနော့်ကို ကြည့်ရှု့ စောင့်ရှောက်ထားတာပေါ့ဗျာ။”
ကိုအောင်ကျော်စိုးက အသက်ဘယ်လောက်ရှိပြီလဲ ခင်ဗျ။
“ကျနော် ၄၄ နှစ်ရှိပြီ။ ကျနော် ထောင်ကျတုန်းက ၂၂ နှစ်။”
ဆိုတော့ ၈၈ မှာ ဘယ်နေရာမှာ ပါတာလဲ။
“ကျနော် လွိုင်ကော်မြို့နယ်မှာ ပါတာ။ လွိုင်ကော် အထွေထွေသပိတ်ကော်မတီမှာပါတာ။ အဲဒီတုန်းက လုံခြံုရေးနဲ့ ပြန်ကြားရေးဌာနဘက်မှာ ပါပါတယ်။”
ဇာတိကရော။ မိဘတွေနဲ့ အဆက်အသွယ်ရပြီလား။
“လွိုင်ကော်၊ လွိုင်ကော်မြို့မှာပဲ။ ကျနော့်အမေကတော့ ၈၅ (ခုုနှစ်) ကတည်းက တောင်ဥက္ကလာမှာ ဆုံးတယ်ဗျ။ အဖေကတော့ ကျနော့်ကိစ္စနဲ့ အလုပ်ပြုတ်တယ် ကြားပြီးမှ ကျနော်အဆက်အသွယ် လုံးဝ မရှိတော့ဘူး။ ကျနော့် မိသားစု ကျန်ခဲ့တဲ့ အမတွေ ညီမတွေနဲ့လည်း အဆက်သွယ်မရှိတော့ဘူး ပျောက် သွားပြီဗျ။ သေတယ် ရှင်တယ် မသိဘူးပေါ့ဗျာ။ ကျနော့် အိမ်ကလည်း နောက်ပိုင်း ကလည်း ဘယ်သူ့မှ မသိဘူး။ အခု ကျနော်ထွက်မှ ပြန်စုံစမ်း ရမှာပါ။”
၈၈ မှာ ကျောင်းတက်နေတာလား။
“ကျနော်က ၁၀ တန်းကျောင်းသားပဲရှိသေးတယ်။ အပြင်ဖြေနေတာ ကျနော်က။”
ထောင်ကထွက်တော့ ထောင်က အိမ်ပြန်ဖို့ ပိုက်ဆံတွေဘာတွေ ပေးလား။
“၁,၀၀၀ (ကျပ်) ပဲပေးတယ်လေ။”
ထောင်ထဲမှာနေတော့ မိတ်ဆွေတွေဆီက အထောက်အကူ အထောက်အပံ့ရလား။
“ကျနော့် သူငယ်ချင်း ဆန်နီပို့လို့ တဆင့်တော့ ရဖူးတာရှိတယ်ဗျ။”
ဆန်နီဆိုတာ ဘယ်ကဆန်နီကို ပြောတာလဲ။
“ကျနော်တို့ အေဘီကလေ။ သူ ကျနော့်ကို ပို့ပေးလို့ နှစ်ခါလား၊ ကျနော့ဆီရောက်လာဖူးတယ်။ ကျနော့်ဘော်ဒါကနေ တဆင့်ပို့ပေးတာ။”
အခုက အကြမ်းမဖက် လှုပ်ရှားမယ်ဆိုပြီးတော့ ကိစ္စတွေလည်း ရှိတာပေါ့နော်။ နိုင်ငံရေးမှာလေ။ ကိုအောင်ကျော်စိုးအနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင်လည်းဗျ။
“အခုလက်ရှိတော့ ကျနော်လည်း လေ့လာနေသေးတယ်ဗျ။ ဒီအပြင်မှာရှိနေတဲ့ အပြင်လောကသား အခြေအနေ တွေလေ။ အခုလောလောဆယ်တော့ ကျနော့်အနေနဲ့ ပြောလို့မရသေးဘူးခင်ဗျ။”
၈၈ မှာလည်း ပါခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံအပြောင်းအလဲမှာ လက်နက်ကိုင် လှုပ်ရှားနေတဲ့ အခန်း ကဏ္ဍတွေကရော ဘယ်လိုလဲ။
“အဲဒီ လက်နက်ကိုင် အခန်းကဏ္ဍကတော့ စွန့်ပစ်လို့မရတဲ့ အခန်းကဏ္ဍတခုပါပဲ။ ဒါကိုလည်း ဒီလက်နက် ကိုင် လမ်းစဉ်ကြီး တခုလုံးနဲ့တင်လည်း ပြုပြင်ပြောင်းလဲရမယ်လို့တော့ တချိန်တုန်းကတော့ ကျနော် ထင်ခဲ့တာပေါ့ လေ။ နောက်ပိုင်းမှာ ကျနော့်အတွေ့အကြံုအရ သိလာရတာကတော့ လက်နက် ကိုင်လမ်း စဉ်တခုထဲနဲ့ ကျတော့ လည်း အဆင်မပြေလောက်ဘူးလို့ ကျနော်ထင်တယ်ဗျ။ လက်ရုံးရည်၊ နှလုံးရည် ပူးတွဲပြီး လုပ်မှပဲ အဆင်ပြေ မယ်လို့ထင်တယ်။”
အဲဒါက ဘယ်တုန်းကစပြီး ပြောင်းလဲသွားတာလဲ။
“အသက်လည်းနည်းနည်းကြီးလာ။ ဒီဘက်မှာရှိတဲ့ ထောင်ထဲမှာနေခဲ့တဲ့ အတွေ့အကြံုလေးတွေပေါ့။ အပြင်က ကြားတဲ့ဟာလေးတွေနဲ့ နောက်ပြီးမှ လက်ရှိ ကမ္ဘာမှာဖြစ်ပျက်နေတဲ့ အခြေအနေ တွေပေါ့လေ။ ကျနော်တို့ ဒီလက်နက်ကိုင်အဖွဲ့အစည်းဘက်မှာလည်း စည်းလုံးညီညွတ်မှု မရှိကြတဲ့ဟာတွေကို ကျနော် အဓိကပြောချင် တာပေါ့။ ကျနော်တို့ ဒီထောင်ထဲမှာရှိတဲ့လူတွေ တော်တော်များများက ရင်ထဲမှာ ခံစားရတာ က၊ အဲဒါ တော်တော် ခံစားရတယ်ဗျ။ အဖွဲ့အစည်းတွေ အရမ်းများပြားပြီးမှ စည်းလုံးညီညွတ်မှု မရှိတဲ့ဟာ လေးတွေပေါ့ဗျာ။ အဲဒါလေးတွေကနေ အခြေခံတာပါပဲ။”
အေဘီအက်စ်ဒီအက်ဖ် ABSDF အဖွဲ့ဝင်အနေနဲ့ အဖမ်းခံရတာဆိုတော့ အခုရော ကိုယ့်ကိုယ်ဘယ်လိုထင် လဲ။
“အခုအချိန်ထိလည်း ကျနော် အေဘီရဲဘော်ဟောင်း တယောက် အနေနဲ့ပဲ ကျနော့်ကိုယ် ကျနော် ယုံကြည်ထားတယ်။ လက်ခံထားတယ်ဗျာ။”
ဆိုတော့ ABSDF အပေါ်ရော ဘာပြောချင်သေးလဲ။
“လက်ရှိ အေဘီမှာ ဘယ်သူတွေ ဘယ်လို တာဝန် ထမ်းဆောင်နေတယ်ဆိုတာ ကျနော် မသိရသေးဘူးဗျ။ ပြောလို့ရရင် ပြောပြပေးပါ။”
ကိုသံခဲက ဥက္ကဋ္ဌ အတွင်းရေးမှူး ကိုဆန်နီ၊ ကိုမျိုးဝင်းက ဒုဥက္ကဋ္ဌ။ ဆိုတော့ မျက်စိထဲမြင်လို့ရလား။ အဲဒါဘယ်လိုပြောချင်လဲ။
“မြင်လို့ရပါတယ်။ လက်ရှိ ABSDF ရဲ့ အခြေအနေကတော့ ကျနော် ကြားရသလောက်ကတော့ဗျာ ဒီထဲမှာ ပေါ့လေ။ လုပ်နေတာကိုင်နေတာလေးတွေ မဆိုးပါဘူး။ ကျနော် အေဘီအပေါ်မှာ လက်ရှိလည်း အေဘီ ရဲဘော်ဟောင်း တယောက်အနေနဲ့ လက်ခံထားတယ်ပေါ့လေ။ ကျနော်ကြားနေရ တာ ဒီအေဘီ ဆိုတဲ့ ဆိုင်းဘုတ်ကြီး မပျောက်ကွယ်သွားအောင် ဆက်လက်ထိန်းသိမ်းထားတာ သူတို့ကိုလည်း ကျေးဇူး တင် တယ်ဗျ သိလား။ ဆက်လက်ပြီးမှလည်း အေဘီကို ရှင်သန် ပေါက်ဖွားနေအောင်လို့ ဆက်လက်ထိန်းသိမ်း ထားနိုင်တာကိုလည်းကျေးဇူးတင်ပါတယ်။”
“အဖေကတော့ ကျနော့်ကိစ္စနဲ့ အလုပ်ပြုတ် တယ် ကြားပြီးမှ ကျနော် အဆက်အသွယ် လုံးဝ မရှိတော့ဘူး။ ကျနော့် မိသားစု ကျန်ခဲ့တဲ့ အမ တွေ ညီမတွေနဲ့ လည်း အဆက်သွယ် မရှိတော့ ဘူး ပျောက် သွားပြီဗျ။ သေတယ် ရှင်တယ်မသိဘူးပေါ့ဗျာ။ ကျနော့် အိမ်ကလည်း နောက် ပိုင်း ကလည်း ဘယ်သူ့မှ မသိဘူး။ အခု ကျနော် ထွက်မှ ပြန်စုံစမ်းရမှာပါ” |
ABSDF ကို အစိုးရကတော့ မတရားအသင်းလို့ ပြောထားတယ်။ အခု ကိုဖိုးခွား အဲဒီလိုမျိုးတွေ ပြောတဲ့ အခါကျတော့ အစိုးရက တခုခု လုပ်မှာ မစိုးရိမ်ဘူးလား။
“ဒါလည်း ကျနော် အရင်ကတည်းကလည်း ပြောခဲ့တယ်လေ။ ဘာလို့လည်းဆိုတော့ အဲဒီကိစ္စနဲ့ လည်း ကျနော်က ၁၇ (၂) ဆိုတဲ့ဟာနဲ့ ထောင်ကျတာကိုး။ မစိုးရိမ်ပါဘူး။ အခုလက်ရှိပဲ သူတို့ပေးတဲ့ ပြစ်ဒဏ် ကျနော်ကျခံပြီး ပြန်ထွက်လာပြီလေဗျာ။”
ပြစ်ဒဏ် လျှော့ပေးလိုက်တဲ့ အပေါ်မှာရော ဘယ်လိုခံစားရလည်း။ ဘယ်လိုမြင်လဲ။
“သူတို့ လျှော့မပေးလည်း ကျနော် လွတ်ခါနီးပြီဗျာ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ သူတို့ နိုင်ငံတော် တနှစ်ပေးတာရယ်၊ ဟိုး နဂိုကရထားတဲ့ လျှော့ရက်တွေနဲ့ အားလုံးပေါင်းလိုက်လို့ ရှိရင် ကျနော် ရှေ့နှစ် ထဲမှာ လွတ်မယ်ဗျ။၁၀ ရက်၊ ဒီဇင်ဘာမှာ ကျနော်လွတ်မှာ။ ၂၀၁၂ ခုနှစ် ၁၀ ဒီဇင်ဘာ။ ကျနော်လွတ် မယ့်ရက်။ အဲဒါ ကျနော့်ရက်ပဲ။၉၃ ကနေ ၉၈ မတ်လအထိ ရထားတဲ့ လျှော့ရက်တွေ ပေါ့လေ။”
အင်းစိန်ထောင်ထဲမှာ နီးနီးကပ်ကပ် သိတဲ့လူတွေ ဘယ်သူတွေ ကျန်ခဲ့သေးလည်းဗျ။
“ဉာဏ်ထွန်းလင်းလို့လည်း ခေါ်တယ် ဉာဏ်ကြီး- ရန်နိုင် ဗကသ နိုင်ငံခြားရေး ကော်မတီကလေ ကျန် တယ်၊ ညီညီထွန်း ကန္တရဝတီ ဂျာနယ်က အယ်ဒီတာ။ သော်ဇင်ထွန်း၊ ကောင်းမြတ်လှိုင်၊ စောနိုဘယ် တို့က ပိုက်ဆံမှာ ဆင်တံဆိပ်နေရာမှာ အန်တီစုပုံကိုထည့်ပြီးမှ ဖြန့်တယ်ဆိုပြီးမှ ထောင်ကျလာတဲ့ အမှုတွဲ နှစ် ယောက်ရှိတယ်၊ သက်နိုင်ဦးနဲ့။ နောက် သန်းနိုင်ဦးဆိုတာ မန္တလေး အန်အယ်ဒီက။ နောက် ရခိုင်အုပ်စု တွေ ကျန်သေးတယ်၊အောင်နိုင်တို့၊ ဇော်ထွန်းနိုင်တို့။ နောက် စက်တင်ဘာ ကိစ္စတုန်းက ကျခဲ့တဲ့ ဘုန်းကြီး ဦးဝါယမတို့၊ ဝိသုတ္ထိ၊ ကျန်သေးတယ်။ တိုက်ထဲမှာဆိုရင် လည်း သက်လှိုင်၊ မောင်မောင်မြင့်တို့ အများ ကြီးကျန်ပါတယ်။ သူတို့တွေ က နှစ်ကြီးတွေဗျ။ နေထားတဲ့ နေထားတွေက တယောက်ကို ၄-၅ နှစ်တော့ ရှိကြပြီပေါ။့”
လက်ရှိကျန်းမာရေး အခြေအနေ ပြောပြပေးပါလား။
“လိပ်ခေါင်း ခွဲရဦးမယ်ဗျ။ ကျနော်ထောင်ထဲမှာကတည်းက ခွဲစိတ်တင်ထားတာ ခွင့်ပြုချက်ကတော့ ကျပြီး ပြီ။ထုတ်ဖို့ မနေ့က ထုတ်မလား၊ ဒီနေ့ထုတ်မလားဆိုတာ၊ ဒီနေ့ထုတ်လာလို့။ မနေ့က လွတ်လာလို့။ ၁၄-၁၅ နှစ်လောက်ရှိပြီဖြစ်နေတာ။ ကိုယ့်ကိုကိုယ်တော့ ထိန်းတာပေါ့ဗျာ။ ခွဲစိတ်ဖို့ က ပထမ မခွဲစိတ်ချင် ဘူးပေါ့။ တဖြေးဖြေးနဲ့ ဆိုးဆိုးလာတော့ ခွဲစိတ်ဖို့တင်လိုက်တာ။ ဆေးတွေ ဘာတွေတော့ကောင်းကောင်း လေးပေး ပါတယ်။နောက်ပိုင်းမှာ။”
“ကျနော်တို့ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က ကိစ္စကို သိသေးလားမသိဘူး။ ကျနော်တို့ Hunger strike (အစာ ငတ်ခံဆန္ဒပြ) ဝင်တဲ့ကိစ္စလေ”
အဲဒါလေး ပြောပြပါဦး ခင်ဗျာ။
“ကျနော်တို့ ၁၇ ယောက်လေ။ ဉာဏ်ကြီးရယ်၊ ကောင်းမြတ်လှိုင်၊ သော်ဇင်ထွန်း၊ ဇင်လင်းရှိန်၊ နိုင်ဝင်း၊ ဇော်လတ်၊အောင်နိုင်၊ ဇော်ထွန်းနိုင်၊ ဝဏ္ဏဌေး ( ခေါ် ) ဝိသုတ္ထိ၊ စောနိုဘယ်၊ သက်နိုင်ဦး၊ သန်းနိုင်ဦး၊ ညီညီထွန်း၊ဦးတိလောက၊ အားလုံးပေါင်း သံဃာ သုံးပါးပါတယ်။ မေ ၂၂ ရက်နေ့က ဒီအင်းစိန်ထောင် ထဲမှာ အစာငတ်ခံ ဆန္ဒပြတယ်လေ။ ဒီနှစ်မှာ”
“ကျနော်တို့ demand (တောင်းဆိုချက်) က ခြောက်ချက်တင် တယ်။ စားရေးပေါ့လေ သူတို့ကျွေးနေတာ ထက်ပိုပြီးမှ နည်းနည်း ခေတ်မှီမှီလေး ကျွေးပေးဖို့ရယ်၊ အဝတ်အစားကိစ္စ အဝတ်ကို ပုံစံပေးတဲ့အဝတ် အစားက အရှက်လုံအောင် ပေးထားတာလေးလေ။ အရမ်းလည်းပါးတယ်။ အဲဒါလေးကို လူ့ဂုဏ် သိက္ခာနဲ့ ညီတဲ့ အဝတ်အစားတွေပေးဖို့၊ နောက် နေရေးကိစ္စမှာ ကျနော်တို့နေတဲ့ အခန်းတွေမှာ ဂျပိုးတွေ၊ ခြင်တွေ၊ အရမ်းများတာကောဗျ။ နောက် ကျနော်တို့ သာမန်-သီးသန့် အကျဉ်းသားတွေကို ထောင်ဝင်စာ တွေ့တဲ့ အခါမှာ နိုင်ငံခြားသားတွေ့သလိုမျိုး လွတ်လပ်စွာတွေ့ခွင့်ပေးဖို့။ နောက် စာရေးခွင့်တောင်း တယ်ဗျ။”
စာရေးခွင့်ဆိုတာ ဘာကိုပြောတာလည်း။ အပြင်ကိုဆက်သွယ်ခွင့်လား။
“ထောင်ထဲမှာနေပြီးမှ စာရေးခွင့်ပေါ့ဗျာ၊ ကြိုက်တဲ့စာရေးခွင့်ပေါ့ဗျာ။ (အပြင်ကိုဆက်သွယ်ဖို့ မဟုတ်ဘူး) ကိုယ့်ဟာ ကိုရေးဖို့၊ ဝတ္ထုပဲ ရေးရေး ဆောင်းပါးပဲရေးရေးပေါ့ဗျာ။ နောက် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား တွေကို သီးသန့် ထားပေးဖို့၊ အဲဒီ အချက် ခြောက်ချက်တောင်းတာ။”
“တောင်းတော့ ကျနော်တို့ကို ၁၇ ယောက်လုံးကို ၅ ဆောင်တိုက်ထဲမှာ ထည့်ထားလိုက်တယ်။ ပြင်ပနဲ့ အဆက် အသွယ်ဖြတ်တာပေါ့ဗျာ။ ၂၂ ရက်နေ့စတယ် ၂၃၊ ၂၄၊ ၂၅ ရက်နေ့ကျတော့ ကျနော်တို့ကို လာပြီးမှ ညှိနှိုင်းတဲ့ အဖွဲ့ရှိတယ်ဗျ။ အဖွဲပခေါင်းဆောင် ထွေအုပ်ဦးစီးဌာနညွှန်မှူး ဦးတင်သိန်း ဆိုတာ၊ နောက် အကျဉ်းဦးစီးဘက်က ဗိုလ်မှူးထွန်းစိုး၊ ခရိုင်ရဲမှူးရယ်၊ စသုံးလုံး ရယ်၊ ကျနော်တို့ကိစ္စတွေ သူတို့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်၊ ဘာညာဆိုတော့ဗျာ ကျနော်တို့ က သပိတ်လှန်ပေးလိုက်တာပေါ့။ သပိတ်လှန်ပေးပြီးမှ ကျနော်တို့ အားလုံး ၁၇ ယောက်ကို အဲဒီ (၅) ဆောင်တိုက်ထဲ ထည့်ထားလိုက်တယ်။”
“ကျနော်တို့တောင်းတဲ့အချက်တွေက အထက်အစိုးရပိုင်းကလည်း သိသွားတာကိုး။ သူတို့ရဲ့ ပြောကြား ချက်အရတော့ ဒုသမ္မတဦးတင်အောင်မြင့်ဦးအထိ ရောက်သွားတယ်လို့ ပြောတာပဲ။ ဟုတ်မဟုတ်တော့ ကျနော်တို့ မသိဘူး နော်။ ကျနော်တို့လည်း လူကြီးသိပြီဆိုတော့ ကျနော်တို့ လိုချင်တဲ့ အချက်ရ သွားပြီ လေ။ သပိတ်လှန်ပေးလိုက်တာ။ လူကြီးပိုင်းတွေက ကတိပေးတာကိုး။”
“၅ ဆောင်တိုက်ထဲ ထည့်ထားပြီးမှ ကျနော်တို့ရဲ့ လိုအပ်တဲ့ဟာတွေကို တော်တော်များများ ပေါ့လေ သူတို့ လုပ်ပေးပါတယ်။ (၅) ဆောင်တိုက်ကို သူတို့သေချာ ပြန်ပြင်ပေးတယ်လေ။ ရေလောင်းအိမ်သာတို့ ဘာတို့၊ အောက်က ကြွေပြားခင်းတာဘာညာ လုပ်ပေးပါတယ်။ ကျနော်တို့ ရောက်ပြီးကာမှ လုပ်ပေးတာ။ ဆေးဝါး ကုသတဲ့ အခါမှာလည်း အရင်နဲ့ မတူတော့ဘူးပေါ့ဗျာ။ ကျနော်တို့အတွက် သီးသန့်ပုံစံမျိုးလိုဖြစ် သွားတာ ပေါ့။ ကျန်တဲ့ တခြားဟာတွေကတော့ ထုံးစံ အတိုင်းပေါ့။”
"အပြင်ကကြားတဲ့ဟာလေးတွေနဲ့ နောက်ပြီးမှ လက်ရှိ ကမ္ဘာမှာဖြစ် ပျက်နေတဲ့ အခြေအနေ တွေပေါ့ လေ။ ကျနော်တို့ ဒီလက်နက်ကိုင် အဖွဲ့အစည်းဘက်မှာလည်း စည်း လုံးညီညွတ်မှု မရှိကြတဲ့ဟာ တွေကို ကျနော် အဓိက ပြောချင် တာပေါ့။ ကျနော်တို့ ဒီထောင်ထဲမှာ ရှိတဲ့လူ တွေ တော်တော်များများက ရင်ထဲ မှာ ခံစား ရတာက၊ အဲဒါ တော် တော် ခံစားရတယ်ဗျ။” |
ဒါဆို ကိုအောင်ကျော်စိုးတို့ ၁၇ ယောက် အတွက်ပဲ လုပ်ပေးတဲ့သဘောပေါ့။
“အဲဒီသဘောမျိုးဖြစ်သွားတယ်။ နောက်ပိုင်းကျမှ သိတာပါ။ အစကတော့ အားလုံးအတွက်ပဲ ဖြစ်တယ်လို့ ထင်တာ။ နောက်ပိုင်း ဒီကိစ္စကို ကျနော်တို့ စောဒကတက် တယ်လေ။ သူတို့အနေနဲ့ လည်း တဖြေးဖြေးနဲ့ ပြုပြင်ပြောင်းလဲ နေပါတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း ဝန်ခံပါတယ်။”
ထောင်ဝင်စာတွေ့တာ မလွတ်လပ်ဘူးဆိုတော့ ဘယ်လိုဖြစ်လို့လဲ။
“ကျနော်တို့က မှန်ခန်းနဲ့ တွေ့ရတယ်ဗျ။ တယ်လီဖုံးနဲ့ ပြောရတယ်။ နိုင်ငံခြားသားတွေကျတော့ သီးသန့် ဧည့်ခန်း ထဲမှာတွေ့ရတယ်ဗျာ။ ကျနော်တို့ကျတော့ လုံခြံုရေးက စာနဲ့လည်းလိုက်မှတ်တယ် နှစ်ယောက် (မှတ်တယ်)။ ဟိုဘက်၊ ဒီဘက်ပေါ့လေ။ ပြီးတော့ ဖုံးနဲ့လည်း ပြောရတယ်။ မလွတ်လပ်ဘူးပေါ့ဗျာ။ နိုင် ငံခြား သားတွေကျတော့ လွတ်လွတ်လပ်လပ် ပြောနေကြတာကိုး။ စင်ကာပူတို့၊ အမေရိကန်၊ တရုတ်၊ ထိုင်းတို့ အဲဒါတွေပေါ။့”
အဝတ်အစားက တစုံပဲပေးတာလား။
“အဝတ်အစားက စကျခြင်းတော့ နှစ် စုံဗျ။ နောက်ပိုင်းကျမှ ခြောက်လကိုု တစုံတစုံလဲပေးတယ်။ ခြောက် လ တစုံတစုံ လဲပေးတယ်ဆိုတာလည်း ကျနော်တို့ကျမှ လဲပေးတာပါ။ တခြားသူတွေကတော့ ထုံးစံ အတိုင်းပေါ့ မရဘူးပေါ့။”
ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ ဘယ်လိုစာမျိုးဖတ်ရလည်း။
“ဖတ်ခွင့်ရတယ်လေ။ သူတို့ လုပ်ထုံးလုပ်နည်းအရ စိစစ်တာဘာညာလုပ်နေတာနဲ့ သုံုးရက်တော့ ကြာတာ ပေါ့။ သူတို့ ထောင်ဝင်စာလာလို့ အိမ်ကသွင်းပေးတဲ့ ဂျာနယ်တွေပေါ့။ အများအားဖြင့် တော့ The Voice တို့၊ ပြည်သူ့ ခေတ်တို့၊ Weekly Eleven တို့။ အစိုးရထုတ်တဲ့သတင်းစာကျတော့ အကျဉ်းဦးစီးက ပေးတယ် လေ။ ကျနော်တို့ ဆို နေ့ခင်း ၁၂ နာရီလောက်ဆို စဖတ်ရပြီ။ ကျနော်တို့တိုက်ကို တစောင်ပေး ထားတယ်။”
တိုက်မှာ ဘယ်နှစ်ယောက်ရှိလဲ။
“ကျနော်တို့ (၅) ဆောင်တိုက်မှာ အားလုံးပေါင်း လွတ်သွားတာနဲ့ ဘာနဲ့ဆိုတော့ လက်ရှိ ကိုုးယောက်ပဲ ကျန်တယ်။ အရင်တုန်းက ကျနော်တို့ ၁၇ ယောက်မှာ ပထမ တယောက်လွတ်သွားတယ်။ ကျနော် တို့ လွတ်တဲ့လူဆို လေးယောက် ရှိသွားပြီပေါ့။ ကျန်တဲ့ ၁၃ ယောက်မှာ သုံုးယောက်က ထောင်ဆေးရုံ မှာ နှစ်ယောက်၊ အပြင်ဆေးရုံ မှာ တယောက်။ အပြင်ဆေးရုံမှာတက်နေတဲ့ ဇော်ထွန်းနိုင်ဆိုတဲ့ ရခိုင်က ဂရင်ဂျီနာခွဲတာဗျ။ ကျန်တဲ့ တိလောက ဆိုတဲ့ ဘုန်းကြီး ... ဆီးရောဂါ။ မျိုးကြီးဆိုတဲ့ ကောင်လေးကျတော့ သူက စိတ်ကျရောဂါပုံစံမျိုးဖြစ်နေတာ။”
ထောင်ထဲမှာ သံဃာတွေကို ဆက်ဆံတဲ့ပုံစံကရော ဘယ်လိုလဲ။
“အာ … လူလိုပါပဲ။”