အစိုးရသစ်ကြေငြာထားသည့်အတိုင်း အကျဉ်းသား ခြောက်ထောင်ကျော်လွှတ်ပေးခဲ့သော်လည်း သျှမ်း ခေါင်း ဆောင်များအနက် နိုင်ငံရေးအကျဉ်းသား ဗိုလ်ချုပ်ဆေထဲန့်တဦးတည်းသာ ပါလာကြောင်း သျှမ်းနိုင်ငံရေး အသိုင်းအဝိုင်းကပြောပါသည်။
“ဗိုလ်ချုပ်ဆေထဲန့် အခုလိုလွတ်မြောက်လာတာဝမ်းသာမိတယ်။ ဒါပေမယ့် ခွန်ထွန်းဦး၊ စိုင်းညွှန့်လွင်နဲ့ တခြားခေါင်းဆောင်တွေ လွှတ်ပေးတဲ့အထဲမှာပါမလာဘူး” - ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်ကပြောပါသည်။
ရခိုင်ပြည်နယ် စစ်တွေထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ကျခံထားရသည့် သျှမ်းပြည် တပ်မတော်(မြောက်ပိုင်း) ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့် ယနေ့ နံနက်ပိုင်း၌ ထောင် မှ လွတ်မြောက်လာသည်ဟု မိသားစု ဝင်တဦးက ပြောပါသည်။
“အဖေလွတ်မြောက်လာတဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ ကျမတို့မိသားစုက ရန်ကုန်လေဆိပ်က နေဘဲ စောင့်ကြိုတာ။ အဖွဲ့အစည်းကခေါင်း ဆောင် တွေတော့ စစ်တွေအထိ သွားကြိုတယ်လို့တော့ကြားတယ်။ ဒီည ရန်ကုန်မှာ တညနေမယ်။ မနက်ဖြန်လားရှိုးတက်မယ်။” ဟု သမီးဖြစ်သူ က ပြောပါသည်။
အလားတူ ဖခင်ဖြစ်သူနှင့်အတူ အဖမ်းခံရသော အခြားခေါင်းဆောင်များကိုလည်း အမြန်ဆုံးလွှတ်ပေးပါရန်နိုင်ငံတော် အစိုးရအား ဗိုလ်ချုပ်ဆေထဲန့်၏သမီးဖြစ်သူ နန်းခမ်းပေါင်းကပြောသည်။
“ ဒါပေမယ့် အဖေနဲ့အတူ အဖမ်းခံရတဲ့ သျှမ်းခေါင်းဆောင်တွေသတင်း ဘာမှမကြားရသေးတဲ့အတွက် စိတ်မကောင်းကြဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ အချင်းချင်း ဖေးဖေးမမ နေလာခဲ့ဖူးတဲ့လူတွေဆိုတော့နော်။ အခုလို အဖေ့ကိုလွှတ်ပေးတဲ့ နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်။ ကျန်တဲ့သျှမ်းခေါင်းဆောင်တွေ ကိုလဲ အမြန်ဆုံးလွှတ်ပေးဖို့ အလေးအနက်တောင်းဆိုချင်ပါတယ်ရှင့်”
SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး၏ ဇနီးဒေါ်ဝေဝေလွင်ကလည်း ဥက္ကဌကြီးနှင့်တပြိုင်နက် အဖမ်းခံရသူများ အနက် မည်သူများလွတ်မြောက်လာ၍ မည်သူများကျန်နေသည်ကို အသေးစိတ်မသိရသော်လည်း လွတ်မြောက်သူများ အနက် ဥက္ကဌကြီးမပါမချင်း မျှော်နေဦးမည်ဖြစ်ကြောင်းပြောသည်။
“လွှတ်မယ့်အကြောင်းလဲ ဒီဗီဘီ တီဗီကိုကြည့်မှသိရပါတယ်။ လွှတ်မြောက်လာတဲ့ စဝ်ဆေထဲန့်မိသားစုနဲ့လဲ မဆက်သွယ်ရတော့ သူတို့ ဘာတွေစီစဉ်မယ်ဆိုတာလဲ မသိရပါဘူး။ နိုင်ငံတော်အစိုးရကို တောင်းဆိုချင်တာ တခု ကတော့ ကျမတို့ SNLD ဥက္ကဌကြီး စဝ်ခွန်ထွန်းဦးကို လွှတ်ပေးစေချင်ပါတယ်။ သူဟာ အသက်လဲကြီး ပါပြီ။ ကျန်းမာရေးလဲ မကောင်းတဲ့ခါကျတော့ ဆေးကုခွင့်ရဖို့ လွှတ်ပေးစေချင်တယ်လို့တောင်းဆိုချင်ပါတယ်။ စဝ်ဆေထဲန့်လွှတ်မြောက်လာတဲ့အတွက်ဝမ်းသာပါတယ်။ ဥက္ကဌကြီးကိုလဲ မလွတ်မချင်းမျှော်နေမှာဘဲလို့ ပြော ချင်ပါတယ်”
အသက် ရ၇ နှစ် အရွယ်ရှိ ဗိုလ်ချုပ်ဆေထဲန့်သည် ၁၉၈၉ က သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အပစ် ရပ် ရေး၌ ဦးဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ် သျှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်းကို အကြောင်း ပြုပြီး စစ်အစိုးရက ပြည်ထောင်စုမှ ခွဲထွက်လိုမှုအပါဝင် အခြားအမှုပေါင်းများစွာစွပ်စွဲပြီး ထောင်ဒဏ် ၁၀၆ နှစ် ပစ်ဒဏ်ဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။ ယခုနှစ်ဦးပိုင်းမှာမူ ခန္တီးထောင်မှ စစ်တွေထောင် သို့ ပြောင်းလဲအကျဉ်းချရာမှ ယနေ့လွတ်မြောက်ချိန်အထိ ဖြစ်သည်။