ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ လုပ်ဆောင်ရမည့် ပထမအဆင့် ပဏာမလုပ်ငန်းစဉ်မှာ အချက် ၃ ချက် သာရှိကြောင်း အစိုးရနှင့် နီးစပ်သည့်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါ သည်။
ပထမအဆင့် ပဏာမလုပ်ငန်းစဉ် အချက် ၃ ချက်မှာ-
၁. နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမရှိရန်
၂. နှစ်ဖက်ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်
၃. မည်သည့်ဘက်မှဖြစ်စေ တဖက်ထိန်းချုပ်နယ်မြေထဲသို့ လက်နက်ယူဆောင် ဝင်ရောက်မည်ဆိုပါက ကြိုတင် အကြောင်းကြားရန် တို့ဖြစ်သည်။
ပဏာမလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းထူထောင်ပေးပြီး ဆက်လက် ဆွေးနွေးသွားမည်ဟု ဆို၏။
စက်တင်ဘာ ၆ ရက်နှင့် ရ ရက် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားတပ်ဖွဲ့တို့ အစိုးရကိုယ်စားလှယ်များနှင့် သဘောတူ လက် မှတ်ရေးထိုးခဲ့သည့် အချက် ၄ ချက်အနက် နှစ်ဖက်စလုံး ဆက်ဆံရေးကော်မတီများ အမြန်ဆုံး ဖွဲ့စည်းထူထောင်ရန် အချက်မှလွဲ၍ ကျန်အချက်များမှာ တူညီနေကြောင်း တွေ့ရသည်။ ထိုအချက်နှင့်ပတ်သက်၍ မိုင်းလားအရာရှိများနှင့် နီးစပ်သည့် ကုန်သည်တစ်ဦးက ဤကဲ့သို့ ရှင်းပြပါသည်။
“လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အခြေအနေ မတူဘူး။ UWSA နဲ့ NDAA ဒေသကို ဖွံ့ဖြိုး ရေးလုပ်ငန်း လုပ်ဖို့ အစိုးရနဲ့ ၁၉၈၉ ကတည်းကလုပ်လာပြီးသား။ ဒါကြောင့် နှစ်ဖက်ဆက်ဆံရေးကော်မတီအမြန်ဆုံးဖွဲ့ဖို့ ဆိုတဲ့အချက် သူတို့အဖွဲ့တွေမှာ ပိုလာတာ။”
သြဂုတ် ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာပါအချက်အရ မိုင်းလားတပ်ဖွဲ့နှင့် ဝ တပ်ဖွဲ့သည် ပဏာမ အဆင့် သဘောတူညီပြီး ယခုလဆန်းပိုင်း၌ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊ သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူတို့နှင့်လည်း ပဏာမအဆင့် ဆွေးနွေးရန် နှစ်ဖက်ကမ်းလှမ်းထားဆဲဖြစ်သည်။