စစ််ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင်

စစ််ဆင်ရေးနယ်မြေများသို့ အကျဉ်းသားများ ပို့ဆောင်
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့များတိုက်ပွဲ ဖြစ်ပွားရာ ဒေသများသို့ အစိုးရတပ်က အကျဉ်း သားများ ပို့ဆောင်နေသည်ဟု KIA က ပြောသည်။

ကွတ်ခိုင်မြို့နယ် အခြေစိုက် KIA တပ်မဟာ(၄) ဒေသများသို့ ယခု ရက်ပိုင်းအတွင်း အစိုးရတပ်ကတပ်အင် အားများ ပို့ဆောင်ရာတွင် အကျဉ်းသားများပါ၀င်သည်ဟု KIO တောင်ပိုင်းတိုင်းဒေသ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

“ကားသုံးစီးမှာ အကျဉ်းသားတွေ ပါလာတယ်။ ဒါပေမယ့် အခု ဘယ်ရောက်နေလဲဆိုတာ စုံစမ်းနေဆဲပါပဲ။ ကျနော်တို့ ခန့်မှန်းတာကတော့ ဒီစစ်ဆင်ရေးမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့ ထင်တယ်။ အဲဒီဖက်က အကျဉ်းသားတွေ ခေါ်လာစရာ အကြောင်း မရှိဘူးလေ။ လောလောဆယ်တော့ အဲဒီနေရာတွေက စစ်ဆင်ရေး နယ်မြေတွေပဲလေ။”

လွန်ခဲ့သည့် ငါးရက်ခန့်က လားရှိုးမှ စစ်ထရပ်ကား အစီး (၄၀) ခန့်သည် တိုက်ပွဲဖြစ်ပွားရာ  ကွတ်ခိုင်မြို့ ဖက်သို့ အင်အား ဖြည့်တင်းရန် ထွက်ခွာခဲ့ရာ အကျဉ်းသားများအား ကား(၃) စီးဖြင့် သီးသန့် တင်ဆောင်လာ သည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

“ကျနော်တို့လူတွေ ကိုယ်တိုင် မြင်တွေ့ပြီး သတင်းပို့ လာတာလည်း ရှိတယ်။ နောက်ပြီးတော့ မြင်လာတဲ့ ဒေသခံတွေက ပြောတာလည်း ပါတာပေ့ါ။ သူတို့ အကျဉ်းသားတွေ ဆိုတာတော့ သေခြာပါတယ်။ သူတို့ကို ကားပေါ်ကလည်း မဆင်းခိုင်းဘူး။ စစ်သားတွေက ကားလမ်း ဘေးတဖက် တချက်ကနေလမ်းလျှောက်သွား တယ်။ အဲဒီကားတွေက နောက်ကနေ တဖြည်းဖြည်း လိုက်သွားတယ်လို့ သတင်းရတယ်။”ယင်းကိစ္စ နှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

အလားတူ ယမန်နေ့ညက လားရှိုးမြို့မှ စစ်ထရပ်ကား (၁၀) စီးအား KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း(၂)၊ တပ်ရင်း (၉) နှင့် တပ်ရင်း (၈) တပ်ဖွဲ့များ  အခြေစိုက်ရာ မူဆယ်၊ ကွတ်ခိုင်၊ တာမိုးနဲ၊ ကွမ်လုံ၊ မန်တုံ မြို့နယ်များသို့ ထပ်မံ ပို့ဆောင်လာသည်ဟု သတင်းရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လောလောဆယ် KIA တပ်မဟာ(၄) ဒေသများအတွင်း ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း တိုက်ပွဲငယ်လေးများ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

တချိန်တည်းတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျပ်စစ် စီမံကိန်း အနီးတွင် KIA တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၁၅)နှင့် အစိုးရတပ်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဘွမ်ဆဲန်(ထုံးဘို) တပ်စခန်းအား ကာကွယ်ပေးထားသည့် စခန်းငယ်နှစ်ခုမှ အစိုးရ တပ်ဖွဲ့များ ဆုတ်ခွာသွားသည်ဟု သတင်းရကြောင်း ဒေသခံ အရာရှိ တဦးက အခုလို ပြောသည်။

“ကြားစခန်းတွေတော့ ဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့် ကြားစခန်း (၂) ခုကိုတော့ သူတို့ဖက်က မနေ့က ဆုတ်သွားတယ်လို့ သိရတယ်။”

ယင်းဘွမ်ဆဲန် စခန်းသည် လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က KIA နှင့် အစိုးရတပ်ဖွဲ့တို့ စတင်တိုက်ပွဲဖြစ်ပွား ရာ တောင်ကုန်းဖြစ်ပြီး အစိုးရတပ်မှ ဇွန်လ(၁၂) ရက်နေ့က သိမ်းပိုက်ထားသည့် စခန်းဖြစ်သည်။

ထို့အပြင် မိုးမောက်မြို့နယ် ရွာသစ်ကုန်းကျေးရွာ အနီးတွင်လည်း ယခုလ(၄) ရက်နှင့် (၅) ရက်နေ့များက နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဏဒ်ရာ ရရှိမှုကို မသိရ သေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

အလားတူ KIO ဌာနချုပ်ထိန်းချုပ်ရာ ၀ုိင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယမ် ကျေးရွာအနီး အစိုးရတပ်မှ ဗျူဟာမှူး ခင်မောင်ချို ဦးဆောင်သည့် တပ်ဖွဲ့ဝင်များအား  KIA တပ်ဖွဲ့များက လွန်ခဲ့သည့် တစ်ပတ်ခန့် ကတည်းက ၀ုိင်းဝန်း ပိတ်ဆို့ထားသလို  ယင်းတပ်ဖွဲ့များအား ကူညီရန်လာသည့် စစ်ကူ စစ်ကြောင်းများနှင့်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIO အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“ဗျုဟာမှူးအဖွဲ့က တော်တော်များများ ထိခိုက်ဒဏ်ရာရတာရှိတယ်။ အဲဒီထဲမှာ သေဆုံးတဲ့ သူတွေလည်း ပါသွားမယ်ထင်တယ်။ ဒါကတော့ မနေ့က ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ဖူးလေ။ တစ်ပတ်လောက်အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲအရပြောတာပါ။ ပိတ်မိနေတဲ့အထဲမှာ သူတို့ဒဏ်ရာရတဲ့သူက (၂၀) ကျော် ပါတယ်။ သေဆုံးတဲ့ စာရင်းတော့ မသိရသေးဘူးဗျ။”

ထို့အပြင် “အဲဒီဗျူဟာမှူး အဖွဲ့ကို စစ်ကူလာတဲ့ တပ်တွေက စစ်ကြောင်း သုံးကြောင်းလောက် ရှိတယ်။ အဲဒီအဖွဲ တွေနဲ့လည်း   နေ့တိုင်းလို ဖြစ်နေတာပဲ။ လားတပ်တွေနဲ့လည်း ဖြစ်နေတယ်။အားလုံးပေါင်းလိုက်ရင် တော့ ထိခိုက် ဒဏ်ရာရတာ (၄၀) နီးပါးတော့ ရှိလိမ့်မယ် ထင်ပါတယ်။” ဟု ဦးလနန်က ဆက်ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများအား ရဲဘက်စခန်းသို့ပို့ဆောင်ရန် အကြောင်းပြ ချက်ဖြင့် ခေါ်ထုတ်လာပြီး တိုင်းရင်းသား ဒေသများရှိ တိုက်ပွဲများတွင် အသုံးပြုလျက်ရှိသည်ဟု ယခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား ဒေသတိုက်ပွဲများမှ ထွက်ပြေးလွတ်မြောက်လာသည့်အကျဉ်းသား များက သတင်းဌာနများသို့ ပြောသည်။

KIO နှင့် စစ်အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ၂၀၁၁ ခုနှစ် ဇွန်လက တာပိန်ရေအားလျပ်စစ် စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။

Most read this week